Pages

Wednesday, January 14, 2015

လူငယ်နဲ့ခေတ်ရေစီး





 မဖြူဖြူကျော်
အသက် (၂၃) နှစ်
အလုပ်သင်ဆရာဝန်၊ ရန်ကုန်မြို

ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာ သူတို့ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေးဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာလူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီးအပြောင်းအလဲ အတက်အကျ တွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်းပုံစံကွဲလွဲမှု၊ ခေတ်ရေစီးအပြောင်းအလဲစတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြနေပါတယ်။

“ကိုယ်ဝါသနာပါလို့ လုပ်ခဲ့တဲ့အရာတွေကတချိန်ကျရင် ဘဝအတွက် အသုံးဝင်တယ်”

ကျမက အခုလက်ရှိ ဆေးတက္ကသိုလ်(၁) လက်အောက်မှာ အလုပ်သင်ဆရာဝန်အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။ ဆရာဝန်ဘွဲ့ရပြီးသွားရင် ကျမရဲ့ အနာဂတ်အစီအစဉ်က Orthopedic ဆိုတဲ့ အရိုးအထူးကုဘာသာရပ်ကို Specialize လုပ်ဖို့ပါ။ ကျမဘာလို့ အရိုးအထူးကု ဆရာဝန် ဖြစ်ချင်လဲဆိုတော့ အမှန်တိုင်းပြောရင် ဆေးကျောင်းတက်ခဲ့တာက ကိုယ့်ဘာသာကိုယ် ဆရာဝန်ဖြစ်ချင်လို့ မဟုတ်ဘူး။ ဆယ်တန်းပြီးတော့ အမှတ်တွေကောင်းလို့ မိဘတွေက ဆေးကျောင်းတက်ပါဆိုပြီး တက်ခိုင်းလို့တက် ဖြစ်ခဲ့တာ။ ကျမအစက တကယ်ဖြစ်ချင်ခဲ့တာက အင်ဂျင်နီယာတယောက်ပါ။

ဆေးကျောင်းတက်ရင်း Part II ရောက်တဲ့အထိ ကိုယ်ဘာဝါသနာပါလဲဆိုတာ သေချာမသိသေးဘူး။ အဲဒီမှာ ကျမ House Surgeon ဆင်းရင်းနဲ့ ထိခိုက်ဒဏ်ရာနဲ့ အရိုးအထူးကုဌာနမှာ တလ ဂျူတီဆင်းရတယ်။ အဲဒီမှာတွေ့ရတာက ခွဲခန်းမှာသုံးတဲ့ Instrument တွေ၊ စမ်းသပ်ပုံတွေက တခြားဘာသာရပ်တွေနဲ့ နည်းနည်းကွဲပြားခြားနားတယ်။ တူတွေ၊ လွှတွေ Implants တွေနဲ့ Surgical Procedures တွေက ကျမကိုတော်တော်ဆွဲဆောင်နိုင်ခဲ့တယ်။ အဲဒီမှာ ကျမတကယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုတွေ့ခဲ့တယ်။

ကျမအခု အလုပ်သင်ဆင်းရင်းနဲ့ အားတဲ့အချိန်တွေမှာ အရိုးပညာရပ်နဲ့ ပတ်သက်တဲ့ စာအုပ် တချို့ကို ဖတ်လေ့ရှိတယ်။ အခုကအလုပ်နဲ့ဆိုတော့ ကျောင်းတက်တုန်းကလောက်တော့ စာကိုမဖတ်နိုင်ဘူး။ ဆရာဝန်တယောက် ဖြစ်တဲ့အခါ လူနာတွေ အပေါ် ဘယ်လိုစိတ်မျိုးထားရှိရမယ်လို့ ကျမသတ်မှတ်ထားလဲ ဆိုတော့ ကိုယ့်ဘက်က အကောင်းဆုံးစေတနာပြည့်ပြည့်နဲ့ လုပ်ပေးလိုက်ဖို့ပဲ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ အဲဒီလိုပဲကျမယူဆထားပါတယ်။

ဆရာဝန်တယောက်ဖြစ်လာအောင် ဆယ်တန်းတုန်းကဘယ်လိုကြိုးစားခဲ့လဲဆိုတော့ ကျမကစာကို အရမ်းဖိပြီး မနက်ရော၊ ညရောစာဆိုပြီးလုပ်ခဲ့တာမျိုးမဟုတ်ဘူး။ ကျူရှင်တွေတော့ တက်ရတယ်။  Study Guide မရှိခဲ့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲအိမ်မှာပုံမှန်စာကြည့်တယ်။ စာကိုTime Tableနဲ့ ကြည့်တာမျိုး မဟုတ်ဘဲ ကိုယ်စိတ်ပါတဲ့ ဘာသာကို စိတ်ပါတဲ့အချိန်မှာ ကြည့်တယ်။ အဓိကကတော့ အရမ်း Stress များမနေဖို့နဲ့ စာကိုပုံမှန်လေး လုပ်သွားဖို့နဲ့ မိဘရဲ့ပံ့ပိုးမှုနဲ့ ဂရုစိုက်မှုကလည်းအရေးပါပါတယ်။

ကျမဆယ်တန်းဖြေပြီးတော့ နိုင်ငံခြားမှာကျောင်းသွားတက်မယ်ဆိုပြီးစာမေးပွဲတွေဖြေဖို့ လုပ်ခဲ့သေးတယ်။ အဲဒီမှာ အိမ်ကမိသားစုမှာ ဆရာဝန်မရှိသေးတော့ မိဘတွေက ကျမကိုဆရာဝန်ဖြစ်စေချင်တယ်။ အဲဒါကြောင့် ကျမဆေးကျောင်းကိုရွေးချယ်ခဲ့တယ်။ ဆေးကျောင်းကိုဒီအတိုင်းတက်ခဲ့ပေမယ့် ဝါသနာမပါဘူးလားဆိုတော့ မဟုတ်ဘူး၊ လူနာတွေကို တကယ်လက်တွေ့ ကုသမှုတွေ ပြုလုပ်တဲ့အချိန်မှာ စေတနာပါလာပြီး ဒီအလုပ်မှာ ကိုယ်တကယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုတွေ့ခဲ့တယ်။

ကျမရဲ့ ငယ်ဘဝရည်မှန်းချက် စိတ်ကူးကအမျိုးမျိုးပဲ၊ အင်ဂျင်နီယာ ဖြစ်ချင်လိုက်၊ Professional Violinist  ဖြစ်ချင်လိုက်နဲ့။ ဆယ်ကျော်သက်အရွယ်မှာ သိပ္ပံနဲ့ အာကာသကို စိတ်ဝင်စားတော့ အာကာသယာဉ်မှူး တယောက် ဖြစ်ချင်ခဲ့တယ်။  အဲဒီတုန်းက ကျမက မျက်မှန်တပ်ရတော့ မဖြစ်နိုင်ဘူးဆိုရင် Aerospace Engineer  ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးရှိခဲ့ဖူးတယ်။ ကလေးဆိုတော့ ကျမရဲ့ရည်မှန်းချက် စိတ်ကူးက အဲဒီအချိန်က တောင်ရောက် မြောက်ရောက် အမျိုးမျိုးပဲ။ အခုအချိန်မှာတော့ ကျမရည်မှန်းချက်က တခုပဲ။ အဲဒါက အရိုးအထူးကုဆရာဝန် ဖြစ်အောင်လုပ်မယ်။ လူနာတွေကိုသေသေချာချာဆေးကုပေးမယ်။

ကျမရဲ့ ဝါသနာတွေကMusic အပိုင်းမှာဆိုရင် များသောအားဖြင့် Rock,Metal, Country Music တွေကို ကြိုက်တယ်။ ကျမ ၆ တန်း၊ ၇ တန်းလောက်တုန်းက Violin စ တီးတယ်။ တက္ကသိုလ်ရောက်တော့ ဆက်မသင်ဖြစ်ဘူး၊ သေချာလည်း အချိန်ပေးပြီး Training ကောင်းကောင်း ဆက်မလုပ်တော့ Professional အဆင့်တော့ မဟုတ်ဘူး။ ဝါသနာရှင်အဆင့်လောက်တော့ တီးနိုင်တယ်။ ကျောင်းမှာပွဲတွေ ဘာတွေရှိရင် သူငယ်ချင်းတွေ စုပြီးဖွဲ့ထားတဲ့ Band နဲ့ တီးဖြစ်တယ်။
ကျမအားကစားမှာဝါသနာပါတာ Hiking& Mountaineering။ အဲဒါကြောင့် ကျမခြေလျင် တောင်တက် အားကစားကို ပထမနှစ်ကတည်းကစလုပ်ဖြစ်တယ်။
ပထမဆုံးရေခဲတောင်အတွေ့အကြုံအဖြစ် ၂၀ဝ၉ ခုနှစ်၊ ကချင်ပြည်နယ်မှာ ဖုန်ကန်ရာဇီ ရေခဲတောင်ကို အမျိုးသမီးခြေလျင်တောင်တက်အသင်းနဲ့ အတူ ကျမ တက်ခဲ့တယ်။ တခြားတောင်တက်ခရီးစဉ်တွေအနေနဲ့ ပုပ္ပား၊ ကလော၊ မိုးကုတ်၊ ချင်းပြည်က ဝိတိုရိယတောင် စသဖြင့် တက်ခဲ့တယ်။

နောက်တခု ကျမဝါသနာပါတာက လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတအလုပ်တွေကိုလုပ်ရတာပါ။ အခုကျမက House ဆင်းနေတာဆိုတော့ သိပ်မအားလပ်လို့ ပရဟိတအလုပ်တွေ မလုပ်ဖြစ်တာတော့ ၃၊ ၄ လ ရှိပြီ။ ပရဟိတအနေနဲ့  First year အခုထိလုပ်ဖြစ်နေတာက Medical Volunteer ပါ။ တပတ်တခါ၊ နှစ်ပတ်တခါ သန်လျင်၊ ဒလ၊ ရွှေပြည်သာ၊ ပဲခူးစတဲ့ နယ်ဘက်တွေကိုသွားပြီး Free Medical Service (အခမဲ့ဆေးပေး ဝန်ဆောင်မှုစနစ်) နဲ့ Free Mobile Clinic တွေမှာ ကူပါတယ်။

ကျမ Part II တက်နေတုန်းက အဆိုတော် Jason Mraz မြန်မာနိုင်ငံကိုလာတယ်။ အဲဒီမှာ MTV EXIT (လူကုန် ကူးမှု တိုက်ဖျက်ရေးအဖွဲ့) က လူငယ်တွေကိုခေါ်ပြီး Education နဲ့ Entertainment ပေါင်းတဲ့ Program တခုမှာ ဂီတနဲ့ လူမှုရေးလုပ်ငန်းတွေကို ဝါသနာပါတဲ့ လူငယ်တွေ အများကြီးပေါင်းပြီး သီချင်းတွေရေးတာ၊ ပြဇာတ်တွေ ကတာတွေ လုပ်ခဲ့တယ်။

ပြီးတော့  ကျမ Yangon Youth Forum 2013 နဲ့ ASEAN Youth Forum 2014 မှာ  ဖြစ်မြောက်ရေးကော်မတီ Program Coordinator အနေနဲ့လည်းလုပ်ခဲ့ဖူးတယ်။ ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ASEAN Future Leader Summit 2013 မှာ မြန်မာနိုင်ငံ လူငယ်ကိုယ်စားပြုအနေနဲ့ တက် ရောက်ခဲ့တယ်။ ၂၀၁၄ ခုနှစ် အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Global Youth Meet 2014 ကိုလည်း တက်ရောက်ခဲ့တယ်။

အခုခေတ်လူငယ်တွေအပေါ် ကျမရဲ့ ကိုယ်ပိုင် အမြင်ပြောရရင် လူငယ်တိုင်းကတော့ ကိုယ့်ဘဝအတွက်ကိုယ် အားလုံးကြိုးစားနေကြတဲ့သူတွေပါ။ ကျမလူငယ်တွေကို အဓိကပြောချင်တာက ကိုယ်ဝါသနာပါတဲ့ အလုပ်တခုကို လုပ်ချင်စိတ်အရမ်း ပြင်းပြနေတဲ့အခါ အဲဒီအလုပ်က ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်ဘူး၊ သူများကိုလည်း မထိခိုက်ဘူးဆိုရင် လုပ်သာလုပ်လို့ပြောချင်တယ်။ ကျမဆိုရင် တယောထိုးတာ၊ တောင်တက်တာကို အရင်က အိမ်ကသိပ်အားမပေးဘူး။ ဒါပေမယ့် ကိုယ်ဝါသနာပါလို့ လုပ်ခဲ့တဲ့အရာတွေက တချိန် ကျရင် ကိုယ်ကြိုးစားရင် ကြိုးစားသလို ကိုယ့်ရဲ့ဘဝအတွက် အသုံးဝင်တယ်။

အဲဒီတော့ ကိုယ့်အတွက် တိုးတက်မယ်ထင်ရင် တခြား ဘေးစကားတွေကို ဘာမှ နားမယောင်ဘဲ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို ယုံကြည်ချက်ရှိရှိနဲ့ ရှေ့ဆက်ပြီး ကြိုးကြိုးစားစားလုပ်ဆောင်ပါလို့ အကြံပြုချင်ပါတယ်။

သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျနယ် အတွဲ ၂ အမှတ်စဉ် ၂ မှ ကူးယူဖော်ပြသည်"

1 comment:

  1. Very good. The change in Burma had seen liberated free flows of ideas, not-afraid-to-present your ideas, far cry from the ages of 40 years ago, stone age under dictatorial suppression of General Ne Win. I had seen the young generations brought up and bred in dictatorial system of Burma in Foreign soil. Being myself away from Burma for 3 decades, I was very encouraged to see and hear the variety of topics and educational related ideas came out from the new products of Burma. This is what we need in contemporary Burma. The youth must hold the task to find the truth related to the oneself and surrounding. Intrepid and courage to correct the wrong, self propelled esteem and ability to present own view across the board are benefit of freedom. Well done and congratulation to Ma Phyu Phyu and today youths of Burma.

    ReplyDelete