Pages

Friday, January 30, 2015

“ဧည့်ခန်းတခန်းမှာ ပြက္ခဒိန်တခုထက် ပန်းချီကားတချပ်ရှိတာက ပိုအဓိပ္ပါယ်ရှိပြီးလှပတယ်လို့ ခံယူထားတယ်"



ဓာတ်ပုံ - တင်ထက်ပိုင်/ဧရာဝတီ

ချိုဝတ်ရည်လွင် (ကလောင်အမည်- စုသဲမွန်)
အသက် (၂၉) နှစ်
စာရေးဆရာမ ၊ ရန်ကုန်မြို့။

ကျမကအခုလက်ရှိ ‘စုသဲမွန်’ ဆိုတဲ့ ကလောင်နာမည်နဲ့ ဝတ္ထုတိုလေးတွေ ရေးပါတယ်။ ဇာတ်ညွှန်းကိုတော့ ချိုဝတ်ရည်လွင်ဆိုတဲ့ နာမည်နဲ့ ရေးပါတယ်။ ပြီးတော့ ဦးသူရ (လူရွှင်တော် ဇာဂနာ) တို့ထုတ်တဲ့ ‘စုံနံ့သာ’ မဂ္ဂဇင်းမှာအယ်ဒီတာအနေနဲ့ အလုပ်လုပ်နေပါတယ်။

ကျမက တဖက်က စာလည်းရေးသလို တဖက်မှာလည်း ဝါသနာအရ Documentary တွေ ရိုက်ဖြစ်နေတယ်။ လက်ရှိ Truth Fiction ဆိုတဲ့ Short Film ဇာတ်ကားတကား ရိုက်ထားတယ်။ Truth Fiction က တကယ့် ဖြစ်ရပ်မှန်ကိုရသနဲ့ ပေါင်းစပ်ြပီးရိုက်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံရသဇာတ်လမ်းပါ။

အဲဒီဇာတ်လမ်းလေးကကျမအဖေ နိုင်ငံရေးမှုနဲ့ အကျဉ်းကျတုန်းက ကျမညီမလေးက (၃)နှစ် အရွယ်နဲ့ ကျန်ခဲ့ပြီးကျမတို့ မိသားစုလေးယောက်မှာ ညီမလေးက အဖေ့ကိုလွမ်းရင်းနဲ့ ကဗျာစပ်တဲ့ အကြောင်းကိုကျမကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး Yangon Film School မှာ ဒါရိုက်တာခင်မြန်မာနဲ့ အတူကျမက Assistant Director အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်။

ကျမ စာရေးတဲ့အလုပ်ကို လုပ်ဖြစ်ခဲ့တာ၊ ကျမအဖေထောင်ကျခဲ့လို့ စာရေးဆရာမတယောက် ဖြစ်လာခဲ့တာပါ။ ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ‘ကလျာ’ မဂ္ဂဇင်းမှာ “ကြယ်ကြွေည” ဆိုတဲ့ ဝတ္ထုတိုလေးကို ‘စုသဲမွန်’ ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေလောကထဲကိုကျမစရောက်ခဲ့တယ်။

ကျမအဖေက “မောင်လွင်မွန်(ကသာ)” ကလောင်နာမည်နဲ့ စာရေးပါတယ်။ အဖေအဖမ်းခံခဲ့ရတဲ့အချိန်မှာ ကျမကရှစ်တန်းကျောင်းသူအရွယ်ပါ။ အဖေက “မြန်မာနိုင်ငံရဲ့ စီးပွားရေးစစ်တမ်းအခြေအနေအမှန်” ကိုဦးမျိုးမြင့် ဆိုတဲ့ သူနဲ့ ပေါင်းပြီးအင်္ဂလိပ်လိုရေးခဲ့လို့ ထောင်ကျခဲ့တာပါ။ အဲဒီတုန်းကအဖေကရိုးမဘဏ်ရဲ့ မန်နေဂျာအဖြစ် အလုပ် လုပ်နေတာ။

အဲဒီမှာ YIT ကျောင်းသားနှစ်ယောက်ကဘဏ်မှာအလုပ်လာလျှောက်ရင်းအဖေ့စာအုပ်ကိုတွေ့သွားပြီး ကြိုက်လို့ ကော်ပီကူးပြီးတဖက်ကိုပို့လိုက်တော့ ဒီစာအုပ် ဘယ်ကရတာလဲဆိုပြီးအဖေ့ကိုလာဖမ်းတယ်။ အဲဒီမှာရိုးမဘဏ် မန်နေဂျာဆိုပြီးအဖေအဖမ်းခံလိုက်ရတယ်။ အဲဒီတုန်းကအဖေကအလုပ်တဖက်နဲ့ဆိုတော့ အဖေ နိုင်ငံရေး လုပ်နေမှန်း ကျမမသိခဲ့ဘူး။ ရုတ်တရက်ကြီးထောင်ကျသွားတယ်ဆိုတော့ မိသားစုထဲမှာ တော်တော်လေး အခက်အခဲဖြစ်ခဲ့ရတယ်။

အမှန်တော့ အဖေက “၈၈ နိုင်ငံရေးလှုပ်ရှားမှု” တွေမှာလည်းပါဝင်ခဲ့တယ်။ အဲဒီတုန်းက ကျမက သုံးနှစ်အရွယ် အရမ်းငယ်သေးတော့ မသိခဲ့ဘူး။ အဖေထောင်ကျသွားတဲ့အချိန်က ၁၉၉၈ ခုနှစ်၊ ကျမရှစ်တန်းကျောင်းသူအရွယ်ပေါ့။ အဲဒီမှာကျမဆယ်တန်းပြီးတော့ အဖေ့ကိုထောင်ဝင်စာ သွားတွေ့တယ်။
အဲဒီအချိန်မှာကျမကဆယ်တန်းအောင်သွားပြီ၊ ဘာလုပ်ရမှန်းလည်းမသိတော့ အဖေ့ကိုမေးတယ်။ အဖေကအိမ်ရဲ့ စီးပွားရေးအခြေအနေအမှန်ကိုမသိတော့ ကျမကိုသင်တန်းတွေ တက်စေချင်တယ်။ ကျမကရှစ်တန်း၊ ကိုးတန်း လောက်ကတည်းကစာရေးရတာကိုဝါသနာပါတယ်။ ကိုယ်တိုင် ကာတွန်းလေးတွေ ရေးတယ်။ အဲဒီမှာအဖေက “ငါ့သမီးစာရေးပါလား” ဆိုပြီးပြောတော့ ကိုယ်တိုင် “ကြယ်ကြွေည” ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ် ရေးပြီး ကလျာ မဂ္ဂဇင်းကို စပို့ဖြစ်ခဲ့တာပါ။

အဲဒီဝတ္ထုလေးကကျမအဖေအကြောင်းကိုရေးထားတာ၊ ကိုယ့်ရဲ့ ခံစားချက်ကိုရေးတာဆိုတော့ အဖေ့ကိုလွမ်းပြီးရေးခဲ့တာ၊ ကြယ်လေးတပွင့်ကိုဒေါ်အောင်ဆန်းစုကြည်နဲ့ တင်စားပြီး ကြယ်လေးတပွင့် ကြွေသွားတဲ့အခါမှာဆုတောင်းပြည့်တယ်ပေါ့။ တကယ်လို့ ကြယ်လေးတပွင့် ကြွေသွားတဲ့အခါ ဘာဆုတောင်းချင်လဲဆိုတော့ “အဖေအမြန်ဆုံးထောင်ကလွတ်လာပါစေ” ဆိုပြီးဆုတောင်းချင်တယ်၊ အဲဒီအကြောင်းလေးကိုရေးထားတာပါ။
အဲဒီတုန်းကကလောင်ကို “စုသဲမွန်” ဆိုပြီးရွေးဖြစ်ခဲ့တာက ‘စု’ က အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)ကိုချစ်လို့၊ မွန်ကအဖေ့နာမည် မောင်လွင်မွန်(ကသာ)က“မွန်” ကိုပါချင်လို့ အဲဒီကလောင်နာမည်ကိုရွေးဖြစ်ခဲ့တာပါ။ အဖေထောင်ကလွတ်လာပြီးနောက်ပိုင်းမှာကျမစာပေနယ်ပယ်ထဲမှာထဲထဲဝင်ဝင် စာတွေရေးဖြစ်ခဲ့ပါတယ်။

ကျမရဲ့ဝါသနာနောက်တခုအနေနဲ့ဆိုရင် Documentary ရိုက်ရတာဝါသနာပါတယ်။ အခြေအနေပေးရင် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ချင်တယ်။ လုပ်ပြီးဖန်တီးတာမျိုးမဟုတ်ရင် တကယ့်အဖြစ်အပျက်တွေကို မြန်မာပြည်ရဲ့ Culture တွေနဲ့ ပေါင်းစပ်ပြီး ဖြစ်ရပ်မှန်အခြေခံတဲ့ ဇာတ်လမ်းတိုလေးတွေ ရိုက်ချင်ပါတယ်။

ကျမရည်မှန်းချက် ပန်းတိုင်ကလုံးချင်းဝတ္ထုရေးချင်တယ်။ လက်ရှိမှာတော့ ကျမက “မွေးနေ့သစ်ကိုအိပ်မက်ခြင်း” နဲ့ “ထွေးပိုက်အိပ်မက် နှင်းဆီ” ဆိုပြီးဝတ္ထုတိုပေါင်းချုပ် နှစ်အုပ်ထွက်ထားတယ်။ ကျမအခုမဂ္ဂဇင်းတွေမှာ ဝတ္ထုရှည်တွေ ရေးနေတယ်။ လုံးချင်းကိုတော့ မစနိုင်သေးဘူး။ ကျမရဲ့ လတ်တလောရည်မှန်းချက်ပန်းတိုင်ကိုပြောပါဆိုရင် လုံးချင်းဝတ္ထု ကောင်းကောင်းတအုပ်ကျမရေးချင်တယ်။ အဲဒါကိုအကောင်အထည်ဖော်ဖို့ ကျမ ကြိုးစားရဦးမယ်။

ကျမက ဒီဇိုင်းကိုလည်းဝါသနာပါတယ်။ ဒီဇိုင်းကိုဝါသနာပါဖြစ်ခဲ့တာကတော့…ပြောရမယ်ဆိုရင် ကျမဘဝက အချိုးအကွေ့တော့ တော်တော်များတယ်။ “စုသဲမွန်” ဖြစ်စတုန်းကကျမအသက်က ၁၈ နှစ်ပေါ့နော်၊ အခုကကျမရဲ့ စာရေးသက်ကဆယ်နှစ်ကျော်ပြီဆိုတော့ လုံးချင်းတအုပ်ကတော့ ထုတ်သင့်ပြီပေါ့။ ဖြစ်ချင်တော့ ကျမဘွဲ့ရသွားပြီးတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ Indonesia Textile ဆိုတဲ့ အမျိုးသမီး အတွင်းခံဝတ်တွေချုပ်တဲ့ စက်ရုံမှာ Pattern တွေဆွဲတဲ့ ဒီဇိုင်နာအနေနဲ့ ငါးနှစ်အလုပ်လုပ်ခဲ့တယ်။

ကျမကအနုပညာမှာဆိုရင် ပန်းချီတွေချစ်တယ်၊ မြတ်နိုးတယ်။ ပန်းချီဆွဲရတာကိုဝါသနာမပါပေမယ့် ပန်းချီပြခန်းတွေဆို ကျမပုံမှန်သွားကြည့်တယ်။ ဧည့်ခန်းတခန်းမှာ ပြက္ခဒိန်ရှိတာထက်စာရင် ပန်းချီကားတချပ်ရှိတာ ပိုပြီး အဓိပ္ပါယ်ရှိပြီး လှပတယ်လို့ ကျမက ခံယူထားတယ်။
ကျမ Inspire ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် ကျမရဲ့ အဖေ၊ ပြီးတော့ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ပါ။ အန်တီစုရဲ့ ပြောစကားတွေ၊ ဆောင်ပုဒ်တွေကိုကျမကြိုက်တယ်။ ကျမအဖေကကျတော့ အစစအရာရာ အရှေ့ကနေ သွန်သင်ပြီး ကျမဖြစ်ချင်တဲ့အရာတွေကိုငယ်ငယ်ကတည်းကလမ်းညွှန်ပြသခဲ့တယ်။ ကျမကိုစိတ်ညစ်တိုင်းလည်းအမြဲအားပေးတယ်။ စာရေးဆရာတယောက်အနေနဲ့လည်း အဖေ့ကိုလေးစားတယ်။

ကျမကဘယ်လိုစာပေအမျိုးအစားတွေ ဖတ်ရတာ နှစ်သက်လဲဆိုတော့ သုတစာပေထက် ရသစာပေကို ဖတ်ရတာ ပိုအားသန်တယ်။ ကျမဖတ်ဖြစ်တဲ့ စာအုပ်တွေကစာရေးဆရာမမိုးမိုး(အင်းလျား)၊ ဆရာမ ဂျူး၊ ဘာသာပြန်ဆိုရင် စာရေးဆရာမောင်ထွန်းသူတို့ ရေးတဲ့ စာအုပ်တွေပါ။ ဆရာမ မိုးမိုး(အင်းလျား) ဆို ကျမလေးလည်း လေးစားရတဲ့ ဆရာမ တယောက်ပါ။

အခုနောက်ပိုင်း စာပေနဲ့ အနုပညာကဏ္ဍတွေမှာလည်းလူငယ်တွေပါဝင်လာတာနဲ့ ပတ်သက်ပြီးကျမအမြင် ပြောရရင်အရမ်းကောင်းပါတယ်။ အရင်တုန်းကနဲ့စာရင် အခုနောက်ပိုင်းမှာလူငယ်တွေ စာပေလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လာတာတွေ့ရတယ်။လူငယ်စာရေးဆရာတွေ များလာတယ်။ စာပေဟောပြောပွဲတွေ မှာလည်းလူငယ်တွေကိုယ်တိုင် တက်ပြောတာ၊ ဝင်ရောက်ဆွေးနွေးတာတွေကိုပါ တွေ့လာရတာ အရမ်းကောင်းတယ်။ သူတို့ကို ကျမအားပေးတယ်။

အခုခေတ် လူငယ်တွေ စာဖတ်နည်းလာတဲ့အပေါ် ကျမအမြင်ပြောရရင် ဆိုရှယ်မီဒီယာတွေ အသုံးများလာတာနဲ့ လည်းဆက်စပ်နေတယ်လို့ မြင်မိတယ်၊ အခုနောက်ပိုင်းက Facebook အရမ်းသုံးလာကြတယ်။ ပြီးတော့ စာအုပ်ဖတ်မယ် ဆိုရင်လည်းအင်တာနက်ကနေ E-book တွေ Download ဆွဲပြီးဖတ်လာလို့ ရတဲ့အခါ ကျတော့ စာအုပ်ဆိုင်ကနေ ဝယ်ဖတ်တာ၊ အငှားဆိုင်တွေကနေငှားဖတ်တာတွေထက်စာရင် Online ပေါ်ကနေဖတ်ကြတယ်။  စာဖတ်မယ်ဆိုပြီး Online တက်တယ်၊ နောက်တော့ စာမဖတ်ဖြစ်ဘဲ Facebook သုံးတာ၊ ဂိမ်းဆော့တာ၊ Chatting ဝင်တာနဲ့ပဲ အချိန်ကုန်သွားတာများတယ်၊ အဲဒီလိုမျိုးပေါ့။

နောက်ပြီးအခုနောက်ပိုင်းမှာကစာအုပ်စာပေထက်ကို Entertainment နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေက ပိုများတာ တွေ့ရတယ်။ ဥပမာ- သီချင်းဆိုပြိုင်ပွဲတွေ၊ စသဖြင့်ပေါ့။ အဲဒါတွေကြောင့် လူငယ်တွေ စာဖတ်နည်းတာလို့ ကျမ မြင်မိတယ်။ စာအုပ်ရောင်းအားတွေ ကျတယ်ဆိုတာကလည်းလူငယ်တွေ စာဖတ်နည်းသွားတာရယ်၊ စာအုပ် အရောင်းဆိုင်တွေ၊ အငှားဆိုင်တွေ နည်းသွားတာတွေကြောင့်လည်းပါတယ်လို့ မြင်တယ်။

လတ်တလောကျင်းပပြီးသွားတဲ့ နိုဘယ်-မြန်မာစာပေပွဲတော်ဆိုရင် အောင်အောင်မြင်မြင်နဲ့ ကျင်းပသွားနိုင်တာ တွေ့ရတယ်။ အဲဒီပွဲမှာစာအုပ်တွေလည်းတအားရောင်းရတယ်ကြားတယ်။ လူငယ်တွေလည်းစိတ်ဝင်တစားနဲ့ လာကြတာတွေ့ရတယ်။ အခုလိုစာအုပ်ချစ်တဲ့သူတွေ၊ စာပေမြတ်နိုးတဲ့ သူတွေအတွက် ဒီလိုစာပေပွဲတော်တွေ ပေါ်ပေါက်လာတာအရမ်းကောင်းတယ်။ ဒီလိုမျိုးစာပေပွဲတော်တွေ များများလုပ်ပေးတာဟာ လူငယ်တွေ စာအုပ်စာပေကိုပိုပြီးစိတ်ဝင်စားလာနိုင်တယ်လို့ ကျမမြင်ပါတယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၅ မှကူးယူဖော်ပြသည်"










No comments:

Post a Comment