Pages

Monday, January 26, 2015

“အဲဒီခလုတ်ကိုတချက်လေးဖွင့်မိတာနဲ့တခန်းလုံးလင်းသွားလိမ့်မယ်”


ခေတ်တိုင်းခေတ်တိုင်းမှာလူငယ်ဆိုတာသူတို့ဖြတ်သန်းရတဲ့ခေတ်အခြေအနေ၊ကြုံတွေ့ရတဲ့စီးပွားရေး၊နိုင်ငံရေးဘယ်လိုပဲကွာခြားကွာခြားမျှော်လင့်ချက်တွေ၊လန်းဆန်းတက်ကြွမှုတွေနဲ့နောင်တချိန်မှာလူကြီးဖြစ်ဖို့အားယူနေ ကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲအတက်အကျတွေ တပါတည်းပါလာတတ်စမြဲဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေပြောတဲ့စကားတွေကနေတဆင့်ဒီနေ့ခေတ်ဘဝနေနည်းပုံစံကွဲလွဲမှု၊ခေတ်ရေစီးအပြောင်းအလဲစတာတွေကိုလေ့လာပြီးသူတို့ရဲ့အသံတွေကို The Irrawaddy ကအပတ်စဉ်ဖော်ပြနေပါတယ်။



ဓာတ်ပုံ - သီဟတိုး / The Irrawaddy


 လင်းထက်
အသက် ၂၃ နှစ်
တေးရေးဆရာ
Business Diploma
(FBS-Focus Business School) ရန်ကုန်မြို့။

ကျနော်က သီချင်းတွေရေးတဲ့ တေးရေး အလုပ်လုပ်တယ်။ လက်ရှိမှာ
ကျနော်ကြော်ငြာသီချင်းတွေ ရေးတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သီချင်းတွေ လှုပ်ရှားနေတယ်။ သီချင်းခွေတွေမှာMusic နဲ့ ပတ်သက်တဲ့ Arrangement တွေကျနော်လုပ်နေတယ်။ သီချင်းရေးတဲ့ အလုပ်ကတော့ကျနော့်ရဲ့ အဓိက Majorပေါ့။

ကျနော့်ရဲ့အနာဂတ် အိပ်မက်စိတ်ကူးက အောင်မြင်တဲ့ တေးရေးဆရာတယောက် ဆိုတာထက်ပိုပြီး ပြည့်ပြည့်စုံစုံပြောရရင်တော့ Musician တယောက်၊ အောင်မြင်တဲ့ဂီတပညာရှင်တယောက် ဖြစ်ချင်တယ်။ ကျနော်က ဂီတဖန်တီးခြင်းအလုပ်တွေကို ပိုပြီးစိတ်ဝင်စားတယ်။ ကျနော်ကိုယ်တိုင် ရေးထားတဲ့သီချင်းတွေကို ကျနော်ကိုယ်တိုင်ဖန်တီးချင်တယ်၊ အဲဒါလေးကကျနော့်စိတ်ကူးပါ။

ကျနော် ကိုးတန်းကျောင်းသားဘဝလောက်မှာ သီချင်းစရေးခဲ့တာ။ အဲဒီတုန်းက ကျနော်တို့ ကျောင်းသားဘဝမှာ သူငယ်ချင်းတွေချည်း စုဖွဲ့ထားတဲ့ “Ice Cream” ဆိုတဲ့ Bandလေးတခုရှိတယ်။ အဲဒီ Band မှာ ကျနော်က Drumအဓိကတီးတယ်။ Drumတီးနေရင်းနဲ့မှ သီချင်းတွေလိုတယ်။ သီချင်းတွေ ရေးကြရင်းနဲ့ ကျနော်ရေးတဲ့ သီချင်းလေးက အဖွဲ့မှာသုံးဖြစ်တယ်။ အဲဒီကစပြီး ကျနော်သီချင်းရေးတာကို စပြီးစိတ်ဝင်စားလာတယ်။

နောက်ပိုင်းမှာ ကျနော်သီချင်းတွေ တောက်လျှောက်ရေးတယ်။ အဲဒီမှာ ဆီးဂိမ်းအားကစားပြိုင်ပွဲကြီး ရောက်လာတယ်။ ဆီးဂိမ်းမစမီကတည်းက ကျနော်က ကိုယ့်သီချင်းလေးကို ကွင်းကြီးထဲမှာဆိုရမယ်ဆို ကောင်းမှာပဲဆိုတဲ့မျှော်လင့်ချက်လေးတော့ရှိတယ်။ဒါပေမယ့်မမျှော်လင့်ရဲဘူး။ကိုယ်လေးစားရတဲ့တေးရေးဆရာတွေလည်းအများကြီးရှိတယ်။နောက်တခုက ကိုဓီရာမိုရ်လည်း ရှိတော့သူလုပ်မယ်ပဲ ထင်ထားတာ။ ဒါပေမယ့် ဆီးဂိမ်းပွဲကြီး အနီးကပ်လာတော့ ပြိုင်ပွဲကြီးတခုလုပ်တယ်။

အဲဒီမှာ ကျနော်စိတ်ဝင်စားသွားပြီး ဝင်ပြိုင်ရင်း ကျနော်မထင်ထားဘဲ သီချင်းပေါင်းမြောက်မြားစွာထဲကနေ အရွေးခံရတယ်။အဲဒါကျနော့်အတွက်ပထမဦးဆုံးဆုလည်းဖြစ်တယ်။ကျနော့်အတွက်ပိုပြီးအားဖြစ်လာတယ်။ အဲဒီကနေတဆင့် နောက်ပိုင်းမှာ ကျနော့်အတွက် အများကြီးအခွင့်အလမ်းတွေရလာတယ်။

အဲဒီသီချင်းလေးမှာလည်း ကိုထူးအယ်လင်း၊ မဆုန်သင်းပါရ်၊ ကိုဓီရာမိုရ်၊ ဒါရိုက်တာတွေ သရုပ်ဆောင်တွေ ကော အားလုံးက အားစိုက်ထည့်ပြီးလုပ်ပေးကြတဲ့အတွက်“ရောင်စုံဥယျာဉ်”ဆိုတဲ့ ဆီးဂိမ်းသီချင်းလေးက ပြည်သူတွေကြားမှာတကယ်ပေါက်သွားတယ်။ ဒီသီချင်းကို ကျနော်လေးစားရတဲ့ ဂီတပညာရှင် ကိုဓီရာမိုရ် ကိုယ်တိုင် Arrange လုပ်ပေးတဲ့အတွက် ကျနော်အရမ်းအားရကျေနပ်မိတယ်။ ကျနော်သီချင်းရေးတဲ့ပိုးက အဲဒီမှာစခဲ့တာပေါ့။

Music အပြင်တခြားဝါသနာပါတာတော့ ကျနော်အားကစားမှာ ရေကူးရတာဝါသနာပါတယ်။ Music ထဲမှာ ကျနော်ဘယ်ဂီတကိုကြိုက်လဲဆိုရင်အခုချိန်ထိတော့ ကျနော် Music ကို ဘောင်ခတ်ထားတာမျိုး မရှိဘူးဗျ။ ကျနော့်အရှေ့မှာရှိခဲ့တဲ့ နောင်တော်အစ်ကိုဆရာတွေ ကိုယ်တိုင်ကိုက အဲဒီလိုမျိုးဘောင်ခတ်ထားတာမျိုး မတွေ့ရဘူး။ နောက်တခုက Music ဆိုတာအရမ်းကျယ်ပြန့်တယ်။ ကျနော်တို့က အဲဒီကျယ်ပြန့်မှုကို သာမလိုက်နိုင်တာ။ဥပမာ - Hip Hop၊ Rap၊ Classic၊ Rock သူ့ဂီတအမျိုးအစားနဲ့သူ၊သူ့သက်တမ်းနဲ့သူရှိတယ်။

Musicကိုဘယ်ဂီတကိုကြိုက်လဲမေးရင်ကျနော်ကတော့ခံစားလို့ရတဲ့ အတိုင်းအတာ ပေါ်မူတည်တယ်။ Music ကို ကျနော်က ခံစားမှုရသအများဆုံးပေးနိုင်တဲ့ အရာ၊ ကျနော်ကအဲဒီလိုပဲခံယူတယ်။ Hip Hop သီချင်းကောင်း တပုဒ်ကကျနော့်ကိုခံစားမှုရသကောင်းတခုပေးနိုင်သလို Rock သီချင်းကလည်း ကျနော့်ကို ခံစားမှုရသ ကောင်းပေးနိုင်တယ်။

ကျနော်လက်ရှိလုပ်နေတဲ့ဂီတကတော့ Rock ဂီတအမျိုးအစားပါ။ Hip Hop ဂီတကိုတော့ ကျနော် မလုပ်တတ်လို့မလုပ်တာ။ ဒါပေမယ့် ကျနော်ခံစားပေးလို့တော့ရတယ်။ အခု ဗိုလ်ချုပ် ရာပြည့်မွေးနေ့ မတိုင်ခင်ထွက်ရှိမယ့်“ဗိုလ်ချုပ်အောင်ဆန်းနှစ်၁၀ဝ ပြည့်တေးသီချင်းသစ်များ” တေးစီးရီးအခွေမှာလည်းကျနော့်ရဲ့“အောင်ဆန်းမျိုးဟေ့ မြန်မာ”ဆိုတဲ့သီချင်းပါတယ်။

အဲဒီအခွေမှာ ပါဝင်ဖြစ်တာတော့ ဦးသူရ (လူရွှင်တော်ဇာဂနာ) တို့စီစဉ်တဲ့ “လွတ်လပ်ခြင်းအနုပညာ” ဆိုတဲ့ပွဲမှာ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့သီချင်းတွေပြိုင်ပွဲရှိတယ်ဆိုပြီးကျနော်ဝင်ပြိုင်ဖြစ်တာ။ ပထမကကျနော်ဆီးဂိမ်းမှာ ဆုရပြီးပြီဆိုတော့နောက်ထပ်ပြိုင်ပွဲတွေထပ်မပြိုင်တော့ဘူးဆိုပြီးတွေးထားတာ။ဒါပေမယ့်အဲဒီပြိုင်ပွဲမှာရွေးချယ်ခံရရင်ပေးမယ့် ဆုကအန်တီ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်ပေးမယ့်ဆုဆိုတော့ ကျနော် ဝင်ပြိုင်ဖြစ်သွားတာပါ။

ကမ္ဘာမှာအန်တီပေးတဲ့ဆုဆိုတာလက်ချိုးရေလို့ရသေးတဲ့အနေအထားတခုဆိုတော့ကျနော်ဝင်ပြိုင်လိုက်တယ်။သီချင်းကိုတကယ်အားစိုက်ပြီးရေးခဲ့တယ်။အဲဒီမှာကျနော်အရွေးခံရပြီးဆုရခဲ့တယ်။အခုလိုဗိုလ်ချုပ်နှစ်တရာပြည့်အခွေမှာပါဝင်ခွင့်ရတဲ့အတွက်အရမ်းဝမ်းသာပါတယ်။ ဒါကလည်းသမိုင်းမှာမှတ်တိုင်တခုပဲလေ။ ဒီသမိုင်းမှာ ကျနော်ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းလည်းဝမ်းသာသလိုဦးသူရ (ဦးဇာဂနာ) တို့ကိုလည်းအရမ်းကျေးဇူးတင်တယ်။

ကျနော် Inspire ဖြစ်တဲ့ထိပ်ဆုံးပုဂ္ဂိုလ်က ပြောရရင် လူသားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပါ။ ဗိုလ်ချုပ်ရဲ့ ရိုးသားမှုကတော့ ကြောက်ခမန်းလိလိပါပဲ။ နောက်တယောက်ကတော့ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ပါ။ အန်တီစုက အပြောနဲ့အလုပ် ညီအောင်လုပ်နိုင်တဲ့သူမျိုး၊ အမှားနည်းအောင်နေတဲ့သူမျိုးလို့ကျနော်မြင်တယ်။ လူဆိုတာအမှားနဲ့တော့မကင်းကြဘူး။ ဒါပေမယ့်အမှားနည်းအောင်နေနိုင်တဲ့သူကခပ်ရှားရှား။ ဒါကြောင့် ကျနော်အန်တီစုကို Inspire ဖြစ်တယ်။ အန်တီ့ရဲ့ထက်မြတ်မှုမျိုးကိုလည်း ကျနော်သဘောကျတယ်။

Music လောကမှာဆိုရင်တော့ ကျနော်အရမ်းတန်ဖိုးထား အားကျရတဲ့ပုဂ္ဂိုလ်ဆိုရင် ကိုဓီရာမိုရ်ပါ။ ကျနော့်ဆရာဆိုလည်းဟုတ်တယ်၊အစ်ကိုလိုလည်းလေးစားရတယ်။တခြားသူတွေလည်းအများကြီးရှိတယ်။ပြောရင်တော့မကုန်ဘူး။ ဒါပေမယ့်ကျနော် Music လောကမှာတော့ အထူး အားကျလေးစားရတာကတော့ ကိုဓီရာမိုရ်ပါ။

ကျနော်လက်ရှိမှာ ဘယ်လိုကြိုးစားနေလဲဆိုတော့ အစတုန်းက Challenges တွေများတယ်။ အသိုက်အဝန်းတခုကို ရောက်လာတဲ့အချိန်မှာ၊ ကျနော်လူငယ်တွေကို ပြောချင်တာက ကျနော်တို့က အစပိုင်းမှာ အမှောင်ခန်းတခန်းမှာ ရောက်နေတယ်။ ကျနော်တို့ အဓိကရှာရတာခလုတ်တခုပါ။ အဲဒီခလုတ်က မှောင်မှောင်မည်းည်းထဲမှာရှာရတာသိပ်မလွယ်ဘူး။ အဲဒီခလုတ်ကိုဖွင့်မိဖို့လိုပါတယ်၊ အဲဒီခလုတ်ကို တချက်လေးဖွင့်မိတာနဲ့ တခန်းလုံးလင်းသွားလိမ့်မယ်။ တကြိမ်တခါတော့ ကျနော်တို့ အခွင့်အရေးတခုကို စောင့်ရပါမယ်။ အခွင့်အရေးဆိုတဲ့အရာတွေကို ကျနော်တို့က အမိအရယူနေရတာပေါ့။

အခု ဒီ၂၀၁၅ဆိုတဲ့ ဒီမိုကရေစီခေတ်ကာလ အချိန်အခါကို ရောက်လာတဲ့အချိန်မှာ ကျနော်တို့ လူငယ်တွေ အတွက် အခွင့်အရေး၊ အခွင့်အလမ်းတွေလည်းပေါလာပြီ။ အဲဒါကြောင့် လူငယ်တွေကို အခွင့်အရေးကို လက်မလွှတ်ဘဲ ကြိုးစားကြပါလို့ ကျနော်အားပေးတိုက်တွန်းပြောချင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ နယ်ပယ်ကဏ္ဍအသီးသီးမှာ ကြိုးစားနေကြတဲ့လူငယ်တွေအပေါ် ဘယ်လိုမြင်လဲဆိုတာအခွင့်အလမ်းတွေအရင်ကနဲ့မတူတော့ဘူး။အများကြီးပြောင်းလဲတိုးတက်လာတယ်။အခွင့်အလမ်းတွေများလာတယ်ဆိုတဲ့အပေါ်မှာ Wayတခု၊ Platform တခုတော့ရလာပြီ။ အဲဒီလမ်းကြောင်းပေါ်ကို ပြေးဖို့တော့လိုတယ်။

အလုံးစုံ၊ဘက်ပေါင်းစုံကနေကျနော်တို့တိုင်းပြည်ပွင့်လင်းလာတယ်လို့တော့ကျနော်မဆိုလိုဘူး။ ဒါပေမယ့်အနည်းအကျဉ်းတော့ အခွင့်အရေးအလင်းရောင်ခြည်တွေ ကျနော်တို့ရနေပြီ။ အဲဒါကို ကျနော်တို့ အသုံးချတတ်ဖို့ပဲလိုတယ်။ အရင်တုန်းကဘာမှမရှိတာထက်စာရင် မရှိဘူးလို့ ပြန်ပြောနေမယ့်အစား ရှိတဲ့ အလင်းရောင်အနည်းငယ်ကိုအသုံးချပြီးရှေ့ဆက်သွားမယ်ဆိုရင် တိုင်းပြည်အတွက်ပိုပြီးအဆင်ပြေမယ်လို့ ကျနော် မြင်တယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၄ မှ ကူးယူဖော်ပြသည်"

No comments:

Post a Comment