Pages

Thursday, February 5, 2015

သံစဉ်စုံတဲ့ ဂီတညနဲ့အတူ Orchestra for Myanmar


ဓာတ်ပုံများ -  တင်ထက်ပိုင်/ ဧရာဝတီ

“သံစုံတီးဝိုင်း” လို့ ဆိုလိုက်တာနဲ့ မျက်လုံးထဲမှာတယောတွေ စန္ဒယားတွေတီးခတ်နေတဲ့ ဂီတပညာရှင်တွေနဲ့ အရှေ့မှာ သူတို့ကိုလမ်းညွှန်ပေးနေတဲ့ ဂီတမှူးရဲ့စိတ်ဝင်စားစရာ ကောင်းတဲ့ လက်ဟန်နဲ့ အမူအရာတွေကို မြင်ယောင်လာမှာပါ။ မြန်မာနိုင်ငံမှာ သံစုံတီးဝိုင်း ဖျော်ဖြေပွဲတွေ သိပ်မတွေ့ရတဲ့အတွက် ရှားရှားပါးပါး Orchestra for Myanmar တီးဝိုင်း ဖျော်ဖြေပွဲကိုတော့ မရောက်မဖြစ် သွားရောက်ခဲ့ပါတယ်။

Orchestra for Myanmar သံစုံတီးဝိုင်းအဖွဲ့ကို ဂီတပညာရှင် Sebastian See-Schierenberg က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး သူဟာ ၂၀၁၃ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ ဖျော်ဖြေပွဲတွေ၊ လူငယ် ဂီတပညာရှင်တွေအတွက် ဂီတသင်တန်းအခွင့်အလမ်းတွေအပြင် ရန်ကုန်၊ ကြည့်မြင်တိုင် မျက်မမြင် ကလေးကျောင်းက ကလေးတွေအတွက် တယောသင်တန်းတွေ ပို့ချပေးနေတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဂျာမန်၊ တရုတ်နဲ့ အင်္ဂလန် ကပြားလူမျိုး ဖြစ်ပြီး ဂျာမန်သွေးပါတဲ့အတွက် ဂီတမှာ ပါရမီပါတာ အံ့သြစရာတော့ သိပ်မရှိပါဘူး။ ဂျာမန်လူမျိုး တော်တော်များများဟာ ဂီတမှာ ထူးချွန်တတ်ကြပါတယ်။

Orchestra for Myanmar ရဲ့ ပွဲဦးထွက် ဖျော်ဖြေပွဲအတွက် Sebastian က လူငယ်တွေကြား ဂီတကို အတူတူဖန်တီးကြရင်း ခင်မင်ရင်းနှီးမှုနဲ့ နားလည်မှုတွေ တိုးပွားစေဖို့ ရည်ရွယ်ချက်နဲ့ မတူကွဲပြားတဲ့ ကျောထောက်နောက်ခံ အသီးသီးက တိုင်းရင်းသားလူငယ်တွေ၊ အခြားနိုင်ငံတကာကဂီတပညာရှင်တွေနဲ့အတူ လေ့ကျင့်ခဲ့ကြပါတယ်။

 


Gitameit Music Center ၊ Attachment of Clouds (AOC) Orchestra ၊ Myanmar Institute of Theology ၊ Kachin Seminary College ၊ Yangon Baptist Church စတဲ့ သင်တန်းကျောင်းကဂီတပညာရှင် လူငယ်လေးတွေဟာ သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံလေးတွေ ၀တ်ပြီးတီးခတ် ဖျော်ဖြေပေးခဲ့တာကို တွေ့ရတဲ့အတွက် လုပ်နေကျ ဂီတဖျော်ဖြေပွဲတွေမှာလို အနက်ရောင်တွေချည်း ၀တ်ကြတာနဲ့စာရင် အမြင်မှာ နည်းနည်းလေး ထူးခြားနေပါတယ်။

ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဂီတစာဆို ဓိရာမိုရ် ရေးဖွဲ့ထားတဲ့ “ရိုးရာအလှ” သီချင်းကိုစောင်းပညာရှင် ဒေါ်ချိုသက်တင်က တီးခတ်ဖျော်ဖြေပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ဂီတစာဆို စန္ဒယားလှထွဋ္ဋ် ရေးဖွဲ့သီကုံးခဲ့တဲ့ “ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ်” တေးသီချင်းကို ဓိရာမိုရ်က ဦးဆောင်ညွှန်ပြပေးပြီး Orchestra for Myanmar မှ ဂီတပညာရှင်တွေက တီးခတ် ဖျော်ဖြေခဲ့ပါတယ်။

အထူးခြားဆုံးနဲ့ အကြိုက်ဆုံး တီးခတ်မှုကတော့ မြန်မာသီချင်း “နဂါးနီ” ကိုတီးခတ်မှုပါပဲ။ အဲဒီ့ တေးသွား တီးခတ်နေတဲ့အချိန်မှာ နားထောင်နေကြတဲ့ မြန်မာလူမျိုးတွေဟာသီချင်းရဲ့ စာသားတွေကိုတောင် လိုက်ပြီးရွတ်ဆိုနေကြပါတယ်။ တေးသွားပြီးသွားတဲ့အချိန်မှာ လက်ခုပ်သံတွေလည်း တဖြောင်းဖြောင်းပါပဲ။
မြန်မာသံစဉ်တွေကို သီချင်းစာသားတွေမပါဘဲ သံစုံတီးဝိုင်းသံစဉ်တွေနဲ့ နားထောင်ရတာဟာအရသာတမျိုးပါပဲ။

ဖျော်ဖြေပွဲမှာအားလုံးပေါင်းတေးသီချင်း ၁၂ ပုဒ် ဖျော်ဖြေတီးခတ်ပေးခဲ့ပြီး နောက်ဆုံးပိတ် အနေနဲ့တော့ နာမည်ကျော် Coldplay အဖွဲ့ရဲ့ Viva la Vida သီချင်းကိုတီးခတ်ပြီး International School Yangon (ISY) မှ ကလေးတွေက မြန်မာနိုင်ငံအလံလေးတွေ၊ ဖဲကြိုးလေးတွေ ကိုင်ဆောင်ပြီးစင်ပေါ်ကိုပြေးတက်လို့ မြူးမြူးကြွကြွလေး ပိတ်သိမ်းခဲ့ပါတယ်။

ပွဲပြီးမှ သတိထားမိလိုက်ရတာကတော့ အမျိုးသားကဇာတ်ရုံရဲ့ အထပ်နှစ်ထပ်လုံး ပွဲကြည့်ပရိသတ် အပြည့်ဖြစ်နေတဲ့အပြင် လူတော်တော်များများဟာ ထိုင်ခုံနေရာမရလို့ မတ်တပ်ရပ် ကြည့်နေကြတာပါပဲ။ လူကြီး၊ လူငယ် အရွယ်စုံပါပဲ။ လူငယ်တွေ အများကြီးတွေ့ရတဲ့အတွက်လည်း ၀မ်းသာမိပါတယ်။           

ဂီတဆိုတာဟာ နိုင်ငံတကာယဉ်ကျေးမှုတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလာဖျော်ဖြေတဲ့ နိုင်ငံတကာ သံစုံတီးဝိုင်း အဖွဲ့တွေဟာ အခုနောက်ပိုင်းစောင်းနဲ့ ဆိုင်းဝိုင်းလို မြန်မာ့ရိုးရာတူရိယာတွေ ထည့်သွင်း တီးခတ်လာကြတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ တူရိယာတခုချင်းစီရဲ့ သံစဉ်တွေကိုရော၊ မတူတဲ့ တူရိယာတွေ ပေါင်းစပ် တီးခတ်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ သံစဉ်တွေကိုရောနားဆင်နိုင်တဲ့ ဒီလိုမျိုး သံစုံတီးဝိုင်း ဖျော်ဖြေမှုတွေဟာသီချင်းစာသားတွေနဲ့ ခံစားမှုကိုမဖော်ညွှန်းပေမဲ့ သံစဉ် အတက်အကျတွေနဲ့ ခံစားမှု အနိမ့်အမြင့်ကိုပီသစေပါတယ်။ အဲဒီလိုမျိုး သံစုံတီးဝိုင်းပွဲတွေ မကြာခဏ ခံစား နားဆင်ရဖို့ လည်း မျှော်လင့်မိပါတယ်။


တင်ထက်ပိုင်

No comments:

Post a Comment