Pages

Tuesday, March 24, 2015

အရေးအခင်းဖြစ်ရပ်မှန်တွေရိုက်ဖို့ ဒီအစိုးရလက်ထက်မှာ မလွယ်သေးဘူး



ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) (ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy)

မြန်မာပြည်ရဲ့ စစ်အစိုးရလက်ထက်မှာကတည်းက ဒီကနေ့ထက်ထိတိုင်အောင် ဖြစ်ပွားနေခဲ့ ဖြစ်ပွားနေဆဲ အဓိကရုဏ်းတွေ အရေးအခင်းတွေရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က ပြန်လည်ရိုက်ကူးချင်ပေမယ့်လည်း လက်ရှိ အစိုးရလက်ထက်မှာ ရိုက်ကူးဖို့မလွယ်နိုင်ဘူးလို့ ဧရာဝတီကိုပြောပါတယ်။

ဒါက ဘာကြောင့်လဲ။

“ဒီအစိုးရလက်ထက်မှာ ရိုက်ဖို့မလွယ်ပါဘူး။ သိတဲ့အတိုင်းပဲလေ။ ပေါ်တင်မလုပ်လည်း ဒိုင်လျှိုလုပ်မှာပဲလေ။ အဲ့တော့ မလွယ်သေးပါဘူး။ အခြေအနေအချိန်အခါ တခုကို ရောက်ရှိတဲ့အချိန်ကျရင်တော့ ရိုက်ဖြစ်လိမ့်မယ်ထင်ပါတယ်။ လွတ်လပ်တဲ့အချိန်ပေါ့။ လုပ်ဖို့ရည်ရွယ်ချက် ရှိပါတယ်။ ရိုက်ချင်စိတ်ရှိပါတယ်။” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဆိုတာပါ။

ပူပူနွေးနွေးလတ်တလောမှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ လက်ပတ်အနီ ကိစ္စကို ရိုက်ဖို့ဆိုရင် ဒီ့ထက်ပိုပြီးအသေအပျောက်များခဲ့တဲ့ ၈၈ အရေးအခင်း သမိုင်းက ပိုကြီးတဲ့အတွက် အဲ့ဒါကို အရင်ရိုက်ရပါလိ့မ်ဦးမယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာ မြန်မာပြည်ရဲ့ အဖြစ်အပျက်အမှန်တွေကို ပြက်လုံးထုတ် သရော်တတ်တဲ့ နှင်းဆီအငြိမ့်ကို ဖန်တီးတင်ဆက်နေသူလည်းဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်တုန်းကနဲ့ သိပ်ထူးမခြားနား ဖြစ်နေသေးတဲ့ ခုတမျိုး တော်ကြာတမျိုးဖြစ်နေတဲ့ မြန်မာပြည်ကြီးရဲ့ ခေတ်တွေ စနစ်တွေ အရာရာပြောင်းလဲလာပြီဆိုရင်တော့ မြန်မာပြည်ရဲ့ ဖြစ်ရပ်မှန်အရေးအခင်းဇာတ်လမ်းတွေ အတော်များများ ကြည့်လာရဦးမယ်ထင်ပါတယ်။ ၈၈ အရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ လက်ပန်းတောင်းအဖြစ်အပျက်၊၂၀၁၅ ကျောင်းသားသပိတ် စတဲ့စတဲ့ ကိစ္စရပ်တွေအပြင် အသေးအဖွဲ့ အရာလေးတွေကလည်း မနည်းမနောပေကိုး။

ဒါမျိုးဖြစ်ရပ်မှန်တွေကို အစစ်အမှန်အတိုင်း ကြည့်ချင်တယ်ဆိုရင်တော့  စိတ်ရှည်လက်ရှည်နဲ့ သည်းခံစောင့်စားကြပါဦးလို့ ပြောရပေါင်းတွေလည်းများနေတော့ အားတော့နာမိပါရဲ့….။

1 comment:

  1. All Burmese citizens know all the real events....we don't need to watch the movie.

    ReplyDelete