Pages

Monday, April 27, 2015

ကံမမြို့နယ်တွင်းကကျေးရွာတချို့ ရေအခက်အခဲကြုံတွေ့နေရ


ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy

မကွေးတိုင်း၊ ကံမမြို့နယ်အတွင်းက ကျေးရွာတချို့မှာ သောက်ရေသုံးရေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေပြီး ရေအလှူရှင်တွေလိုအပ်နေတယ်လို့ သိရပါတယ်။

ရေပြတ်လပ်မှု အဆိုးဆုံးကြုံတွေ့နေရတဲ့ ကျေးရွာတွေကတော့ ပြည်-ကံမ ကားလမ်းဘေးက  သက္ကကယ်မြောင်၊ ပေပင်၊ ပယ်ကျနဲ့ အလယ်ချောင်းရွာတွေမှာတော့ သောက်ရေရောသုံးရေပါ လုံးဝ ပြတ်တောက်သွားပြီး၊ ဒါန်းကိုင်း၊ ပြောင်ကျ၊ သစ်မယ်ဇီ၊ လိန်တုံး၊ ညောင်ကိုင်း၊ ထောက်ကြံကွင်း ကျေးရွာတွေမှာတော့ ရေရှားပါးမှုတွေဖြစ်ကာ သောက်ရေတွေ အဓိက လိုအပ်နေတာပါ။


“တိရိစ္ဆာန်ကျွဲနွားတွေ သောက်ဖို့မပြောနဲ့ လူတောင် သောက်စရာရေမရှိလို့ အလှူရှင်တွေပဲ မျှော်နေရတယ်။ မိုးရေခံတဲ့ရွာက ရေကန်တွေလည်း ခန်းကုန်ပြီ။ အဓိကကတော့ သောက်ရေလိုတာပါ။ ဒီနှစ်တော့ ပိုဆိုးတယ် မိုးတွင်းတုန်းက မိုးမရွာလို့လေ။” လို့ ရေလိုအပ်နေတဲ့ ပေပင်ကျေးရွာက ဦးညွှန့်တင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးတွင်းကာလ မိုးနှောင်းပိုင်းမှာ မိုးခေါင်ခဲ့လို့ အဲဒီကျေးလက်ဒေသမှာ အသုံးပြုတဲ့ မြေသား ရေကန်တွေမှာ ရေတွေကို လိုအပ်သလို သိုလှောင်ထားနိုင်ခြင်း မရှိတဲ့အတွက် ဒီနှစ်နွေရာသီအပူချိန်ကြောင့် ရေတွေခမ်းချောက်ကာ အခုလိုရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။



ကံမမြို့ပေါ်က ရေအလှူရှင် ဦးဇော်ဝင်းကလည်း “ရေအလှူရှင်တွေ များများလာလှူစေချင်တယ်။ ကျနော်တို့ ကံမကနေ မြစ်ရေကိုကားတွေနဲ့လာလှူတာ။ ဒါပေမယ့် ကျေးရွာတွေမှာ ရေလိုအပ်မှုက များတော့ မ လောက်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် ရေအလှူရှင်တွေ များများရှိစေချင်တယ်။” လို့ ပြောပါတယ်။
သင်္ကြန်ကာလမတိုင်ခင်ကတည်းက ရေပြတ်လပ်မှုကို ကြုံတွေ့နေရပြီး၊ သင်္ကြန်ကာလပြီး နောက်ပိုင်းမှာလည်း တခြားဒေသတွေမှာသာ မိုးရွာသွန်းခဲ့ပေမဲ့ အဲဒီကျေးရွာတွေမှာ မိုးရွာသွန်းမှုမရှိလို့ နေ့စဉ်နဲ့အမျှ ရေ လိုအပ်သူတွေ များပြားနေပါတယ်။


အဲဒီဒေသမှာ နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့လေ့ရှိပေမဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၄ နွေရာသီမှာတော့ ရေရှားပါးတဲ့ ဒဏ်ကိုကြာကြာ မခံစားလိုက်ရပဲ အဆင်ပြေခဲ့ကြပါတယ်။ ဒီနှစ်မိုးနှောင်းပိုင်း မိုးမရွာခဲ့လို့ စိုက်ပျိုးသီးနှံတွေ အထွက်နဲလို့ စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့အပြင် ရေရှားပြတ်လပ်တဲ့ ဒဏ်ကိုပါ အဲဒီက ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။



၂၀၁၃ နွေရာသီတုန်းကတော့ အခုလိုရေပြတ်လပ်မှု အကြီးအကျယ်ကြုံတွေ့ခဲ့ရလို့ ရွာထိပ်တွေမှာ ရေအလှူခံ မဏ္ဍပ်တွေ ဆောက်လုပ်ပြီး အလှူခံခဲ့ရတဲ့အထိ ကြုံတွေ့ခဲ့ဘူးပါတယ်။ ဒီနှစ်ကိုလည်း အဲဒီဒေသက ပြည်သူတွေဟာ အစိုးရဆီက တစုံတရာမမျှော်လင့်ထားပုံမရပဲ ရေလာရောက်လှူဒါန်းမယ့် တသီးပုဂ္ဂလ ရေ အလှူရှင်တွေနဲ့ အသင်းအဖွဲ့တွေကိုပဲမျှော်လင့်နေကြပါတယ်။







ကောင်းမြတ်မင်း

No comments:

Post a Comment