Pages

Thursday, July 2, 2015

ဇနီးဖြစ်သူပါ ပါဝင်သီဆိုထားတဲ့ ရဲလေးရဲ့ "နောက်တစ်ခေါက်" တေးစီးရီးခွေ


ဓာတ်ပုံများ - ယုမွန်ကျော် / The Irrawaddy

ပရိသတ်နဲ့ နှစ်နှစ်ကျော်ကြာ ဝေးကွာနေတဲ့ အဆိုရှင်ရဲလေးရဲ့ “နောက်တစ်ခေါက်”လို့ အမည်ပေးထားတဲ့ သတ္တမမြောက် တေးစီးရီးခွေကို ဇူလိုင် ၁၂ ရက်မှာ ထွက်ရှိတော့မှာပါ။

ဂီတလောကနဲ့ ခဏတာဝေးကွာနေပြီး  စီးပွားရေးဘက်ကိုရောက်ရှိနေတဲ့ ရဲလေးက သူ့ရဲ့ ပရိသတ်ထံကို ထပ်မံချပြမယ့် “နောက်တစ်ခေါက်”ဆိုတဲ့ စီးရီးခွေမှာ သီချင်းစုစုပေါင်း ၇ ပုဒ်ပါဝင်ပါမယ်။

၇ ခွေမြောက် စီးရီးခွေဖြစ်တာကြောင့် အမှတ်တရဖြစ်အောင် သီချင်း၇ ပုဒ်ထည့်သွင်းထားတာလို့လည်း ဆိုပါတယ်။



ဒီသီချင်းခွေမှာပါဝင်တဲ့သီချင်းအားလုံးကို ရဲလေးကိုယ်တိုင်ရေးသားထားတာဖြစ်ပြီး Featuring အနေနဲ့ ဟဲလေး၊ ဂျိုကာ၊ စည်သူနှင်းမိုးနဲ့ ရဲလေးရဲ့ ဇနီးဖြစ်သူ အေးမြအောင်တို့က ပါဝင်သီဆိုပေးကြမှာပါ။

ရဲလေးနဲ့ ဇနီးဖြစ်သူ အေးမြအောင်တို့ သီဆိုထားတဲ့သီချင်းနာမည်ကတော့ “အမုန်းမရှိတဲ့ ဘ၀” ဆိုသော သီချင်းလေးဖြစ်ပြီး သီချင်းမဆိုဘူးတဲ့ ဇနီးအနေနဲ့ အခက်အခဲလေးတွေရှိပေမယ့် အတတ်နိုင်ဆုံး အကောင်းဆုံး သီဆိုပေးထားတယ်လို့ သိရပါတယ်။

 “နောက်တခေါက်” တေးစီးရီးနဲ့ ပတ်သတ်လို့ ရဲလေးက “ဒီအခွေလေးနဲ့ ပတ်သတ်ပြီးတချို့က ပြောကြပါတယ်။ ၇ပုဒ်ထဲပဲလားလို့။  ၁၀၊ ၁၂ပုဒ် မဟုတ်ပေမယ့် ဒီ ၇ ပုဒ်က တကယ့်ကို စေတနာပါပါနဲ့ ရေးစပ်ထားတဲ့ ၇ပုဒ်ပါ။ ဒီအခွေပြီးရင်လည်း နောက်ထပ် Limited Edition ဆိုတဲ့ အခွေလေးလည်း ထပ်ထွက်ပါဦးမယ်” လို့ ပြောပြပါတယ်။


ဒါ့အပြင် နောက်ထပ် One Man Show ၊ အတွဲခွေများနဲ့ တကိုယ်တော်ခွေများကိုလည်း ဆက်လက်ပြီး ပရိသတ်ထံ ချပြလာဦးမယ်လို့လည်း သိရပါတယ်။ ရဲလေးရဲ့ နောက်တခေါက် စီးရီးခွေကို ဇူလိုင် ၁၂ရက်နေ့ Junction Square မှာ Promotion အစီအစဉ်အနေနဲ့ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။  နောက်တစ်ခေါက် ပရိသတ်ထံပြန်လာတဲ့ ရဲလေးကို ပရိသတ်ရဲ့ အားပေးမှုကလည်း နောက်တစ်ခေါက် ဘယ်လိုရှိလာမလဲဆိုတာ စောင့်ကြည့်ရအောင်ပါ။


ယုမွန်ကျော်

No comments:

Post a Comment