Pages
▼
Friday, October 30, 2015
အကြောသေရောဂါ ခံစားနေရတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ်သားငယ်က ပြုစုပေး
တရုတ်ပြည် အနောက်တောင်ပိုင်းရှိ Guizhou ခရိုင်တွင် အသက် ၇ နှစ်အရွယ် ကျောင်းသားလေးဟာ အကြောသေရောဂါကို ခံစားနေရပြီး မလှုပ်ရှားနိုင်တဲ့ ဖခင်ကို ပြီးခဲ့တဲ့ နှစ်ကတည်းက ပြုစုလုပ်ကျွေးနေခဲ့ တာပါ။
၂၀၁၃ ခုနှစ် နွေရာသီကာလလောက်မှာ အောင်ရွန်လင်းဆိုတဲ့ အဆိုပါ ကလေးငယ်ဟာ ၀မ်းနည်းစရာ ကောင်းတဲ့ ကလေးဘ၀ကို ရရှိခဲ့တယ်လို့ဆိုရမှာပါ။ တနေ့ ရွန်လင်းရဲ့ ဖခင်ဟာ သူတို့ရဲ့ အိမ် ဒုတိယထပ်မှာ ရုတ်တရက် လဲကျသွားခဲ့ပါတော့တယ်။ အဲ့ဒီမှာ သူ့ရဲ့ ကြောရိုးမကြီး ပျက်ဆီးခဲ့ရပြီး ခါးအလယ်ပိုင်းကစလို့ မလှုပ်ရှားနိုင်တော့တဲ့ အကြောသေရောဂါကိုရရှိခဲ့တာပါ။ အဲ့ဒီရောဂါကို နှစ်ရှည်လများ ကုသလာရတဲ့ နောက်ဆက်တွဲ ပြဿနာတရပ်ကတော့ သူတို့ရဲ့မိသားစု ၀င်ငွေ ဆုတ်ယုတ်ထိခိုက်လာရခြင်းပါပဲ။
ရွန်လင်းရဲ့ ဖခင်ဟာ ဘယ်လိုအလုပ်မျိုးကိုမှ လုပ်ကိုင်စွမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့ အခြေအနေကြောင့် သူ့ရဲ့ အမျိုးသမီးဖြစ်တဲ့ ရွန်လင်းရဲ့ မိခင်က သုံးနှစ်သမီးငယ်နဲ့အတူ ရွန်လင်းတို့ သားအဖကိုထားခဲ့ပြီး ထွက်ခွာ သွားခဲ့တာ နောက်ပိုင်းမှာ ဘာသံမှ မကြားရတော့အောင် အစအနပျောက်သွားခဲ့ပါတော့တယ်။
ရွန်လင်းဟာ မနက်တိုင်း ၆ နာရီဆို အိပ်ယာမှထ အစားသောက်အတွက် ပြင်ဆင်ကာ အထူးသဖြင့် သူ့ဖခင်ရဲ့ မနက်စာအတွက် သေသေချာချာ ပြင်ဆင်ပြီးမှသာ ကျောင်းသွားလေ့ရှိပါတယ်။ ပြီးရင် နေ့လည်ထမင်းစားချိန် မှာ သူ့ဖခင်ဆီပြန်လာပြီး ကိုယ်တိုင် ထမင်းကျွေးပါတယ်။
ရွန်လင်းဟာ သူ့လိုအရွယ် တခြားကလေးတွေလို ပျော်ရွှင်စရာကောင်းတဲ့ ကစားချိန်ဆိုတာ မရှိခဲ့ပါဘူး။ အတန်းပြီးတာနဲ့ ကျောင်းနားတ၀ိုက်ရှိ သံတိုသံစ၊ သစ်တိုသစ်စ၊ ဖြတ်စညှပ်စ စတဲ့ အပိုင်းအစလေးတွေကို လိုက်ရှာ လိုက်ကောက်ခြင်းဖြင့် သူ့ရဲ့ အချိန်တွေကို ကုန်ဆုံးစေကာ အဲ့ဒီက ရလာတာလေးတွေကို ပိုက်ဆံနဲ့ ပြန်လဲလှယ်လေ့ရှိပါတယ်။
“ကျနော့အဖေ ဆေးဖို့အတွက် ပိုက်ဆံလိုပေမယ့် ကျနော့မှာ ပိုက်ဆံမရှိဘူး” လို့ ကလေးငယ်က China Youth Daily သတင်းဌာနကကို ပြောပါတယ်။
အဲ့ဒီလိုနည်းနဲ့ ပိုက်ဆံရှာရင်း အိမ်ပြန်ရောက်လာရင်လည်း အိပ်ယာပေါ်မှာသာ အမြဲလဲလျောင်းနေရတဲ့ သူ့အဖေရဲ့ ကျောဘက်နဲ့ တင်ပါးတွေမှာ ပြည်တည်နာလိုမျိုး အခေါင်းပေါက်ဖြစ်နေတဲ့ အနာတွေကို ဆေးထည့် ပေးရပြန်ပါတယ်။
ဒီလို နာကျင်မှုတွေကို အဆုံးသတ်သွားဖို့အတွက် မိမိကိုယ်ကိုတောင် သေကြောင်းကြံစည်ဖို့ မကြာခဏ ဆိုသလို တွေးမိတယ်လို့ ရွန်လင်းရဲ့ အဖေက ဆိုပါတယ်။ သို့ပေမယ့် အဲ့ဒီအချိန်မှာပဲ သားဖြစ်သူ ရွန်လင်း တယောက် မိဘမဲ့အဖြစ် ကျန်ရစ်နေခဲ့မှာကိုလည်း မထားခဲ့ရက်နိုင်ဘူးလို့ ပြန်စဉ်းစားဆင်ခြင်မိပြီး သူ့အတွေးကို နောင်တရမိတယ်လို့ ဆက်ပြောပါတယ်။
“အဖေမရှိဘဲ ကျနော် အသက်ရှင်မနေနိုင်ဘူး” လို့ ရွန်လင်းကဆိုလိုက်ခြင်းဖြင့် ဒါဟာ သူတို့နှစ်ဦး အတူတူ ဆက်လက် နေထိုင်သွားကြမယ့် အခြေအနေတခုပါပဲလို့ ပြောလို့ရပါတော့တယ်။
Ref: CCTVnews







No comments:
Post a Comment