Pages

Wednesday, February 13, 2013

"ကချင်ဒေသ ငြိမ်းချမ်းတော့မယ်" ~ သမ္မတဦးသိန်းစိန်


~

 
ကေအိုင်အေနဲ့ ရွှေလီမြို့မှာ ဆွေးနွေးခဲ့တာ ရလဒ်ကောင်းတွေ ထွက်တယ်၊ ဒါကြောင့် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရောင်ခြည်သန်းလာတော့မယ်လို့ သမ္မတဦးသိန်းစိန်က အင်္ဂါနေ့၊ ပြည်ထောင်စုနေ့မှာ ပြောလိုက်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနဲ့ တွေ့ဆုံရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ ဦးသိန်းစိန်ရဲ့ ပြောဆိုချက် တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ် -

"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကေအိုင်အေ တစ်ဖွဲ့ နှင့်သာ ဆွေးနွေးနေဆဲအဖြစ် ကျန်ရှိနေပါကြောင်း၊
ယခုနှစ် ဖေဖော်ဝါရီ  ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီဆွေးနွေးပွဲတွင် ရလဒ်ကောင်းများရရှိခဲ့သည့်အတွက်
မကြာမီတွင် ကချင်ပြည်နယ်၌ ငြိမ်းချမ်းရေးရောင်ခြည်သန်းလာတော့မည် ဖြစ်ပါကြောင်း၊
ကေအိုင်အေနှင့် ငြိမ်းချမ်းရေးရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည်ဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယင်းသို့ဆောင်ရွက်ရာတွင် နောက်ဆုံးအဆင့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသားကိုယ်စားလှယ်ပေါင်းစုံ ပါဝင် ဆွေးနွေးကြမည် ဖြစ်ကြောင်း"

မနေ့ညနေပိုင်းက ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ နဲ့ ညစာ စားပွဲ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ  ကျင်းပပါတယ်။

 
အခု မြင်တွေ့ရတဲ့ ပုံများကတော့ အဲဒီအခမ်းအနား မြင်ကွင်းများပါ။

အခမ်းအနားကို သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ နေပြည်တော်လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ တရားသူကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ စတဲ့ ခေါင်းဆောင်များ တက်ရောက်ကြတယ်၊
လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဥက္ကဋ္ဌများ၊ ငြိမ်းအဖွဲ့များရဲ့ ကိုယ်စားလှယ်များလည်း တက်ရောက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာများမှာ ဖတ်ရပါတယ်။

 
အခမ်းအနားတက်ရောက်ဖို့ ကေအိုင်အေကို ဖိတ်ကြားခဲ့ခြင်း ရှိမရှိ၊ တက်ရောက်ခြင်း ရှိမရှိ သတင်းထဲမှာ ဖော်ပြမထားပါဘူး။

မြန်မာ့အလင်း/ကြေးမုံသတင်းစာထဲက သတင်းတိုတပုဒ်အရ ဆိုရင်တော့ ကေအိုင်အေနဲ့ အပစ်အခတ်ရပ်စဲရေးအခြေအနေ ကောင်းမွန်ဟန် ရှိပါတယ်။

တနင်္လာနေ့တုန်းက ဖားကန့်မြို့က တပ်မတော်စစ်ကြောင်းတခုကို ဂျာရားယန်ရွာထဲမှာရှိတဲ့ ကေအိုင်အေစစ်သား ၁၀ ဦးခန့်က ထွက်ပြီး မိတ်ဆက်တယ်၊ တပ်မတော်စစ်ကြောင်းကလည်း "ခင်မင်ရင်းနှီးစွာ" နှုတ်ဆက်ခဲ့တယ်၊
ပြီးတော့ "ဖေဖော်ဝါရီ ၄ ရက်နောက်ပိုင်းတွင် တပ်မတော်အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ မဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းလုပ်ဆောင်လျက်ရှိကြောင်း"  ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရတယ်လို့ အဲဒီသတင်းမှာ ရေးထားပါတယ်။








 


























-

No comments:

Post a Comment