Pages

Monday, May 20, 2013

လူသွားကို ဆင်တွေ နှစ်သက်ကြမယ်ဆိုရင် ....

  Stephff ရဲ့ ကာတွန်းတပုဒ်မှာ ဆင်တွေက လူတယောက်ကို ဖမ်းချုပ်ပြီး သွားနှုတ်နေဟန် သရုပ်ဖော်ထားပါတယ်။

ကိုယ့်ကိုဒီလိုလုပ်တာမကြိုက်ရင် ကိုယ်ကလည်း အဲဒီလို မလုပ်ပါနဲ့ လို့ ကာတွန်းထိပ်စည်းမှာ ရေးထားပါတယ်။

တွေ့တဲ့အတိုင်းပဲ ဆင် ၃ ကောင်နဲ့ လူ ၁ ယောက်ပုံပါ။ သူတို့ပြောနေကြတာက ဒီလိုပါ ...
သေနတ်နဲ့ဆင် - ငါ သူ့ကို သေနတ်နဲ့ပစ်လိုက်ရမှာကွ
သွားနုတ်နေတဲ့ဆင် - ဒါတွေက လက်ဝတ်ရတနာ အလန်းစားလေးတွေ ဖြစ်လာမယ်
လွှထောင်ပြတဲ့ဆင် - လွှသုံးပါလား

ကာတွန်းအောက်ခြေ သူ့လက်မှတ်ဘေးမှာတော့ ဆင်စွယ်ကုန်ကူးမှုရပ်ပါ လို့ ရေးထားပါတယ်။

သူ့ကာတွန်းအများအပြားကို ဧရာဝတီမှာလည်း ဖော်ပြခဲ့ပြီးပါပြီ။ http://www.irrawaddy.org/archives/category/cartoon မှာ ပြန်ကြည့်နိုင်ပါတယ်။

ဆင်တွေ သွားနှုတ်တာခံရတဲ့ မူရင်းကာတွန်းပုံကို ဘတ်တထောင် (၃၅ ဒေါ်လာနီးပါး) နဲ့ ရောင်းမယ် လို့ ဆိုတယ်။
ဘန်ကောက်အခြေစိုက် The Nation သတင်းစာ အပါအ၀င် ကမ္ဘာတလွှား စာစောင်တချို့မှာ ဖော်ပြခဲ့တဲ့ ကာတွန်းပါ တဲ့။

ဆင်စွယ်ရရေးအတွက် ကမ္ဘာတလွှားမှာ ဆင်ပေါင်းများစွာကို သတ်ဖြတ်နေကြတာတွေ ရပ်တန့်ကြဖို့ လှုံ့ဆော်မှုတွေထဲမှာ ဒီကာတွန်းက အတိုင်းအတာတခုအထိ ထိရောက်တဲ့လက်ရာ၊ ဆင်တွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို လူအများအပြား သတိပြုမိစေတဲ့လက်ရာ ဖြစ်ပါတယ်။

သောကြာနေ့က ထွက်လာတဲ့ ကုလသမဂ္ဂရဲ့ သတင်းတပုဒ်မှာတော့
ဆင်စွယ် ရောင်းဝယ်ဖောက်ကား၊ တင်ပို့တဲ့ အဓိကနိုင်ငံ ၈ ခုရဲ့ အမည်တွေ တွေ့ရပါတယ်။

အဲဒီထဲမှာ အာဖရိကနိုင်ငံ ၃ ခု ပါဝင်ပြီး ကျန်တာတွေကတော့ မြန်မာ့ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံနိုင်ငံတွေ ဖြစ်နေပါတယ်။ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့ပါပဲ။

၂ဝ၁၁ မှာ တရားမဝင် သတ်ဖြတ်ခဲ့တဲ့ ဆင်ကောင်ရေက ၁၇,ဝဝဝ ရှိမယ်လို့ ခန့်မှန်းကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ 
 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



No comments:

Post a Comment