Pages

Monday, June 17, 2013

DKBA ဌာနချုပ် သတင်းစာရှင်းလင်းပွဲ


ကလို့ထူးဘော DKBA ဌာနချုပ်မှာ ရက်ကြာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ နှီးနှောဖ လှယ်ပွဲကြီးပြီးသွားတဲ့အတွက် ဒီနေ့မွန်းလွဲပိုင်းမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

 ရှေ့လုပ်ငန်းစဉ်အတွက်
မြေပေါ်မြေအောက်အဖွဲ့အစည်း ၃၀ ကျော်ထဲက ၁၇ ဦးပါကော်မတီကို ဖွဲ့စည်းလိုက်ပြီး သူတို့အဖွဲ့ဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးဆောင်ပေးမယ့် အဖွဲ့ ဖြစ်တယ် လို့ ဒီနေ့သတင်းစာရှင်း လင်းပွဲမှာ DKBA ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။
ဧရာဝတီသတင်းဌာနသတင်းထောက်ပြည်တော်မြင့်ရဲ့ ”အခုဖွဲ့လိုက်တဲ့အဖွဲ့က ပြည်သူတွေအတွက် တကယ် အလုပ်လုပ်ပေးမှာလား၊ ဒါမှမဟုတ်ရင် အခြားအဖွဲ့အစည်းတွေလိုဘဲ ဖွဲ့စည်းပြီး မကြာဘူး ပေါ်လိုက်ပျောက်လိုက်ဖြစ်သွားမှာလား” ဆိုတဲ့အမေးကို သူက ဖြေဆိုတာပါ။
 
ဗိုလ်မှူးကြီးဆန်းအောင်က ”ထိုင်း-မြန်မာနယ်စပ်ဒေသမှာ တောင်လှန်ရေးကာလ တလျှောက်လုံး မှိုလို ပေါက်ခဲ့တယ် ဆိုတာက၊ သူတို့က ပြည်တွင်းတော်လှန်ရေးနယ်မြေမှာဖွဲ့ခဲ့တာ မဟုတ်ဘူး ဒီနေ့ ကျွန်တော်တို့ဖွဲ့လိုက်တဲ့အဖွဲ့အစည်းက တကယ်လုပ်မယ့် ဆန္ဒရှိတယ်၊ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ ပြည်တွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းလိုက်တာဖြစ်တယ်၊ စေတနာမှန်မှန်နဲ့ ဒီနေ့ဒီချိန်ကစပြီး လုပ်နိုင်သလောက်ကို လက်တွေ့ အကောင်အထည်ဖော်မဲ့ အဖွဲ့အစည်းဆိုတာ ကျွန်တော် ရဲရဲဝံ့ဝံ့ ကတိပေးပါတယ်” လို့ ဖြေဆိုခဲ့တာပါ။
 
၃ ရက်ကြာ နှီးနှောဖလှယ်ပွဲမှာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်း ၃၀ က ကိုယ်စားလှယ် ၈၄ ဦးတက်ရောက်ခဲ့ပြီး အချက် ၈ ချက်ပါတဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရေစီရေးကို ဖြေရှင်းပေးနိုင်ခြင်းမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရန်၊ မတရားသည့် ဥပဒေများကို ပယ်ဖျက်ပြီး၊ နှောင်ကြိုးမဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးကြေညာရန်နှင့် အပစ်အခတ် ရပ်စဲရေးကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ရန် စသဖြင့် ပါရှိပါတယ်။ 
 
 အဲဒါတွေအပြင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့အစိုးရ အပစ်ရပ်ခဲ့စဉ်က သဘောတူညီမှုများကို တိကျစွာလိုက်နာရန်နဲ့ အလုပ်သမား လယ်သမားတွေရဲ့ အခက်အခဲတွေကို မှန်ကန်စွာဖြေရှင်းပေးရန်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အမျိုးသားတန်းတူရေး လှုပ်ရှားမှုများပေါ်ပေါက်လျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ၀ိုင်းဝန်း ထောက်ခံရန် ဆိုတဲ့အချက်တွေလည်း ထည့်သွင်းထားပါတယ်။ 
 
 သတင်းစာရှင်းလင်းပွဲမှာတော့ တာဝန်ရှိသူတွေက ဒီအချိန်ကစပြီး သူတို့ရဲ့လုပ်ငန်းစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့ ရှင်းလင်းပြောဆိုကြပေမဲ့ အချိန်ကာလနဲ့ပတ်သက်ပြီး ပြောဆိုဘို့ မြန်မာ သတင်းထောက်တွေရဲ့အမေးကိုတော့ ဖြေဆိုခြင်း မရှိကြပါဘူး။ 
 
 သူတို့ဘယ်အတိုင်းအတာထိ လုပ်ဆောင်နိုင်မှာလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဒီနေ့တက်ရောက်လာတဲ့ ပြည်တွင်းပြည်ပသတင်းထောက်တွေက သုံးသပ်ပြောဆိုကြပါတယ်။
 
 ဒီပွဲကို ကမကထပြုတဲ့ DKBA အဖွဲ့ကတော့ နောက်တကြိမ်နှီးနှောဖလှယ်ပွဲကို ဒီထက်မက ခမ်းနားပြီး လူတန်းစားအလွှာပေါင်းစုံ တက်ရောက်နိုင်ဘို့အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ် လို့ ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးဆန်းအောင်ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)










No comments:

Post a Comment