Pages

Wednesday, October 29, 2014

စာသင်ကျောင်းကို မိုးကြိုးပစ်လို့ ကျောင်းသူ ၂ ဦး သတိလစ်

-




ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲက ကျေးလက် စာသင်ကျောင်းတခုမှာကို တနင်္လာ ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးကြိုးပစ်ခဲ့တဲ့အတွက်  ကျောင်းသူ ၂ ဦး သတိလစ်သွားကြောင်း  သတင်းရရှိပါတယ်။

 

  စလူဆိပ်ကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာမှာ တည်ဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံမှာ ဖွင့်ထားတဲ့ အလယ်တန်းကျောင်းခွဲမှာ ဖြစ်ခဲ့ခြင်းပါ။

“မိုးကြိုးပစ်လို့ ကျောင်းသူလေး ၂ ယောက် သတိလစ်သွားတယ်။ ကျောင်းလာကြိုတဲ့ အမျိုးသမီး တယောက်လည်း (လက်မောင်းမှာ) ဒဏ်ရာရသွားတယ်လို့ သိရပါတယ်” လို့ လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။

ဒဏ်ရာ ရသွားတာကတော့ ကျောင်းလာကြိုသူ အသက် ၅၂ နှစ်အရွယ် ဒေါ်မိမိကျော်ဖြစ်ကြောင်း သိရပါတယ်။

 မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြောသွားတဲ့ အသက် ၁၁ နှစ်နဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး ၂ ဦးကို တာဝန်ရှိသူတွေက စလူဆိပ် ကျေးလက်ကျန်းမာရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်၊
အခုတော့  ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ တဲ့။

 ဧရာဝတီတိုင်းမှာ ယခုနှစ် မိုးဦးကာလနဲ့ မိုးနှောင်းပိုင်းကာလတွေမှာ မိုးကြိုးပစ်မှုတွေ ဖြစ်ပွားနေခဲ့ပြီး ဒီလတတိယပတ်အတွင်းကလည်း ၀ါးခယ်မမြို့နယ်က တံငါသည်တဦးကို မိုးကြိုးပစ်ချခဲ့လို့ နေရာမှာတင်  ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဧရာဝတီတိုင်းမှာ ယခုနှစ်အတွင်း မိုးကြိုးပစ်လို့ လူ ၆ ဦးထက်မနည်း အသက်သေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

 ဆလိုင်းသန့်စင်


http://blog.irrawaddy.org/2014/10/blog-post_213.html



 -

No comments:

Post a Comment