Pages

Friday, July 24, 2015

စစ်တွေတက္ကသိုလ် ကျောင်းကားခ လျှော့ချပေးရန် ကျောင်းသားများ အစိုးရအဖွဲ့ရုံးသို့ ချီတက်တောင်းဆို


ဓာတ်ပုံများ - မင်းအောင်ခိုင်/ The Irrawaddy

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် မေဂျာပေါင်းစုံမှ နေ့ကျောင်းတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားများ  အား ပို့ဆောင်ပေးသော ကားဈေးနူန်းခမှာ  ပုံမှန်ထက် မြင့်တက်လာတဲ့အတွက် ဇူလိုင်လ ၂၃ ရက်နေ့ က ကားခ လျှော့ချပေးရန် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ခန့်လမ်းလျှောက်ချီတက်လျက် ပြည်နယ်အစိုးရရုံးရှေ့သို့ လာရောက် တောင်းဆိုခဲ့ကြတာပါ။

စစ်တွေတက္ကသိုလ်သို့ ပို့ဆောင်ပေးသော “ရိုးမသဇင်”ကားလိုင်းဟာ အစိုးရအဖွဲ့မှ စက်သုံးဆီ ထုတ်ပေးမှု အဆင်မပြေဘူးလို့ ဆိုကာ ပုံမှန်ကောက်ယူနေကျ ကားခ ၂၀၀ ကျပ် မှ ၃၀၀ ကျပ်သို့ တိုးမြင့် ကောက်ခံလာတဲ့ အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ ကျောင်းသားများက ပြောပါတယ်။

“အဓိကတော့ အစိုးရနဲ့ ဆိုင်တယ်လို့ မြင်တယ်။ သူတို့ဘက်က လုပ်မပေးလို့ ကားသမားတွေ ဈေးတင် တောင်းရတာ။ ကားသမားတွေပြောတာက ဆီမရဘူးလို့ပြောတယ်။  အသွား ၃၀၀ ၊ အပြန် ၃၀၀ ဆိုရင်  ကျွန်တော်တို့ ကျောင်းသားတွေ ကျောင်းတက်ရတာ အခက်အခဲ ဖြစ်တယ် ” လို့ နောက်ဆုံးနှစ် သတ္တဗေဒ ကျောင်းသား ကိုစောနိုင်လင်းက ပြောပါတယ်။

အရင် ကျောင်းဖွင့် ရာသီအချိန်က ပြည်နယ်အစိုးရအဖွဲ့မှ စက်သုံးဆီ ထုတ်မရသေးဘူးဟု ဆိုကာ ကျောင်းကားခကို ကျပ် ၃၀၀ ကောက်ခံပြီး အဲ့ဒီနောက်ပိုင်းတွင် ကျောင်းသားများက ကားခကို ၂၀၀ ကျပ်သို့ လျော့ချပေးရေးအတွက် ၃ ကြိမ်တိုင်တိုင် ကားသမားကိုယ်စားလှယ် ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များနဲ့တွေ့ဆုံခဲ့ကြတာပါ။


အဲ့ဒီနောက် ဇူလိုင်လ ဒုတိယ အပတ်က ထပ်မံ ဆွေးနွေးခဲ့ကြရာ ကားခအသွား ၂၀၀ ကျပ် ၊ အပြန် ၂၀၀ ကျပ်သာ ကောက်ယူမည်ဟု ပြောဆိုခဲ့သော်လည်း ၁၀ ရက်ကျော်ကျော်သာ ၂၀၀ ကျပ်ဖြင့် ကားသမားများ ပို့ဆောင်းပေးခဲ့ပြီး နောက်ပိုင်းမှာ ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်သို့ တိုးမြှင့် ကောက်ခံ လာခဲ့တဲ့ အတွက်  အခုကဲ့သို့ လာရောက် တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့  ကျောင်းသားများက ပြောပြပါတယ်။

“ကျွန်တော်တို့ပညာလိုချင်လို့ နယ်က ကျောင်းလာတက်တာ။ အဆောင်ဖိုး ၊ ထမင်းဖိုးတွေရှိတယ်။ အခြား ကုန်ကျစရိတ်တွေလည်း ရှိသေးတယ် ။ ကားခကို ၃၀၀ ကောက်မယ် ၊ ၄၀၀ တောင်းမယ် ဆိုရင် ချိုတဲ့ တဲ့ ကျောင်းသားတွေအတွက် အကျပ်အတည်း ဖြစ်ရတယ်” လို့ ဓါတုဗေဒ (ဒုတိယနှစ်) ကျောင်းသား ကိုဦးအေးလှိုင်က ပြောပါတယ်။

အဲ့ဒီလို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လမ်းလျှောက်ချီတက်တောင်းဆိုလာကြခြင်းကြောင့်၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခဲ့ရာ  အသွား ၂၀၀  ကျပ်၊ အပြန် ၂၀၀ ကျပ်ဖြင့် ပြေလည်မှုရရှိခဲ့ပြီး ကားသမားများကိုလည်း စက်သုံးဆီ တစ်ဂါလံကို ၂၅၀၀ ကျပ်နှုန်းဖြင့် တစ်နေ့ကို စက်သုံးဆီ ၂ ဂါလံ အစိုးရအဖွဲ့မှ ရောင်ချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

“အားလုံးပြေလည်မှု ရရှိသွားပါပြီ ။ ကျွန်တော်တို့ဆီက ဆရာ၊ ဆရာမတွေ ၊ ကျောင်းသားကိုယ်စားလှယ်တွေ၊ ကားသမား ကိုယ်စားလှယ်တွေ ၊ အစိုးရအဖွဲ့မှ  သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့တွေဆုံပြီးတော့ သဘောတူ ကြောင်းလက်မှတ်လည်း ကားသမားကိုယ်စားလှယ်တွေက ရေးထိုးခဲ့ပါတယ် ” လို့ စစ်တွေတက္ကသိုလ် စီမံဌာနမှ(ဌာနခွဲမှုး) ဦးအေးသိန်းက ဧရာဝတီကို ပြောပါတယ်။

စစ်တွေတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း  ၂၉၀၀ ခန့် ပညာသင်ကြားလျက်ရှိပါတယ်။


မင်းအောင်ခိုင်

No comments:

Post a Comment