Pages
▼
Thursday, July 23, 2015
Superminiတွေထဲမှာဆွဲဆောင်မှု အကောင်းဆုံး VW Polo
အခုတစ်ပတ်တော့ ကျွန်တော်တို့ အိမ်စီးအသေးစား မော်ဒယ်လေးတစ်ခုကို ကြည့်ရအောင်ပါဗျာ။ သေချာတာကတော့ အခုစာကို ဖတ်ပြီးရင် ဖတ်မိသူတိုင်း Polo ကို ကြိုက်ကြမယ်ဆိုတာပါပဲ။ ဒါပေမယ့် နောက်ထပ် သေချာတာတစ်ခုကတော့ ၀ယ်ဖို့ကိုတော့ နည်းနည်း တွေဝေမယ် ထင်ပါရဲ့ဗျာ။ ဟုတ်ပါပြီ၊ နှစ်သက်မယ်လည်းဆိုသေးရဲ့ ကြိုက်မှတော့ ၀ယ်မပေါ့၊ ချက်ချင်း မ၀ယ်သေးပဲ တွေဝေဦးမယ် ဆိုတော့ ဘာကြောင့်ပါလဲ၊ ဒီတော့ ကျွန်တော်ကတစ်ချက်ချင်းပြောပါ့မယ်နော်၊ နှစ်သက်ကြလိမ့်မယ် ဆိုတာက Polo အနေနဲ့ စိတ်ကြိုက်အနေအထား ဖြစ်လို့ပါပဲ၊ ဒါပေမယ့် တွေဝေဦးမယ် ဆိုတာကတော့ မော်ဒယ်ရဲ့ အပိုပစ္စည်းလိုအပိုင်းတွေအတွက်နဲ့ နောက်တစ်ချက်က ဈေးနှုန်းဆိုတဲ့ အချက်တွေကြောင့်ပါ။
မော်ဒယ်ကအခု ပြည်တွင်းဈေးကွက်ထဲမှာကိုပဲ အရောင်ရွေးချယ်နိုင်မှု တော်တော်များများနဲ့ ၀င်ရောက်နေတာ ဖြစ်သလို အဖြူ၊ အနက်နဲ့ ငွေရောင်တွေအဖြစ်နဲ့ပါ၊ ရနိုင်နေတာပါ။ ဒါပေမယ့် သိတဲ့အတိုင်းပါပဲ၊ ပြည်တွင်းမှာက အရောင်အစွဲနည်းနည်းရှိနေတော့ အရောင်အပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းနည်းနည်းလောက် ကွဲပြားတာ တွေ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အဖြူနဲ့ အနက်တွေကတော့ ဈေးပိုမြင့်ပါတယ်။ လက်ရှိ အရည်အသွေး ပိုင်းအရရော ကောင်းကောင်းစိတ်ချရတဲ့ Polo အနေနဲ့ မော်ဒယ်နှစ် ၂၀၁၁ ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေပဲ ဈေးကွက်မှာအများစုတွေ့နေရတာဖြစ်ပြီးတော့ တစ်ခုထူးခြားတာက မောင်းနှင်ပြီး ကီလိုအနေအထားက ၃သောင်း ၀န်းကျင်လောက်ပဲ ရှိတတ်ပေမယ့် အဆိုပါ ကီလိုအနည်းအများအပေါ်မှာ ဈေးစကား ဒီလောက် မပြောတာပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ မော်ဒယ်ကအရောင်အပေါ်မှာ ဈေးစကားပြောနေတာတွေ့နိုင်ပြီး ကီလိုကတော့ တချို့မော်ဒယ် ဆိုရင် သုံးသောင်းကျော်နေတတ်သလို သောင်းဂဏန်းဝန်းကျင်လောက် မော်ဒယ်တွေလဲ ရှိနေတာပါ။ ပြည်တွင်းအနေအထားမှာတော့ ဈေးကွက်မှာ လူကြိုက်များနေတဲ့ Mazda Demio, Toyota Passoနဲ့ Suzuki Swift တွေထက် အရည်အသွေးလည်းကောင်းသလို ရုပ်ထွက်ပိုင်းမှာလည်း တည်ငြိမ်ပြီး ဆွဲဆောင်မှု ကောင်းတာ တွေ့နိုင်ပါတယ်။ အင်ဂျင်ပိုင်းမှာ ၁.၃ လီတာသုံးနဲ့လည်း လာသလို ၁.၄လီတာသုံး အနေနဲ့လည်း ရနိုင်တာတွေ့နိုင်ပြီး ဆီစားကတော့ သိပ်မကွာလှပါဘူး။
Auto စနစ်နဲ့လည်း ရနိုင်သလို Manual စနစ်နဲ့လည်း လာတာပါ။ ဒါပေမယ့် Manual နဲ့ မော်ဒယ်တွေကတော့ လူကြိုက်နည်းချင်တာကြောင့် ဈေးချိုချိုနဲ့ ရနိုင်မယ့် အနေအထားဖြစ်ပြီး ခရီးဝေးသွားလာတတ်တယ် ဆိုတဲ့ တစ်ချက်ကလွဲရင် Manual မော်ဒယ်လည်း မဆိုးပါဘူးနော်။ ဈေးနှုန်းအနေနဲ့ကတော့ အနိမ့်ဆုံး လူ ကြိုက်နည်းတဲ့ အရောင်နဲ့ ကီလိုအနေအထားအရ သိန်း ၁၇၀ လောက်ကနေ အများဆုံး ၁၉၀ ကျော် လောက်ထိအောင်ခေါ်ပေမယ့် ကျွန်တော်ကတော့ အနိမ့်ဆုံးသိန်း ၁၆၀ ကျော်လောက်နဲ့ အမြင့်ဆုံး ၁၈၀ ၀န်းကျင်လောက်ဆိုရင် မှားမယ် မထင်မိပါဘူးနော်။
လင်းထက်(IA)

No comments:
Post a Comment