ပေးစာ - အငတ်မင်းများ ကြီးစိုးတော့မယ့် တိုင်းပြည်

Wednesday, November 24, 2010

(မြန်မာပြည်တွင်းက ပေးစာတစောင်ပါ)

မြန်မာပြည် အခြေအနေကတော့ အရင်လိုပါပဲ။ ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေ များလာတာရယ်၊ အနှိပ်ခန်းနဲ့ နိုက်ကလပ်တွေမှာ ဆယ့်လေး ငါး ခြောက်နှစ်အရွယ် မိန်းကလေးတွေ ပိုများလာတာရယ် ကလွဲလို့ သိပ်ပြီးတော့ ထူးထူးခြားခြား မရှိလှဘူးလို့ ထင်ပါတယ်။ နောက်ပိုင်းကျရင်တော့ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ ဖြစ်သွားမှာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စုအတွက် အချိန် သိပ်မရှိတော့ဘူး။ အထဲကို ပြန်မရောက်အောင် နေရတော့မယ်။ သူ အထဲကို ပြန်ရောက်သွားရင် သူ့လို လူထုအင်အားကို အပြည့်အ၀ရတဲ့ နောက်တယောက် ထပ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တစ်နေ့ ရွှေဂုံတိုင်ဌာနချုပ်မှာ လုပ်တဲ့ ဟောပြောပွဲကို ရောက်သွားသေးတယ်။ သူဟာ အရင်လိုပဲ လူထုရဲ့ ထောက်ခံမှုကို ရနေဆဲပါပဲ။ လူထုရဲ့ ဗိုလ်ချုပ်ကြီးတွေအပေါ် မကျေနပ်မှုတွေဟာ သူ့အတွက် အင်အားအဖြစ် ပြောင်းလဲသွားတယ် ဆိုသလိုမျိုးပါပဲ။ ခက်တာက သိတဲ့အတိုင်းပဲ၊ မြန်မာတွေရဲ့ ဒေါသဆိုတာက မိုးဦးကျမှာ ထွက်လာတဲ့ ဖားခုံညင်းကြီးလိုပဲ။ ဖိလိုက်မှ ဖောင်းတက်လာတာလေ။ သူ့အတိုင်းဆိုရင် သိပ်မသိသာလှဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း အရင်ကလောက် အင်အား မကောင်းတော့ဘူး။ ထောင်ထဲ ရောက်တဲ့သူတွေလည်း ပြန်မထွက်ရသေးဘူး။ သီးခြား ပါတီထောင်တဲ့သူကလည်း ထောင်ကြဆိုတော့ NLD မှာ ဖရိုဖရဲ ဖြစ်နေတယ်။

ဒေါ်စုအနေနဲ့ ဒါကို အရင်ဆုံး ပြန်ကိုင်တွယ်လိမ့်လို့ ထင်တယ်။ ပါတီဝင်အင်အား ပြည်လည်စုစည်းခြင်းလို့ ဆိုရမလားပဲ။ တရားတယ် မတရားဘူးဆိုတာ အသာထား။ NLD က တရားဝင် မဟုတ်တော့ဘူး။ လူပြန်စုရင် ပြဿနာတက်ဦးမှာပဲ။ မြေအောက်ဥပေပုဒ်မနဲ့ ငြိနိုင်တယ်။ ဒါကြောင့် ဒေါ်စုဟာ လူမှုဖွံ့ဖြိုးရေးနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဘက်ကို လှည့်ပြီး အားပြန်ယူနေတယ်လို့ ယူဆတယ်။

သူ လွတ်လာပြီး သိပ်မကြာဘူး။ HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ထားတဲ့နေရာကို သွားတယ်။ နောက်တရက် နှစ်ရက်ကြာတော့ ရပ်ကွက်ရုံးက ဂေဟာက ပုဂ္ဂိုလ်တွေကို ဧည့်သည် တရားမ၀င် လက်ခံထားတယ်ဆိုပြီး ဆင့်ထားတယ်။ သိပ်တော့ အကြီးအကျယ် မဖြစ်လောက်ဘူး၊ အာဏာစက် နည်းနည်းပါးပါး ပြယုံလောက်ပါပဲလို့ ထင်တယ်။ ဒါ အာဏာပိုင်တွေဘက်က ပထမဆုံး စပြီး လုပ်တဲ့ စွက်ဖက်မှုပါပဲ။

ဒေါ်စု အနေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ နားလည်မှု ရယူပြီး အင်အား တောင့်တင်းအောင် ဖြည့်ပြီးမှ ဆက်လုပ်မယ်လို့ ထင်ပါတယ်။ တလနှစ်လနဲ့တော့ ဖြစ်မှ မဟုတ်လောက်ပါဘူး။

ရွေးကောက်ပွဲအပြီးမြန်မာပြည်
နောက်ပြီးတော့ ရွေးကောက်ပွဲလုပ်ပြီးတဲ့နောက်မှာ မြန်မာပြည်နိုင်ငံရေး အင်အားစုတွေ ကွဲပြားသွားတယ်လို့ မြင်တယ်။

ပါတီတွေကလည်း အခုမှ ကယောင်ကတမ်းနဲ့ မတရားဘူးလေး ဘာလေး ပြောနေကြတယ်။ ပြောတယ်ဆိုပေမယ့် အော်ကြီးဟစ်ကျယ် လုပ်ရဲတာတော့ မဟုတ်ပါဘူး။ သူတို့ ထပ်တိုင်ရင် ငွေဆယ်သိန်း ထပ်ကုန်တာပဲ အဖတ်တင်မယ် ဆိုတာကို သဘောပေါက်သွားကြပြီ ထင်ပါတယ်။ ဆယ်သိန်းအကုန်ခံပြီး တိုင်ရင်လည်း ရှုံးဦးမှာပဲ။ နောက်ထပ် ဒဏ်ငွေ သုံးသိန်း အတပ်ခံရဦးမယ်။ အဲဒါကြောင့်မို့ ပိုက်ဆံမကုန်တဲ့ ရေဒီယိုတွေကနေပဲ အော်နေတယ်။

ကြုံရတဲ့ ရွေးကောက်ပွဲ အကြောင်း
စနည်းနာကြည့်တယ်။ ကျွန်တော်တို့ မြန်မာတွေမှာ “လုပ်လည်း ခံရမှာပေါ့” ဆိုပြီး အငုံ့စိတ်၊ ကြောက်စိတ် ၀င်သွားတာကို တွေ့တယ်။ ပြီးတော့ ကြံ့ဖွံ့က တောဘက်တွေမှာ မှတ်ပုံတင်လုပ်ပေးလို့ ခြင်္သေ့ကို မဲထည့်ခဲ့တယ်ဆိုတဲ့သူနဲ့ တွေ့ခဲ့သေးတယ်။ သူတို့ကတော့ အဲဒီမှတ်ပုံတင် ရတာနဲ့တင် ကျေနပ်နေကြပါပြီ။ ခါတိုင်းလို ခရီးသွားထောက်ခံစာ ယူဖို့ မလိုတော့ဘူးလို့လည်း ပြောကြတယ်။

ငိုအားထက် ရယ်အားသန်ဆိုသလိုပါပဲ။ ရွာတရွာမှာကျတော့ ကျေးရွာမဲကော်မရှင်က ရွာသားတွေကို မင်းတို့ ဒီ ခြင်္သေ့ဘေးမှာ အမှန်ခြစ်ရမယ်။ အမှန်ခြစ်ကလေး လေးခု ခြစ်ရမယ်လို့ ပြောတာကို ရွာသားတွေက သဘောမပေါက်ဘဲ မဲရုံထဲမှာ ဘောလ်ပင် မှင်စမ်းဖို့ ချထားပေးတဲ့ ဗလာစာရွက်ပေါ်မှာ အမှန်ခြစ်တဲ့သူက ခြစ်၊ တချို့က ခြင်္သေ့ဘေးက လေးထောင့်အကွက်ထဲမှာ အမှန်ခြစ် လေးခု တစ်ခါတည်း ခြစ်ပစ်ခဲ့တဲ့သူက ခြစ်နဲ့ အတော်ကလေးကို ကိုးယိုးကားယား ဖြစ်သွားတယ် ဆိုပဲ။ အဲဒါနဲ့ တရွာလုံးက ထည့်လိုက်ကြတဲ့ မဲတွေ အကုန်လုံးလိုလို ပယ်မဲ ဖြစ်သွားတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ အဲဒီရွာမှာ ကြံ့ဖွံ့က တစညကို နိုင်သွားတယ် ဆိုသတတ်။

ကြံ့ဖွံ့မောင်တွေကလည်း အခု အမတ်လုပ်ဖို့ တိုက်ပုံ ချုပ်နေကြပြီ။ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးတွေ တကားကားနဲ့ အမတ်မင်းကြီးတွေပေါ့လေ။ လွှတ်တက်ပြီး ထင်ရာမြင်ရာ ပြောကြဖို့ ပြင်နေကြပြီ။ အဖေပြန်ပြောလို့ ကြားဖူးတာပဲ ရှိတယ်။ ကေဒါတွေ မဆလက ပေးတဲ နိုင်ငံရေး၊ စီမံခန့်ခွဲရေး သင်တန်း တက်ရသလို ကြံ့ဖွံ့တွေလည်း လက်ပူတိုက် သင်တန်းတွေ တက်ရတယ်ဆိုပဲ။

နိုင်ငံရေးအကျဉ်းသား
နိုင်ငံရေး အကျဉ်းသားဆိုပေမယ့် အာဏာပိုင်တွေဘက်က စွဲချက်တင်ထားတဲ့ ပုဒ်မတွေက နိုင်ငံရေးပြစ်မှု တခုမှ မပါဘူး။ ပြီးတော့ မြန်မာဥပဒေဆိုတာ သိတဲ့အတိုင်းပဲ။ CD ကိုင်ရင်လည်း အဖမ်းခံရတာပဲ။ အင်တာနက် သုံးရင်လည်း အဖမ်းခံရတာပဲလေ။ လမ်းလျှောက်ရင်းလည်း အဖမ်းခံရနိုင်တာပဲ။ အသက်ရှုတာတောင် အပြစ်လွတ်ရဲ့လား မသိပါဘူး။ အခုလည်း နိုင်ငံတကာကရော ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေက ၀ိုင်းပြောနေကြတာပဲလေ။ သိပ်တော့ ထူးလာမှာ မဟုတ်လောက်ဘူး။

တတိယအင်အားစု
တတိယ အင်အားစုဆိုတဲ့ သူတွေလည်း အခုတော့ ဂျိုးပြော မိုးပြော လုပ်နေကြပါပြီ။ သူတို့ တပည့်တပန်းတွေကတော့ ပြောတုန်းဆိုတုန်းပဲ။ အခုလည်း နိုင်ငံရေးကို လွတ်လွတ်လပ်လပ် ပြောခွင့်ရပြီလို့ ဆိုတဲ့သူက ဆိုတုန်းပဲ။ နောက် ငါးနှစ်အကြာမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေအတွက် စိတ်ရှည်သည်းခံရမယ်ဆိုတဲ့ ဦးခန္တီ တချို့လည်း ကျန်သေးတာပေါ့လေ။ အခြေအနေကတော့ ဘာမှ ထူးမလာဘူးဆိုတာကို လူတိုင်း သိကြတာပဲလေ။ ပညာရှင်တွေ ပညာရှိတွေပဲ မသိကြတာပါ။

တိုင်းရင်းသားအရေး
မြန်မာတွေ ခမောက်လုလိုက်၊ ဒေါင်းဖမ်းလိုက်၊ ခြင်္သေ့ကို ဆဲလိုက် လုပ်နေတဲ့ အချိန်မှာ တိုင်းရင်းသားပါတီတွေက အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး အင်အားပြလိုက်ပြီ။ အခုလည်း ဒေါ်စုကို ဒုတိယပင်လုံညီလာခံမှာ ခေါင်းဆောင်အဖြစ် ရွေးလိုက်တယ် ကြားတယ်။ သူတို့ကို အခုအချိန်ထိ မဖမ်းသေးဘူး။ လွှတ်ပေးထားတုန်းပဲ။

ထွေရာလေးပါး
မြန်မာပြည် စီးပွားရေးတော့ မသိဘူး။ နောက်နှစ်မှာ စပါးဈေး၊ ဆားဈေးတက်ဖို့ အကြောင်းရှိတယ်။ မုတ်သုန်မုန်တိုင်းတွေ နှိပ်စက်တာကြောင့်ပါ။ အခုတောင် ဧရာဝတီတိုင်းက နေရာတချို့မှာ ဆန်ကွဲ ကျိုသောက်နေရတဲ့သူတွေ ရှိတယ်။ တနေ့က နယ်မှာတွေ့ခဲ့တယ်။ ကလေးတယောက်၊ သူ့အိမ်က မနက်စာထမင်းကို ကျောင်းမတက်ခင် ချက်ဖို့ အဆင်မပြေဘူး။ မိဘတွေက လက်လုပ်လက်စားတွေကိုး။ ကလေးက တနေ့လုံး ဗိုက်ဟောင်းလောင်းနဲ့ ကျောင်းတက်။ ညနေ ကျောင်းဆင်းတော့မှ ထမင်းစားရရှာတယ်။ အတန်းဖော်တွေက ထမင်းလေး ဘာလေး မျှတကျွေးရင်တော့ တလုပ်တဆုပ် စားရတာပေါ့။ နောက်ဆုံးတော့ အခု အတန်းတင် စာမေးပွဲ ဖြေဖို့ သုံး လေးလ လိုတော့မှ ကျောင်းထွက်သွားရတယ်။

ဒီ အငတ်မင်း ဆိုတဲ့ ကဗျာ ဖတ်လို့ ကောင်းတယ်။ နွယ်စိုးဆိုတဲ့ နာမည်နဲ့ ၉၁ ဌာန အုပ်ချုပ်ရေး ခေတ်တုန်းက မြန်မာ့အလင်း နှစ်သစ်မင်္ဂလာ သတင်းစာမှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ဦးမျိုးမင်းက ရေးခဲ့တာ ဆိုပဲ။ အခုလည်း ၂၁ ရာစု မြန်မာ့အမတ်တွေ ဒီလိုပဲ လုပ်ကြဦးမှာပါပဲလေ။

အငတ်မင်း

အငတ်သင်းပါဘိ၊
အမတ်မင်း ကိုယ်စားလှယ်တို့၊
အချိုဆွယ် လိုဘွယ်စကားတွေနှင့်၊
စားကြပေါ့ တိုင်းပြည်ငွေ၊
ဇွတ်မရှက်နိုင်ဘု၊
လွှတ်တက်ကာ စားမာန်ဖီကြ၊
ဟန်ကပြီ လစာကြေးရယ်လို့၊
ကြည်အေးစွာ အသာယူပေါ့၊
ချုပြာဖြူ ကျုပ်တို့မွဲပေမဲ့၊
ဆင်းရဲသူ ပဒေသာက၊
ချွေတာကာ သူတို့စားမယ်တဲ့၊
အားရပါပေ၊
မတ်မဟုတ်ရင်က၊
ဗျတ်စုတ်မှာ ထမင်းရေနှင့်၊
အာသာပြေ လွေးမဲ့မျိုးတွေက၊
ဂုဏ်ဖြိုးကာ ကိုယ်စားလှယ်မို့၊
ဟော်တယ်မှာ ပျော်ပျော်မြူနိုင်ဘို့၊
စိတ်ကူးဖြင့် ယဉ်ရှာလေ၊
တို့ငွေကွဲ့ မတ်မင်း။ ။
တားမရပြီဘု၊
စားဝလျှင် မြိတ်အီလို့၊
ဇိမ်အဆီယစ်ကာ အိပ်ပါလိမ့်၊
မွတ်သိပ်သူ ပြည်မှာ ဆူတော့၊
ကုလားဖြူမင်းထံ ကြို့နိုင်ဘို့၊
ဆို့ ဟဲ့ အပင်း။ ။

နွယ်စိုး

1 comments :

  1. Anonymous said... :

    အစိုးရကအခုအချိန်မှာလူ‌တွေကိုအန်တီစုဖက်ကိုအာရုံလွှဲထားတယ်..
    ‌ရွေး‌ကောက်ပွဲမှာမတရားလုပ်ထားတာ‌တွေကိုနိုင်ငံတကာက‌ရောပြည်တွင်းကပါအသံ‌တွေတိတ်‌အောင်တဘက်ကိုလွှတ်‌ပေးထားတယ်
    သူတို့ဘက်ကအားလုံးပြင်ဆင်ပြီးရင်ညစ်ပတ်စုတ်ပဲ့တဲ့အ‌ကြောင်းတခုခြုပပြီးအန်တီစုကြိုပန်ဖမ်းနိုင်တယ်၊ဒါ‌ကြောင့်အားလုံးသတိရြှိကပါ၊ဖွတ်အစိုးရကိုမျက်‌ခြေပြတ်မခြံကပါနဲ့..။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved