Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

အမှားကင်းအောင်နေလို့မရဘူး အမှားနည်းအောင်တော့နေလို့ရတယ်ဆိုတဲ့ အေးမြတ်သူ

Monday, December 28, 2015 0 comments


သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ - ယုမွန်ကျော်/ The  Irrawaddy)

ဆယ်စုနှစ်တစုစာမျှ သရုပ်ဆောင် မော်ဒယ်လ်လောကမှာ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေကြောင့် ပရိတ်သတ်ရဲ့ ချင်ခင်အားပေးမှုကို လတ်တလောတိုင် ရရှိနေဆဲဖြစ်သလို ဆွဲမက်ဖွယ်ကောင်းတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ဒီကနေ့ထိတိုင်အောင် လူသိများထင်ရှားနေဆဲ မော်ဒယ်လ်နဲ့ သရုပ်ဆောင်      အေးမြတ်သူကို သိကြမယ်ထင်ပါတယ်။ ဒါ့အပြင် သူဟာ သိပ်မကြာသေးခင်ကာလလောက်က လောက်ကိုင်ဒေသမှာစစ်ပွဲတွေနဲ့ ရင်ဆိုင်နေရချိန်တုန်းကလည်း စစ်ဘေးရှောင် ပြည်သူတွေ ဒုက္ခသည်တွေထံ ကိုယ်တိုင်သွားရောက် ကူညီအားပေးခဲ့လို့ ပရိတ်သတ်ရဲ့ ချီးမွမ်း ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ဒီတော့   သရုပ်ဆောင် အေးမြတ်သူ နဲ့ ဧရာဝတီသတင်းထောက် ယုမွန်ကျော်တို့ ကြုံတုန်းဆုံတုန်းမှာ မေးဖြစ်ပြောဖြစ်ခဲ့တာလေးတွေကို အမြည်းသဘောအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

မေး  မြန်မာအမျိုးသမီးဆိုတာ ဘယ်လိုလို့ အေးမြတ်သူလက်ခံထားလဲ။

ဖြေ  တခါတလေကျရင်လေ လူတွေက ငါလုပ်တာ အကောင်း ငါပြောသလို ငါလုပ်သလိုမလုပ်နဲ့ ပြောသလြို ဖစ်နေတယ်။ ဥပမာ အိမ်ထောင်ကျသွားတဲ့သူတယောက်က သူအိမ်ထောင်ကျသွားပြီး နင်ယောကျာ်း မယူနဲ့နော် မကောင်းဘူး လို့ပြောတယ် သူကျတော့ ကျသွားပြီလေ။ ငါလုပ်သလိုမလုပ်နဲ့ငါပြောတာကိုလုပ် ဆိုတာလေ။ ပြောချင်တာက သိသိကြီးနဲ့ တခါတလေကျရင် မှားတတ်ကြတဲ့ အမှားတွေလည်း ရှိပါတယ်။ မြန်မာမိန်းကလေးတယောက်ကတော့ ကိုယ့်ရဲ့ ကာယိနြေ္ဒကိုတော့ ထိန်းသိမ်းရတာပေါ့။ အဲဒီလိုပြောမယ်ဆိုရင် နင်ကျတော့ ဒီလိုရိုက်ပြီးပြောတယ်ပေါ့ ဆိုပြီး ရှိကောင်းရှိနိုင်တယ် ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမဟုတ်ရင်တောင်မှ အေးမြတ်သူ လုံလုံခြုံခြုံနဲ့ ပုံလေးတွေပေါ်လာရင် အဲဒီပုံလေးတွေကိုပိုကြိုက်ကြမှာ။ ဒါက ခေတ်အရ ဒီလိုရိုက်ကြတာရှိမယ်။ဒါပေမယ့် တကယ့်တကယ့် ရင်ထဲစွဲဖို့ဆိုတာ မြန်မာမတယောက်က ကျက်သရေရှိရှိ လုံလုံခြုံခြုံဆိုရင် ပရိသတ်ရင်ထဲမှာ စွဲနေမှာပါ။ ဒါက ခဏပါ။ ဒီထက်ပို ဟော့တဲ့ပုံတွေ တက်လာခဲ့ရင် ဒီပုံက ဘာမှမဟုတ်တော့ပါဘူး။ ဒါက ခဏလေး အတိုင်းအတာမှာ ပရိသတ်က လက်ခံနေတာပါ။ တပတ်ပေါ့ ဆယ်ရက်ပေါ့။ ဒီထက်ပိုပြီး ဟော့တာမျိုး၊ ဖော်တာမျိုးထွက်လာခဲ့ရင် ဒီပုံက ဘာမှ မဟုတ်တော့ဘူး။ ဒါပေမယ့် ဘယ်တော့မှ မရိုးတာက မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိတဲ့ ပုံပါပဲ။ ဒါလေးက သူရဲ့ဘ၀မှာ အလှဆုံးပုံလေးဖြစ်နေမှာပါ အေးမြတ်သူက အဲဒါကို လက်ခံပါတယ်။ တချို့ဟာတွေက ခေတ်ကြောင့်သာ ခဏသာ ဟော့နေတာပါ။ ပြောချင်တာကတော့ မြန်မာမိန်းကလေးတယောက်က ကိုယ့်ရဲ့ ကာယိနြေ္ဒ ထိန်းသိမ်းရပါတယ်။ ပြီးတော့ အနေအထိုင်ဆင်ခြင်ရပါတယ်။ ဒါတွေက ပြောနေပေမယ့် လူတိုင်းတော့ မလုပ်နိုင်ပါဘူး။ ကိုယ်တိုင်လဲ အပါအ၀င်ပါပဲ၊ လူငယ်သဘာဝ မှားတာတွေရှိခဲ့ပါတယ်။ ပြောနေကျသလိုပေါ့ အမှားလုံးဝမရှိတဲ့သူဆိုတာ မရှိပါဘူး။ အမှားကင်းအောင် အေးမြတ်သူတို့ နေလို့မရဘူး။ အမှားနည်းအောင်တော့ အေးမြတ်သူတို့ နေလို့ရပါတယ်။ အေးမြတ်သူလဲ အမှားမကင်းဘူး ဒါပေမယ့်အတတ်နိုင်ဆုံး အမှားနည်းအောင်တော့ နေတယ်။ မမှားဘူးလို့တော့ မပြောပါဘူး။

မေး  အိမ်ထောင်ပြုဖို့ရော အစီအစဉ်က ဘယ်လိုရှိလဲ။

ဖြေ  အဲဒါနဲ့ပတ်သက်ပြီး အေးမြတ်သူ အသက် ၂၆ နှစ်လောက်ကထဲက အမြဲပြောပါတယ်။ အသက် ၃၀ ကျရင် အိမ်ထောင်ပြုမယ်လို့လေ။ မရတာတော့ ကံပေါ့လေ။ အေးမြတ်သူက လေကတော့ မလျော့ဘူး။ ၃၀ သာ ကျော်သွားမယ် လေကတော့ မလျော့ဘူး အသက် ၃၀ မှာ အိမ်ထောင်ပြုမယ်ပဲ။ အသက် ၂၆နှစ်ထဲက ပြောနေတာလေ။ တွေ့ပြီလားဆိုရင် တွေ့လို့လဲ မဟုတ်ဘူးလေ။ အေးမြတ်သူရဲ့ life plan က အဲလိုလေ။ ကိုယ်မှာရှိနေလို့ လုပ်တော့မှာမလို့ ပြောနေတာ မဟုတ်ဘူး။ ရှိနေရင်တော့ သေချာတယ်ပြောပြမှာ ကိုယ်က မလျို့ဝှက်တတ်ဘူးလေ။ အခုက ၃၀ က ပြည့်တော့မယ် မဖြစ်တော့ဘူးဆိုတော့ ၃၅ နှစ် မှလို့ ပြောင်းပြောရင်ကောင်းမလားမသိဘူး။ ပြောရတာ ရှက်လာလို့လေ။


ဆက်လက်ပြီး သရုပ်ဆောင် အေးမြတ်သူက သူ့ရဲ့ ခန္တာကိုယ်အချိုးအစားလှပမှု၊ အလှအပကို ဘယ်လို ထိန်းသိမ်းပြုပြင်သလဲ၊ sexy pose ဆိုတာနဲ့ ပတ်သက်လို့ စတာတွေကို ဘယ်လို ပြောဆိုဖြေကြားထားသလဲဆိုတာ ဧရာဝတီကနေ ဆက်လက်ဖော်ပြပေးပါဦးမယ်နော်။ 


နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ဆိုတဲ့ အဆိုတော်လေးဖြူ

Monday, December 21, 2015 0 comments


အဆိုတော် လေးဖြူ  (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

မြန်မာနိုင်ငံရဲ့ ရော့ခ်ဘုရင်ကြီးတဆူလို့ပြောလို့ရနိုင်ပြီး ဒီကနေ့ထက်ထိကို ရော့ခ်ဂီတမှာ နှစ်ပေါင်းများစွာတိုင်အောင် မားမားမတ်မတ်ရပ်တည် နေနိုင်ဆဲဖြစ်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်း ရော့ခ်ဂီတသမားကြီးတဦးရှိပါတယ်။ သူထွက်သမျှ တေးစီးရီးတိုင်းကလည်း ပရိတ်သတ်အကြား မပေါက်ဘူးဆိုတာ မရှိပါဘူး။ သူကတော့ အဆိုရှင်ကြီး လေးဖြူပါ။ သူတဦးတည်သာမက သူနဲ့အတူ ကပ်ပါလာစမြဲ ဒီကနေ့ထက်ထိလည်း လက်တွဲနေဆဲ ဂီတအဖွဲ့တခုဖြစ်တဲ့ Iron Cross Music Band ဟာလည်း ဂီတလောကမှာ အောင်မြင်ပေါက်မြောက်နေဆဲပါပဲ။ ရော့ခ်ဘုရင်ကြီး အဆိုတော် လေးဖြူကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဘာတွေစပ်စုမေးမြန်းထားသလဲဆိုတာကို အမြည်းသဘောအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။

မေး  နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မေးခွန်းရော မေးလို့ရမလား။

ဖြေ  ကျနော်နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ခင်ဗျ။



မေး  ဒါဆို အခု ပြောင်းလဲလာတဲ့ နိုင်ငံရေးမှာ ကိုလေးဖြူအနေနဲ့ရော ဂီတပိုင်းမှာ ဘယ်လိုပြောင်းလဲမှုကို  မျှော်လင့်ထားတာမျိုးရော ရှိပါလား။

ဖြေ  ဟုတ်ကဲ့။ အများကြီး ရှိပါတယ်။ ဒါကလည်း ရှင်းရှင်းပြောရရင် ကျွဲကူးရေပါပေါ့။ နိုင်ငံတော်က ပြောင်းလဲမယ် အစိုးရက ပြောင်းလဲမယ်။ လူတွေကလဲ ပြောင်းလဲမယ်ဆိုရင် ကျနော်တို့ music ကလည်း မလွဲမသွေ ပြောင်းရမှာပဲ။ ပြောင်းလဲရမှာပဲ၊ ဆိုလိုတာက တင်ဆက်ပုံ တင်ဆက်နည်းတို့ ဂီတအမျိုးအစားတို့ အမှန်က music ဆိုတာ သစ်ပင်လိုပဲ အမြဲတမ်း Develope ဖြစ်နေရမှာလေ တနေရာမှာ ရပ်နေလို့ မရဘူး။ ဒါပေမယ့် နှစ်ရှည်လများ ဒီတခုထဲကိုပဲ ထုံပြီးဒီတခုထဲကိုပဲ သာယာနေတဲ့ အဲဒီလောက်ကောင်းမွန်နေတဲ့ Music မျိုးကတော့ ကမ္ဘာမှာ ဘယ်နှစ်ခုမှ မရှိပါဘူး။ Rock Music ကတော့ ပုံစံသာ နည်းနည်းပြောင်းရင် ပြောင်းသွားမယ်။ သူရဲ့ အရိုးအရေကတော့ ဒီအတိုင်းပါပဲ။ သူက ကြာရှည်ခံတယ်။ အဲဒါကြောင့်သူများတွေက ပြောကြတယ် Rock will never Die ဆိုပြီးတော့လေ ကျနော်တို့လဲ အဲဒီလိုပဲ Rock ကို ချစ်မြတ်နိုးပါတယ်။ ပြောင်းလဲတယ် ဆိုတာကလည်း သူရဲ့ အသွင်အပြင်နဲ့ ပရိသတ်တွေဆီကို တဆင့် ရောင်းချတဲ့နည်းတို့ နောက်ပြီး Data Travelling ပေါ့ ကျနော်တို့ရဲ့ အနုပညာပစ္စည်းတို့ ဘယ်လိုဖြန့်ဖြူးမလဲဆိုတဲ့ နည်းစနစ်တွေရော ပြောင်းလဲရမှာပေါ့။ အခုဆိုရင် သီချင်းတွေကို ဟမ်းဖုန်းကနေ ၀ယ်လို့ရနေပြီ၊ ကျနော်တို့ အရင်တုန်းက ဆိုရင် ဘားလမ်းမှာသွားဝယ်ရတယ်။ နောက်တခါ City Mart မှာ ၀ယ်လို့ရတယ်။ အခုဆိုရင် အွန်လိုင်းပေါ်မှာ ၀ယ်လို့ရလာတယ်။ အဲဒီလိုမျိုးပေါ့။ အဲဒါတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲသင့်ပြီ၊

မေး Rock ဂီတကို ဒီဘက်ခေတ် လူငယ်တွေ စိတ်ဝင်စားမှုအပိုင်းနဲ့ Rock ဂီတရဲ့ မြန်မာနိုင်ငံမှာ ရပ်တည်မှု အနေအထားကိုရော ကိုလေးဖြူ ဘယ်လိုသုံးသပ်ပြောပြချင်လဲ။

ဖြေ ကျနော်ကတော့ Blind Faith ပဲပြောပြော Rock music ကတော့ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေရဲ့ ရင်ခုန်သံပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ ဂီတဖြစ်နေတဲ့အတွက်ပါ။ အဲဒါက တော်ရုံတန်ရုံ လူသိနားလည်မှာမဟုတ်ဘဲ နှလုံးသားချင်း ချိတ်ဆက်နားလည်ရတဲ့အလုပ် သူတီးတဲ့ Base နဲ့ သူတီးတဲ့ Drum နဲ့ သူဆိုတဲ့ Tempo နဲ့ ချိတ်ဆက်ထားတာ နှလုံးသားချင်းချိတ်ဆက်ပြီး လုပ်နေရတဲ့အလုပ်ပါ။ လူတွေမှာ မွေးကတည်းက ပါတဲ့နှလုံးသားနဲ့ ဆောက်တည်ပြီး အခြေခံပြီးလုပ်နေရတဲ့ အတွက် လူတွေရှိနေဦးသမျှ သူကလည်း ရှိနေဦးမှာပါ။

ရော့ခ်ဘုရင်ကြီး လေးဖြူက ဧရာဝတီကို ဂီတအပေါ်အမြင်၊ ပြောင်းလဲမှုများနှင့် ဖန်တီးမှုအပိုင်းများနဲ့ပတ်သက်လို့ ဘာတွေ ဘယ်လို ဖြေကြားပေးထားသလဲဆိုတာ ဧရာဝတီကနေ ဆက်လက်ဖော်ပြပေးပါဦးမယ်။


အွန်လိုင်းမှာပေါ်ထွက်ခဲ့တဲ့ဒီဇိုင်းတူဝတ်စုံကြောင့်ဘာစိတ်အနှောင့်အယှက်မှမဖြစ်ခဲ့ပါဘူးဆိုတဲ့ အလှမယ်

Friday, December 11, 2015 0 comments


ဆုရ ညနေခင်းဝတ်စုံနှင့်အတူ Miss Supranational 2015 မြန်မာအလှမယ် Lဘောက်နူး (ဓာတ်ပုံ - Golden land myanmar organization facebook)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ပိုလန်နိုင်ငံတွင် ကျင်းပပြုလုပ်သွားတဲ့ Miss Supranational 2015 ပြိုင်ပွဲမှာ မြန်မာအလှမယ် L ဘောက်နူးဟာ အင်တာနက် မဲအများဆုံးဆု နဲ့ အကောင်းဆုံး ညနေခင်းဝတ်စုံဆု နှစ်ဆုရရှိခဲ့တာပါ။ Miss Supranational ပြိုင်ပွဲဟာ မြန်မာအလှမယ်တွေအတွက် အခွင့်အရေး အများဆုံးရတဲ့ ပြိုင်ပွဲတခုများလားလို့တောင် ထင်မြင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ  ပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ ၂၀၁၃ ခုနှစ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ခင်ဝင့်ဝါ ဆိုရင် အင်တာနက်ဆုကို ရရှိခဲ့ပြီး စကာတင်အယောက် ၂၀ စာရင်းမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဒုတိယမြောက် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဟန်သီမှာလည်း အာရှကိုယ်စားပြုအလှမယ်ဆုနှင့် အင်တာနက်ဆုတွေကို ဆွတ်ခူးရရှိခဲ့တာပါ။

ဒီမှာ ထူးခြားတာက ၂၀၁၅ ခုနှစ်အတွက် Miss Supranational ပြိုင်ပွဲမှာ ၀င်ရောက်ခဲ့တဲ့ အလှမယ်       Lဘောက်နူး ရဲ့အမျိုးသားဝတ်စုံပြိုင်ပွဲမှာ လက်ရှိအနိုင်ရပါတီ NLD ရဲ့ Logo တံဆိပ် နှင့် မြန်မာဝတ်စုံ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒီလိုယှဉ်ပြိုင်ခဲ့လို့လည်း အွန်လိုင်းမှာ ပေါ်ထွက်နေတဲ့ ဒီဇိုင်းနှင့်ပုံစံတူဖြစ်သွားလို့ အငြင်းပွားဖွယ်ရာတွေနဲ့လည်း ကြုံတွေခဲ့ရပါသေးတယ်။ ကဲ မြန်မာအလှမယ် L ဘောက်နူးကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က မေးမြန်းစပ်စုထားတဲ့ အနည်းငယ်သော ကောက်နုတ်ချက်ကလေးကို ဖော်ြ ပပေးလိုက်ပါတယ်။

မေး  National Custome မှာ ဘောက်နူးက မြန်မာဝတ်စုံကို NLD logo ချုပ်ပြီး ၀တ်ခဲ့တယ်။ အဲဒီ ဒီဇိုင်းကလည်း အွန်လိုင်းမှာ ဒီဇိုင်းပိုင်းနဲ့ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တော့ အဲဒီအပေါ်ကိုရော ဘယ်လိုများ ပြောပြချင်တာ ရှိမလဲ။

ဖြေ  ညီမကတော့ အဲဒီဝတ်စုံကိုဝတ်ရတာ အရမ်းကို ဂုဏ်ယူပါတယ်။ ဒီဝတ်စုံကို ညီမက ရွေးကောက်ပွဲမှာ NLD က နိုင်ခဲ့လို့လည်း ၀တ်ခဲ့တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမစခင်ထဲက ညီမတို့က ဒီဝတ်စုံကို ချုပ်နေ   ပြီးပါပြီ၊ အဲဒီတုန်းက ဒီ အိုင်ဒီယာကို ညီမလက်ခံခဲ့တယ်ဆိုတာကလည်း ညီမတို့ ၀တ်စုံက သာမာန်အမျိုးသမီးတယောက်မဟုတ်ဘဲနဲ့ နိုင်ငံတကာက အသိအမှတ်ပြုပြီး နိုဗယ်လ်ဆုလည်းရထားတဲ့  အမျိုးသမီးကို ကိုယ်စားပြုပြီး ၀တ်ရမှာ ဖြစ်တဲ့အတွက် အရမ်းကျေနပ်ပါတယ်။ ၀တ်စုံက ညီမတို့အကုန်လုံး ဆရာတို့နဲ့ ညီမနဲ့ စဉ်းစားပြီး ချုပ်ဖြစ်ခဲ့တာပါ။

မေး  ဒီလိုမျိုးဖြစ်ခဲ့တဲ့အတွက် ပြိုင်ပွဲဝင်နေတုန်းရော ကိုယ့်အတွက်  စိတ်အနှောက်အယှက် ၊ စိတ်ဖိစီးမှုရော ဖြစ်ခဲ့မိသေးလား။

ဖြေ  ညီမ ဘာမှမဖြစ်ခဲ့ပါဘူး။ ညီမပြိုင်ပွဲဝင်နေတဲ့အခါမှာ ဒီလိုကိစ္စမျိုး ဖြစ်လာတယ်။ အဲဒီဟာကို ညီမ Facebook ပေါ်မှာ တွေ့တယ်။ ဒါပေမယ့် အဲဒီဘက်ကို စိတ်ရောက်သွားရင် ဒီဘက်ပြိုင်ပွဲမှာ ဘာပဲ လုပ် လုပ် စိတ်ပျော်တော့မှာ မဟုတ်ဘူးလေ။ အဲဒီကိစ္စကို ခေါင်းထဲ မထည့်ဘဲ ဆရာတို့ကလည်းပြောထား တယ်။ ဒါကို ခေါင်းထဲမထည့်ဘဲ ပြိုင်ပွဲကိုပဲ အကောင်းဆုံးပြိုင်ဖို့ကိုပေါ့။ အဲဒီအတွက် ပြိုင်ပွဲကို ခေါင်းထဲထည့်တဲ့အတွက်ဝတ်စုံနဲ့ပတ်သတ်ပြီး  စိတ်အနှောက်အယှက်တော့ မဖြစ်ခဲ့ပါဘူး။

ကဲ ..အလှမယ် Lဘောက်နူးရဲ့ ပြည်ပပြိုင်ပွဲ အတွေ့အကြုံရယ် Miss တယောက်အနေနဲ့ ဘာတွေ ဘယ်လိုဆက်လုပ်သွားဦးမယ်ဆိုတဲ့ အမေးအဖြေ အပြည့်အစုံကို ဧရာဝတီ ၀က်ဆိုဒ်ကနေ ထပ်မံ ဖော်ပြပေးပါဦးမယ်။ 


မြန်မာ့အလှဖန်တီးရှင်တွေ လေဒီဘွိုင်းတွေပေးမယ့် အသည်းကြားက မဲတပြားက ဘယ်ပါတီအတွက်လဲ

Wednesday, November 4, 2015 0 comments

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ကျင်းပတော့မယ်ဆိုတာ အားလုံးလည်းအသိပါပဲ။ အခုဆိုရင် ဒီရွေးကောက်ပွဲကြီးအတွက် သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်အလိုက် ကြိုတင်မဲတွေလည်း ပေးလို့ရနေပါပြီ။ အဲ့ဒီလိုကြိုတင်မဲ မပေးချင်ဘဲ နိုဝင်ဘာ ၈ ရက်နေ့ကျမှ မဲထည့်ချင်သူတွေအနေနဲ့လည်း နံနက် ၆ နာရီက စလို့ ညနေ ၄ နာရီအထိ သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ မဲရုံအသီးသီးမှာ မဲထည့်နိုင်ကြပါတယ်။ ကဲ ဒီလို မဲထည့်ကြမယ့် ပြည်သူ ပြည်သားတွေထဲက အပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အလှဖန်တီးရှင်တွေ၊ လေဒီဘွိုင်းတွေ ဂေးလ်တွေအနေနဲ့ရော ဘယ်ပါတီ ဘယ်သူ့ကို ဘာကြောင့် မဲထည့်ကြမှာလဲ။ ၂၀၁၅ ရွေးကောက်ပွဲကြီးအပေါ်ကိုရော သူတို့တွေအနေနဲ့ ဘယ်လိုမြင်ကြသလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းမယ် ထင်ပါတယ်။ ဒါကြောင့် ဧရာဝတီပရိတ်သတ်တွေအတွက် သူတို့တွေရဲ့ အသည်းကြားက မဲတပြားဟာ ဘယ်သူဖြစ်မလဲ၊ ဘယ်ပါတီဖြစ်မလဲဆိုတာ မေးမြန်းစပ်စုထားတာများကို ဖော်ပြပေးလိုက်ပါတယ်။

မိတ်ကပ် ခင်စန်းဝင်း (ဓာတ်ပုံ - khin san win facebook)


မိတ်ကပ် ခင်စန်းဝင်း

ရွေးကောက်ပွဲအပေါ် အမြင်ကတော့ သူတို့ပြုလုပ်တဲ့အပေါ်မှာ အမြင်မျိုးမဟုတ်ဘဲ မကြီးစန်းဖြစ်စေချင်တဲ့ ဆန္ဒကတော့ ရွေးကောက်ပွဲမှာ အမှန်တကယ် အနိုင်ရတဲ့ ပါတီကို အမှန်တကယ်ပဲ ရွေးချယ်ပြီးတော့ လွှဲပြောင်း ပေးစေချင်ပါတယ်။ မကြီးစန်းဘယ်လိုလူမျိုးကိုရွေးမယ်။ ဘယ်ပါတီကိုရွေးမယ်ဆိုတာကတော့ မကြီးစန်းတို့ နိုင်ငံနဲ့ လူမျိုးအတွက်ကို ဂုဏ်ယူစရာကောင်းတဲ့ ကိုယ့်ကျင့်သိက္ခာ သီလနဲ့ ပြည့်စုံတဲ့သူကိုပေါ့၊ နောက် မြန်မာ ပြည်သားတွေအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးနိုင်မယ့် သူမျိုး၊ နိုင်ငံတကာနဲ့ ယှဉ်ရင် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်မျိုး၊ အသိဥာဏ် ဗဟုသုတကြွယ်ဝတဲ့သူဖြစ်ရမယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့လည်း ပြေပြစ်ပြီးတော့ ထွင်းဖောက်နိုင်တဲ့သူ ပေါက်ရောက်နိုင်တဲ့သူလည်းဖြစ်ရမယ်။ အဲ့ဒီပုဂ္ဂိုလ်က ပြည်သူတွေကို ကျောသားရင်သား မခွဲခြားဘဲ ဆက်ဆံပြီးတော့ တိုးတက်မှုကို တပြေးညီတည်း တောရောမြို့ပါမကျန် တိုးတက်အောင် ဖော်ဆောင်ပေးနိုင်မယ့်သူမျိုးဖြစ်ရမယ်။ သခင်ရယ်ကျွန်ရယ်မဟုတ်ဘဲ ဒီမိုကရေစီ စနစ် အတိုင်း တပြေးညီတည်းအပြည့်အ၀လုပ်ပေးနိုင်မယ့်သူမျိုးကို မကြီးစန်း မဲပေးမှာပါ။

မိတ်ကပ် ဥာဏ်ဥာဏ်-လှည်းတန်း(ဓာတ်ပုံ -မိတ်ကပ် ဥာဏ်ဥာဏ် လှည်တန်း ဖေ့ဘုတ်)


မိတ်ကပ် ဥာဏ်ဥာဏ်(လှည်းတန်း)

ဦးဥာဏ်ကတော့ NLD ပါပဲ။ အမေစုရဲ့ လုပ်ဆောင်ချက်ကို ကြိုက်လို့ပါ။ တကယ်ပင်ပင်ပန်းပန်းနဲ့ လုပ်ဆောင် နေတဲ့ အမေစုကိုပဲဖြစ်စေချင်တယ်။
 
မိတ်ကပ် ညီညီမောင် (စမ်းချောင်း) (ဓာတ်ပုံ- nyi nyi mg facebook)


မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

ညီမောင်တို့ကတော့ အမှန်အတိုင်းပြောရရင် အပြောင်းအလဲဖြစ်မယ့် ပါတီမျိုးကို လိုချင်ပါတယ်။ ညီမောင်တို့က ရှင်းရှင်းပြောရရင် မိန်းမလျာတွေလည်း ဖြစ်တယ်။ မိန်းမလျာဆိုတော့ များသောအားဖြင့် လူတွေက နှိမ်တာပေါ့နော်။ အဲ့ဒါကြောင့် ညီမောင်တို့ကိုလည်း နေရာတနေရာ ပေးတာမျိုး လူအခွင့်အရေးထဲမှာ မိန်းမလျာတွေအတွက် Human Right ရှိမယ့် ပါတီမျိုးကို မဲပေးချင်တယ်။ မိန်းမလျာဆိုပေမယ့် လူထဲက လူပဲလေ။ ဒီမိုကရေစီဆိုရင် လူတန်းစားမခွဲခြားဘူး။ ညီမောင်တို့အတွက် လွှတ်တော်ထဲမှာ ပြောပေးနိုင်မယ့် လူမျိုးတွေ မွေးထုတ်ပေးနိုင်မယ့် ပါတီကို မဲပေးချင်တယ်။ ညီမောင်တို့နိုင်ငံမှာ တခုရှိတာ ဘယ်ပါတီ တက်လို့ ဘာဖြစ်မယ်ဆိုတာ မသိရဘူး။ ဒါပေမယ့် အဓိကကတော့ အမေစုရဲ့ NLD ကိုတော့ မဲပေးမှာ သေချာပါတယ်။

ရွေးကောက်ပွဲအပေါ်အမြင်အနေနဲ့ကတော့ ညီမောင်တို့လည်း အများကြီးနားမလည်ပါဘူး။ ညီမောင်တို့က စစ်အာဏာရှင်လက်အောက်မှာ နေလာရတော့ ညီမောင်တို့မှာ ကြောက်စိတ်တွေအများကြီးရှိတယ်။ အဲ့အတွက် ကြောင့် အများကြီးလည်း မပြောတတ်ဘူး။ အများကြီးလည်း နားမလည်ဘူး။ ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်းတွေနဲ့ ကောင်းသော အရာတွေဖြစ်ဖို့နဲ့ ပြီးတော့ လူအခွင့်အရေးဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ယောက်ျားလျာဖြစ်ဖြစ် မိန်းမလျာဖြစ်ဖြစ် တန်းတူညီမျှ အခွင့်အရေးတွေရမယ့် အုပ်ချုပ်သူရဲ့ လက်အောက်မှာတော့ မသေခင်လေး နေချင်ပါသေးတယ်။

မိတ်ကပ်လင်းလင်း(ဓာတ်ပုံ - linn linn facebook)


မိတ်ကပ် လင်းလင်း

လင်းတို့က လူငယ်တွေဆိုတော့ နိုင်ငံရေးဆိုတာတော့ နားမလည်ပါဘူး။ ဒါပေမယ့် ကိုယ်လည်း သူများ နိုင်ငံကြီးတွေကို သွားလာနေရတော့ ကိုယ့်နိုင်ငံကိုလည်း အဲ့လိုနိုင်ငံမျိုးဖြစ်စေချင်တာတော့ လင်းတို့ ရင်ထဲက စိတ်စေတနာအမှန်ပါ။ ဒါပေမယ့် လင်းတို့က ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ကြောင့် အမြဲတမ်းတော့ အကောင်း ချည်းပဲ မြင်လို့တော့ မရဘူးပေါ့။ ဖြစ်ချင်ပေမယ့်လည်း ဖြစ်လာချင်မှ ဖြစ်လာမှာလေ။ အဓိက ပြောချင်တာ ကတော့ မြန်မာပြည်ကလူတွေက စည်းကမ်းအားဖြင့် လိုက်နာမှုအရမ်းနည်းနေတဲ့အတွက်ကြောင့် တိုင်းပြည် တိုးတက်မှု နှောင့်နှေးနေတယ်လို့ ထင်ပါတယ်။ အဲ့အတွက်ကြောင့်မို့ စည်းကမ်းကို သေချာကြပ်မတ်နိုင်တဲ့ ခေါင်းဆောင်မျိုး၊ နောက် လင်းတို့ အခုဆိုရင် အမြတ်တော်ခွန်တွေ ဆောင်နေရတယ်။ အဲ့ဒီအခွန်တွေကို သေသေချာချာ သူ့နေရာနဲ့သူ အသုံးပြုနိုင်မယ့် လူကြီးလူကောင်းမျိုးတွေ လိုအပ်မယ်လို့ထင်ပါတယ်။ နိုင်ငံခြားမှာ ဒီလို အခွန်ဆောင်တယ်ဆိုရင် အသက် ၆၀ ပြည့်တဲ့အခါမှာ ဒီအခွန်တွေရဲ့ အကျိုးကျေးဇူးကို ပြန်ခံစားရတယ်လေ။ မြန်မာပြည်မှာ ဒါမျိုးမခံစားရဘူး။ မရှိဘူး။ ဆောင်သာဆောင်လိုက်ရတယ် ဘယ်တွေ ရောက်သွားမှန်းမသိတာမျိုးကျတော့ သဲထဲ ရေသွန်တာမျိုးဖြစ်နေတာကိုတွေ့ရတာပေါ့နော်။ နိုင်ငံတကာနဲ့ရင် ဘောင်တန်းဖို့ ပြောနေပေမယ့်လည်း မြန်မာလူမျိုးတွေ ၁၀၀ မှာ ၈၀ စည်းကမ်းအားဖြင့် လျော့နည်းနေပါသေး တယ်။ အဲ့ဒီအတွက်ကြောင့် စည်းကမ်းရှိဖို့ အရင်လုပ်မှဖြစ်မှာပါ။ လင်းတို့ကတော့ လူငယ်တွေဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုပဲ ကြိုးစားပြီးလုပ်တယ်။ ဘယ်သူ့ဘက်မှ ပါဖို့လည်းမရှိဘူး။

အဓိကပြောချင်တာကတော့ ခေါင်း ဆောင်ကောင်းတယောက်ကို ရွေးတော့မယ်ဆိုရင် ထီထိုးသလိုပါပဲ။ ကောင်းမယ်၊ မကောင်းဘူးဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်တဲ့အတွက် ဗုဒ္ဓဘာသာလူမျိုးတယောက်အနေနဲ့ ကံစီမံရာအတိုင်းပါပဲလို့ ထင်ပါတယ်။

အခုဆိုရင် အနုပညာရှင်တွေရော ဘာတွေရော လင်းနဲ့ အကျွမ်းတ၀င်ဖြစ်နေတဲ့ အနုပညာရှင်တွေပေါ့။ သူတို့တွေက များသောအားဖြင့် အကုန်လုံးကတော့ NLD အမေစုပေါ့။ အမေစုဆိုတာကလည်း တကယ့်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ်ပြုထားတဲ့သူဆိုတော့လည်း သူလည်း အသိဥာဏ်ပညာကြွယ်ဝတဲ့ အပိုင်းတွေ ရှိပါတယ်။ အခုလက်ရှိ အုပ်ချုပ်နေတဲ့သူတွေလည်း မကောင်းဘူးလားဆိုတော့လည်း  သူတို့အုပ်ချုပ်တာ ကောင်းလို့လည်း လူတိုင်း အေးအေးချမ်းချမ်းနဲ့ နေရတယ်လို့ထင်ပါတယ်။ လူ့စိတ်ဆိုတာကတော့ မျောက်စိတ် လိုပါပဲ။ ၈ ရက်နေ့ကျတော့မှ လင်းကတော့ စိတ်ကူးပေါက်တဲ့ဟာလေးကို ပေးလိုက်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးဘက်က ချိန်ခွင်လိုပါပဲ။ Balance ကတော့ ညီနေတာပေါ့နော်။ အန်တီစုဘက်က ကြည့်မယ် ဆိုပြန်တော့လည်း သူ့အနေနဲ့ မြန်မာပြည်ကို အုပ်ချုပ်ထားတာ တခါမှ မရှိဖူးသေးဘူးဆိုတော့ ကောင်းသလား ဆိုးမလားဆိုတာ လင်းတို့လည်းမပြောနိုင်သလို ဘယ်သူမှလည်း ပြောနိုင်မှာမဟုတ်ပါဘူး။ အားလုံးက အမှန်းလေးတွေ စိတ်ကူးလေးတွေယဉ်နေကြတယ်လို့ ထင်ပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့သူတွေကျတော့ လည်း လင်းတို့ မိသားစုတစုမှာတောင်မှ ညီအကိုမောင်နှမအချင်းချင်း စည်းလုံးဖို့ဆိုတာ တော်တော်ခက်ပါ တယ်။ တတိုင်းပြည်လုံးကို စည်းလုံးအောင်လုပ်ဖို့ လူကြီးတွေအနေနဲ့လည်း အခက်တွေ့မယ်လို့ ထင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် လင်းကတော့ အဲ့ဒီနေ့ကျမှပဲ စိတ်ကူး စိတ်သန်ရာကို မဲထည့်ဖြစ်မှာပါ။

၂၀၁၅ ရွေးကောက်ပွဲကတော့ ကောင်းပါတယ်။ တခု၊ တနေရာ ပြောင်းလဲသွားမယ်လို့ မြင်ပါတယ်။ အခွန်ဆိုရင် လည်း လင်းတို့ မငြီးမငြူပဲ ဆောင်ပါတယ်။ အခုဆိုရင် ဆေးရုံဆေးပေးခန်းတွေမှာ တကယ့်ကို လိုအပ်နေတဲ့ လူနာတွေ ဆင်းရဲနွမ်းပါးတဲ့ ဝေဒနာရှင်တွေကို တွေ့ရတယ်။ အဲ့ဒါတွေကိုတွေ့ရင် အရမ်းကိုယ်ချင်းစာမိတယ်။ ဒီလိုအခွန်အခတွေကို ကျန်းမာရေးဘက်မှာသုံးလို့ပိုမှ ပညာရေးဘက်မှာ သုံးသင့်တယ်လို့ ထင်ပါတယ်။ ပညာတွေ တက်ပြီး ကျန်းမာရေးမကောင်းဘူးဆိုရင်လည်း တိုင်းပြည်က ဘာမှ တိုးတက်လာမှာမဟုတ်ဘူးလေ။ အရင်ဆုံး လင်းပြောချင်တာကတော့ လင်းတို့ဆောင်နေတဲ့ အခွန်တွေကိုလည်း နောက်တက်လာမယ့် အစိုးရအနေနဲ့ သေချာ စနစ်တကျနဲ့ ကျန်းမာရေးဘက်မှာ
အရင်ဆုံး အသုံးပြုသင့်ပါတယ်လို့။



မျိုးကိုကိုစန်း(ဓာတ်ပုံ -ဧရာဝတီ)

မျိုးကိုကိုစန်း (Miss International Queen Myanmar 2014)

ညီမအနေနဲ့ကတော့ LGBT (Lesbian,Gay,Bisexual,Transgender) right ကိုထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို မဲပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့ LGBT တွေက ချောင်းကလေး တစင်းပါ။ ပြည်သူဆိုတဲ့ မြစ်ကြီးထဲကို ပူးပေါင်းပါဝင်နိုင်မှ ပင်လယ်ပြင်နဲ့ တူတဲ့ နိုင်ငံ့တိုးတက်ရေးထဲကို မြစ်ကြီးနဲ့အတူ ပူးပေါင်းပါဝင် စီးမျှောပြီး နိုင်ငံတိုးတက်ရေးကို တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ပြီး သမုဒ္ဒရာနဲ့တူတဲ့ ဒီမိုကရေစီရဲ့ ကျယ်ပြန့်လွတ်လပ်တဲ့ အရသာကို ညီမတို့လည်း ပါဝင်ခံစားနိုင်မှာပါ။ အဲ့လို ပါဝင်နိုင်ဖို့ဆိုရင် ညီမတို့ LGBT အသိုင်းအဝိုင်းကို ထောက်ခံအားပေးမယ့်သူရှိမှ ညီမတို့လည်းပါဝင်နိုင်မှာပါ။ NLD ပါတီသာအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ညီမတို့အပေါ် ဖိနှိပ်ထားတဲ့ ဥပဒေတချို့ကိုလည်းပြင်ဆင်ပေးနိုင်ပြီး ညီမတို့လည်း မိမိရဲ့ လိင်စိတ်ခံယူမှု ပုံစံအတိုင်း တရားဥပဒေရဲ့အောက်မှာ လုံခြုံမှုရမယ်ထင်လို့ပါ။ ဘယ်သူမဆိုတော့ မိမိဘဝလုံခြုံမှု မြင့်မားရေးကို ပေးဆောင်နိုင်မယ်ထင်တဲ့ ပါတီကိုပဲ မဲပေးကြမှာပဲလေ။

မိတ်ကပ် မေဦးမောင်(ဓာတ်ပုံ - may oo maung facebook)


မိတ်ကပ် မေဦးမောင်

ကျမတို့ယုံကြည်တဲ့ ကျမတို့စိတ်ချတဲ့ပါတီကတော့ အန်အယ်လ်ဒီ(NLD)ပဲလေ။ အဲ့တော့ အန်အယ်လ်ဒီပဲ ကျမ မဲထည့်မှာပါ။ အဓိကကတော့ ကျမတို့အနေနဲ့ အမေစုကို ယုံတယ်လေ။ အမေစုကို အားကိုးတယ်။ အမေစုကိုပဲ မဲထည့်မှာ။ အမေစုပြောတဲ့အတိုင်းပဲ ပါတီရဲ့ တံဆိပ်ကိုကြည့်ပြီး မဲထည့်ပါဆိုတဲ့အတွက် ကျမတို့က ကျမတို့ မြို့နယ်မှာရှိတဲ့သူကိုတောင် မစုံစမ်းဘူး။ မစူးစမ်းဘူး။ ကျမတို့ကတော့ အမေ့ကိုယုံတဲ့အတွက် အမေပြောတဲ့ အတိုင်းပဲ တသွေမတိမ်းလိုက်နာတယ်။ အဲ့ဒါကြောင့် NLD ကိုပဲ မဲထည့်မယ်။ ၃ မဲစလုံးထည့်ခွင့်ရရင် ၃ မဲစလုံး ထည့်ဖို့အစီအစဉ်ရှိတယ်။ ရွေးကောက်ပွဲကတော့ အခက်အခဲတွေ အတားအဆီးတွေ အမျိုးမျိုးကြားကနေ အောင်မြင်ချင်တယ်။ ကျမတို့အနေနဲ့က နေနိုင် စားနိုင်တဲ့ ဘ၀တခုမှာ ရှိပေမယ့် မနေနိုင် မစားနိုင်တဲ့ ပြည်သူလူထု သန်း ၄၀ သန်း ၅၀ လောက်ရှိနေသေးတယ်။ သူတို့ရဲ့မျက်နှာကို ကျမအနေနဲ့ အများကြီးကြည့် ရမယ်။ အဲ့အတွက်ကြောင့်မို့ ကျမတို့အနေနဲ့ အပြောင်းအလဲတခုကို လိုချင်တယ်။ ပြောင်းလဲသင့်သလောက် ပြောင်းလဲတယ်ဆိုတာတော့ မှန်ပေမယ့် အဲ့ဒီပြောင်းလဲမှုကိုလည်း ကျမတို့ကြိုဆိုတယ်။ ဒါပေမယ့် အဲ့ဒီထက် ပြောင်းလဲတဲ့အပြောင်းအလဲကို မျှော်လင့်တဲ့အတွက်ကြောင့်မို့ ကျမတို့ အန်အယ်လ်ဒီ(NLD) ကိုပဲ မဲထည့်မှာပါ။

စောနန္ဒာ (မိုးကြိုးငှက်ငယ်ကလေးများ)

ကျမကတော့ အန်အယ်လ်ဒီ(NLD) မမစုရဲ့ ပါတီကိုပဲ ရွေးချယ်ထားပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအပြောင်း အလဲကို လိုချင်တာပါ။ ကိုယ့်အတွက် ဘာများထူးခြားလာမလဲ၊ ကိုယ့်နိုင်ငံအတွက်သော်လည်းကောင်း၊ လူမျိုးအတွက်ကိုသော်လည်းကောင်း၊ ထူးခြားမယ့်ဟာလေးကို သိချင်တာပါ။ အဲ့ဒါကြောင့်မို့ရွေးချယ်တာပါ။ ကိုယ်က နိုင်ငံရေးအကြောင်းတော့ နားမလည်ပါဘူး။ နိုင်ငံရေးလည်း စိတ်မ၀င်စားပါဘူး။ ကိုယ်က ကတဲ့ သူပဲလေ။ ဒါပေမယ့် အပြောင်းအလဲပေါ့။ နိုင်ငံပြောင်းလဲမယ်ဆိုရင် ကိုယ့်အတွက် အကျိုးအမြတ် အစစ အရာရာတိုးတက်လာမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် ဖွံ့ဖြိုးလာမယ့်ဟာမျိုးကို လိုချင်တယ်။ ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူပြည်သားတွေကိုလည်း ပြန်ပြီး ကောင်းမွန်လာစေချင်တာပါပဲ။







ဝေဖန်ခံနေရတဲ့ ရှိုးပွဲဖက်ရှင်နဲ့ ပတ်သက်လို့ အဆိုတော် အမွန်း ရှင်းပြီ

Tuesday, September 22, 2015 3 comments


Miss  Myanmar International 2015 ပြိုင်ပွဲမှာ ဖျော်ဖြေသွားခဲ့တဲ့ အမွန်းရဲ့ ဖက်ရှင်(Photo -myanmarcelebrity.com)

၂၀၁၀ ခုနှစ်လောက်ကစလို့ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် အမွန်း(Ah moon) ဟာ အခုလတ် တလော သူ့ရဲ့ ရှိုးပွဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်တွေနဲ့ပတ်သက်လို့ လူပြောသူပြောများနေပါတယ်။ သူရဲ့ဝတ်ဆင်မှု ဖက်ရှင်တွေဟာ အနောက်နိုင်ငံက အဆိုတော်မမတွေရဲ့ ရှိုးပွဲဖက်ရှင်တွေနီးပါး ပေါ်ပေါ်တင်တင် ဖြစ်လာ လေတော့ မြန်မာပြည်ပရိတ်သတ်ရဲ့ ပါးစပ်ဖျား နည်းနည်း လှုပ်ခတ်လာခဲ့တာပါ။ အခုနောက်ဆုံး သိပ်မကြာ သေးခင်က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားတဲ့ Miss Myanmar International 2015 မယ်ပြိုင်ပွဲကြီးရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ သူဝတ်ဆင်သွားခဲ့တဲ့ ဖက်ရှင်တခုကြောင့် ဝေဖန်ပြောဆိုမှုများရှိ လာခဲ့ပါတယ်။ ဒါ့ကြောင့် အဲ့ဒီမယ်ပြိုင်ပွဲရဲ့ ကျင်းပရေးကော်မတီက သူတို့အလှမယ်ရွေးချယ်ပွဲမှ ဖျော်ဖြေရေး အစီအစဉ်တချို့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုတွေ ပါဝင်ခဲ့တဲ့အတွက် အမြင် မသင့်တော်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သက်လို့ တရားဝင် ပြန်လည်တောင်းပန်ခြင်း တွေ ပြုလုပ်ခဲ့ရတဲ့အထိပါပဲ။ အဲ့ဒီလိုဖြစ်ပျက်ခဲ့ရတာနဲ့ပတ်သက်လို့ရော သူလက်ရှိ  လုပ်ကိုင်ဖြစ်နေတဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်လို့ရော အဆိုတော် အမွန်းကို ဧရာဝတီက ဆက်  သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး  အမွန်းရဲ့ ဖျော်ဖြေရေးဖက်ရှင်နဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့အပေါ် ဘာပြောချင်ပါလဲ။ ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ  ပထမဆုံးအနေနဲ့ Miss Myanmar International Organizer တွေဘက်က သူတို့တွေအနေနဲ့ တောင်းပန်စာ ထုတ်ပြန်ရတယ်ဆိုတာကို ကြားသိရတဲ့အတွက်ကြောင့် စိတ်မကောင်းဘူး။ ဘာကြောင့်လည်း ဆိုတော့ ကိုယ့်ရဲ့ performance ကြောင့်ဆိုပြီး ဦးတည်ပြီးတော့ သူတို့ဘက်ကနေပြီး တောင်းပန်စာ ထုတ်ပြန်ရ တယ်ဆိုတဲ့အတွက်ကြောင့်မို့လည်း စိတ်မကောင်းတာပါ။ နောက်တချက်က ကျမအမြင်ကတော့ ကျမ အမြဲတမ်းပြောပါတယ်။ လူတွေအားလုံးရဲ့ မတူညီတဲ့ အမြင်တွေကို လေးစားပါတယ်။ ဘာကြောင့်လည်းဆို တော့ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေရှိတာပဲလေ။ ပြီးတော့ ကျမနိုင်ငံကို ကျမချစ်တယ်။ ကျမရိုးရာ ယဉ်ကျေးမှုကိုလည်း ကျမချစ်တယ်။ ကျမရဲ့ ကချင်ရိုးရာ မြန်မာရိုးရာ တိုင်းရင်းသားဝတ်စုံအားလုံးကို ကျမချစ်တယ်။ တနင်္ဂနွေဘုရားကျောင်းတက်တဲ့ အချိန်၊ ရွှေတိဂုံဘုရားသွားရင် ဒါမှမဟုတ် အလှူမင်္ဂလာ ပွဲတွေသွားရင် ကျမရဲ့ပုံစံက လုံချည်နဲ့ရင်ဖုံးပါပဲ။ ဒါပေမယ့် အခုဟာက ကျမက အနုပညာရှင်တယောက်လေ။ နောက် ဒါက ကျမရဲ့ အနုပညာ တင်ဆက်မှုတခုပါ။ စတိတ်ပေါ်မှာ ကျမရဲ့ပေါ့ပ်မြူးဇစ်နဲ့ ပေါ့ပ်ဂီတနဲ့ အကနဲ့ ဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ပုံစံသည် တခြားစီဖြစ်နေပါလိမ့်မယ်။ အဲ့လိုဖျော်ဖြေနေတဲ့အချိန်မှာ ကျမကို ယဉ်ကျေးမှုကို မမြတ်နိုးပါဘူးတို့၊ ယဉ်ကျေးမှုကို ဖျက်ဆီးနေပါတယ်တို့ပြောလိုက်ရင် ဒါနှစ်ခုဟာ လုံးဝမတူတဲ့ နေရာနှစ်ခုပေါ့နော်။ အဲ့လိုကျမ မြင်ပါတယ်။ အဲ့တော့ အဲ့နှစ်ခုကို ဆွဲစိပြီးတော့ ဘယ်လိုမှပြောလို့မရပါဘူး။ ကျမအမြင်ကိုပြောတာပါ။ ကျမ ကတယ်၊ ဆိုတယ်၊ တင်ဆက်တယ်။ ကျမပရိတ်သတ်တွေက ကျမကို ချစ်တယ်။ ကျမလုပ်တဲ့အနုပညာကို နှစ်သက်အားပေးကြတယ်။ ကျမလုပ်နေတဲ့အနုပညာက သူတို့အတွက် လုပ်တာပေါ့နော်။ ကျမ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်း ဂုဏ်ယူနေသူတယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း “မြန်မာ” ဆိုတဲ့သီချင်းကို ကျမကိုယ်တိုင် ရေးထားတယ်။ အမေရိကား LA က Paramounp Studio မှာ အဲ့တုန်းကလည်း မြန်မာ ၀တ်စုံ အပြည့်နဲ့ကျမရိုက်တယ်။ ဆိုတော့ ကျမတို့နိုင်ငံတွင်းမှာလည်း အရည်အချင်းရှိတဲ့သူတွေအများကြီးရှိတယ်။ ကမ္ဘာကိုထွက်ပြမယ်ဆိုရင် ထွက်ပြရဲတဲ့ သတ္တိရှိဖို့ရယ်၊ ယှဉ်ပြိုင် နိုင်စွမ်းရှိဖို့လိုပါတယ်။ သူများနိုင်ငံက အနုပညာတွေ သူများနိုင်ငံက အဆိုအကတွေ အနုပညာပိုင်းဆိုင်ရာ အရာရာမှာ အရမ်းအဆင့်မြင့်ပြီး သာလွန်နေတယ်။ ကျမတို့နိုင်ငံက ပရိတ်သတ်တွေအားလုံးကလည်း နိုင်ငံတာက မြူးဇစ်ဗီဒီယိုတွေကိုရော အကဖျော်ဖြေတင်ဆက်ပုံတွေကိုရော တကယ့်နိုင်ငံတကာက K-pop ပဲဖြစ်ဖြစ်ပေါ့ သူတို့ရဲ့ ဖျော်ဖြေမှုဆိုရင် လက်မှတ်တွေ ဈေးကြီးပေးဝယ်ပြီး တခဲနက် သွား ကြည့်ကြတယ်။ နိုင်ငံခြားမှာ သွားမကြည့်နိုင်ရင်တောင်မှ ဒီနိုင်ငံမှာ လာဖျော်ဖြေဖို့အတွက် မျှော်လင့်ကြတယ်။ တကယ်လို့များ ဘီယွန်ဆေးတို့  ဘရစ်နီစပီးယားတို့ တေလာဆွစ်တို့ မြန်မာနိုင်ငံမှာ လာဆိုလို့ကတော့ လူတွေ သိန်းနဲ့ချီ သွားအားပေးကြမှာပဲ။ သူတို့ကိုလည်း ဘာဝတ်ပါတို့ ညာဝတ်ပါတို့ ပြီးရင် ဘာမ၀တ်နဲ့တို့ ဘာမပြောနဲ့တို့ ဘယ်သူကမှ ပြောကြမှာမဟုတ်ဘူး။ ကျမကမြန်မာနိုင်ငံက မိန်းကလေး တယောက်ဖြစ်လို့ပါဆိုပြီးတော့မှ ကျမဖျော်ဖြေတဲ့ ပေါ့ပ်နဲ့ အကမှာကျတော့ ယဉ်ကျေးမှု အကျီကြီးနဲ့ကျတော့ အဆင်မပြေဘူးပေါ့နော်။ ကျမဆိုတာ ကတာအတွက်ကို ကျမ၀တ်တဲ့အချိန်မှာ ပြောတာကို Miss Myanmar အဖွဲ့အစည်းအနေနဲ့ ပြန်ပြီးတောင်းပန်ရတယ်ဆိုတော့ ကျမအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ကျမ အဓိက ပြောချင် တာက ကျမတို့ မြန်မာနိုင်ငံက အနုပညာက ကမ္ဘာမှာ ဘယ်လိုယှဉ်မလဲ။ အနုပညာဆိုတာက ယဉ်ကျေးမှု ဘက်က သွားတာမဟုတ်ဘဲ ကမ္ဘာနဲ့ ယှဉ်တဲ့ အနုပညာက ဘယ်လိုယှဉ်မလဲပေါ့။ US နဲ့ Europe ကို ခဏ မေ့ထားလိုက်ပါဦး။ K-pop ကိုတောင် ဘယ်လိုယှဉ်မလဲ။ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံ ထိုင်းကိုတောင် ကျမတို့ယှဉ်ဖို့တော်တော်ခက်နေပါသေးတယ်။ ကျမတို့ဆီမှာ အရည်အချင်းရှိတဲ့ တေးဂီတပညာရှင်တွေ တေးရေးဆရာတွေ တေးဆိုတွေအများကြီးရှိပါတယ်။ အားလုံးကို ကမ္ဘာ့အလယ်မှာ ထွက်ပေါ်လာစေချင်တာက ကျမရဲ့ စိတ်ဓာတ်အရင်းခံပါပဲ။ ကျမမျှော်လည်းမျှော်လင့်တယ်။ အဲ့ဒီအတွက် ကျမကြိုးစားနေတယ်။ ကျမရဲ့ ဂီတ တင်ဆက်မှုတွေ ဖက်ရှင်တွေကို မကြိုက်တဲ့ သူတွေအပေါ်မှာ ဘယ်လိုမှ ကျမ သဘောမထားပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိပါတယ်လို့ ကျမထင်တယ်။ ကျမ စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ ပေါ့ပ်ဂီတနဲ့ အက အစီအစဉ်ပါ။ ကျမရဲ့ဖျော်ဖြေမှုကို ကြည့်ဖူးတဲ့သူတွေလည်း သိပါတယ်။ ကျမက စင်ပေါ်မှာ ဒီလိုမျိုး ပရမ်းပတာ ၀တ်ပြီးတော့မှ တက်ပြီး ဖျော်ဖြေနေတာမဟုတ်ပါဘူး။ တကယ်ဆို တကယ်ကပြီးတော့မှ ကျမရဲ့အက၊ အဆို တွေကို သေချာစီစဉ်ပြီးတော့မှ ဖျော်ဖြေလေ့ရှိပါတယ်။ အဲ့ဒါ ကျမရဲ့ အနုပညာရှင်တယောက်အနေနဲ့ ခံယူတဲ့ ခံယူချက်ပါပဲ။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့ ထိခိုက် စေချင်တဲ့စိတ်အလျဉ်းမရှိပါဘူး။ အဲ့တော့ ကျမကို ဖျော်ဖြေခွင့်ပေးခဲ့တဲ့ Miss Myanmar အဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ပါတယ်။

၂၀၁၄ Grand Royal Pree New Year ပါတီပွဲတုန်းက ဝေဖန်ခံခဲ့ရတဲ့ အမွန်းရဲ့ ရှိုးပွဲဖက်ရှင်(photo - myanmarcelebrity.com)

မေး   ဒီမတိုင်ခင်က မျှော်စင်ကျွန်းက Grand Royal Pre New Year ပါတီပွဲတုန်းက အမွန်းရဲ့ အ၀တ်အစားတချို့ကြောင့် ဝေဖန်ခံခဲ့ရဖူးသေးတယ်နော်။ ဆိုတော့ အမွန်းရဲ့ဖက်ရှင်ကြောင့် အခုနောက်ပိုင်းမှာ ပရိတ်သတ်က ပိုသတိထားမိလားပြီး အမွန်းရယ်လို့ သိလာတယ်လို့ မြင်မိလား။

ဖြေ  ကျမအနေနဲ့ ပြောရမယ်ဆိုရင် အဲ့ဒီ ဖက်ရှင်တခုတည်းကြောင့်နဲ့ နေရာတနေရာကို ရောက်လာဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာအလုပ်က ဒီ့ထက် ပိုကျယ်ပြန့်နက်နဲပါတယ်။ အဓိကက ကျမရေးတဲ့ သီချင်းလေး တွေနဲ့ ကျမတင်ဆက်ပုံတွေနဲ့ ကျမရဲ့ဆိုရှယ်မီဒီယာ ယူကျုမှာတင်ထားတဲ့ Music Video လေးတွေနဲ့ပေါ့။ ကျမ ဒီအနုပညာကို သဘောကျတဲ့ ပရိတ်သတ်တွေရှိလာတဲ့အတွက်ကြောင့်မို့သာ ဆက်ပြီးတော့ ဒီလို ရပ်တည်နိုင် တာပါ။ အဲ့ဒီဖက်ရှင်ကြောင့် လူသိတယ်ဆိုတာက တစိတ်တဒေသမှန်တော့မှန်ပါတယ်။ ဖက်ရှင်ကိုကြည့်ပြီး အော် သူဒီလို ၀တ်ထားတာပါလားဆိုပြီး သူတို့စိတ်ဝင်စားတာတော့ရှိတယ်။ အဲ့ဒီရဲ့နောက်ကွယ်မှာ သူတို့တွေ တကယ်တမ်းကြည့်လာတဲ့အချိန်မှာ ကျမရဲ့ သီချင်းလေးတွေ ကျမတကယ် ရေးထားဆိုထားတဲ့ သီချင်လေး တွေ ကျမတင်ဆက်ပုံလေးတွေကို သူတို့ မြင်လာတဲ့အချိန်မှာ အဲ့ဒါဟာ ကျမကိုပိုပြီး အရှေ့ကို ဆက်လှမ်းနိုင် ဖို့အတွက် သွားဖို့အတွက် ရပ်တည်ဖို့အတွက် အားပေးတဲ့ ပရိတ်သတ်ရှိမှသာလို့ ကျမထင်ပါတယ်။ ကျမအနေ နဲ့ အဲ့ဒီဖက်ရှင်ကြီးကိုပဲ သိပ်ပြီးတော့ ခေါင်းထဲထားမနေဘူး။ လူတိုင်းနဲ့ မတူတဲ့ အမြင်တွေရှိတဲ့ထဲမှာ လူတိုင်း ပြောကြဆိုကြတာကို ကျမတယောက်တည်းမှ မဟုတ်ပါဘူး။ ဘယ်သူ့ကို ဖြစ်ဖြစ်ပေါ့နော်။ လမ်းသွားနေတဲ့သူ တယောက်ကိုလည်း လူတွေက ထိုင်ပြောရင်လည်း ပြောနေကြတာပဲ။ အဲ့တယောက်ကတော့ ပုံတုန်းကြီး၊ အဲ့တယောက်ကတော့ တအားလန်းလွန်းတယ်၊ လွန်လွန်းတယ်။ အဲ့တယောက်ကတော့ ရိုင်းတယ်။ မိုက်တယ် ပေါ့နော်။လူတွေက လမ်းပေါ်လျှောက်သွားနေတဲ့လူတွေကိုတောင် ပြောချင်ပြောနေကြတာ။ အဲ့တော့ ကျမအ နေနဲ့ ဖက်ရှင်ပိုင်းကို ပြောနေကြတာကို အရမ်းကြီးထွေထွေထူးထူး အာရုံထားပြီး အဲ့ဒါကို တွေးမနေပါဘူး။ အဓိက ကျမလုပ်စရာရှိတဲ့ နိစ္စဓူဝ သီချင်းရေးတယ်၊ ဆိုတယ်၊ ပရိတ်သတ်ကို သီချင်းတွေ ချပြဖို့အတွက် အဲ့ဒါကိုပဲ အဓိက ကျမအာရုံထားပါတယ်။

မေး  အမွန်းရဲ့ တကိုယ်ရည်အမြင်တခုအနေနဲ့ အနုပညာတခုကို ဖန်တီးတဲ့အခါမှာ ဖက်ရှင်က ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်လဲလို့ သုံးသပ်မိလဲ။

ဖြေ  ဖက်ရှင်ကတော့ တော်တော်ကို အရေးပါပါတယ်။ အဆိုရယ်၊ အကရယ်၊ သီချင်းရေးတာရယ် ပြီးရင်ဖက်ရှင် ကတော့ တွဲကို တွဲရတယ်။ ဘာလို့လည်းဆိုတော့ ဘယ်လောက်ပဲ အရည်အချင်းရှိပြီးတော့ တော်နေပါစေ။ အမြင်မှာ မျက်စိပသာဒ သိပ်မကျရင်လည်း ပရိတ်သတ်က ထင်သလောက် အားပေးမှုက မရှိကြဘူးပေါ့။ သီချင်းလေးတွေတော့ ကြိုက်တယ်ပေါ့။ အဲ့လိုဖြစ်တတ်တယ်။ လူကိုယ်တိုင်လည်း ဖက်ရှင်မှာ အားထုတ်ဖို့ လိုတော့ လိုပါသေးတယ်။ အဲ့တော့ ကျမကတော့ အဓိကက ကိုယ်ကိုယုံကြည်မှုပေးနိုင်မယ့် အ၀တ်အစား တွေကို ကျမ၀တ်တယ်။ ဘာလို့လည်းဆိုတော့ လူငယ်တယောက်အနေနဲ့ လူငယ်ပရိတ်သတ်တွေရဲ့ ရေစီး ကြောင်းကိုလည်း ကျမ လူငယ်တယောက်အနေနဲ့ သိပါတယ်။ အဲ့တော့ ဒီ လူငယ်တွေ သဘောကျ လူငယ်တွေ လက်ခံနိုင်တဲ့ အနေအထားနဲ့ မျက်စိအမြင်မှာ လူငယ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တခုကိုတော့ ကျမ ၀တ်လေ့ရှိပါတယ်။ အဓိကက ကျမ မြူးဇစ်နဲ့လိုက်တဲ့ ဖက်ရှင်ကို ကျမ စဉ်းစားပြီးတော့မှ ဖျော်ဖြေရေးနေရာ တွေမှာ ကျမ၀တ်ပါတယ်။ ဖက်ရှင်ပံ့ပိုးမှုအပိုင်းကတော့ ရာခိုင်နှုန်းတော်တော်မျာများ အရေးပါပါတယ်။

မေး  အမွန်းရဲ့ ဒုတိယအယ်လ်ဘမ်ကို စီစဉ်နေပြီလို့လည်းသိရတယ်။ အမွန်းရဲ့ ပရိတ်သတ်တွေကို အဲ့ဒီသတင်းလေး ပေးပါဦး။

ဖြေ  အောက်တိုဘာ တတိယပတ်မှာ ထွက်နိုင်အောင် ကြိုးစားနေတယ်။ Title ကိုတော့ အပီးသတ်ရွေးနေပါပြီ။ မကြာခင်တော့ ပရိတ်သတ်သိရတော့မှာပါ။ ပြီးရင် သီချင်း ဆယ်ပုဒ်ပါပါမယ်။ အဲ့ဒီထဲမှာ ကျမကိုယ်တိုင်ရေး ထားတဲ့ သီချင်း ၇ ပုဒ်ပါပါတယ်။ ကျမ ပရိတ်သတ်တွေကို ကျမ သီချင်း အသစ်တွေပေးချင်နေတာ     ကြာပါပြီ။ မနှစ်က အောက်တိုဘာမှာ “မင်းပေးတဲ့အချစ်” ဒီဗီဒီ ထွက်ထားပါတယ်။ အဲ့တော့ တနှစ်ပြည့်တဲ့အချိန်မှာ ကျမ နောက်ထပ် အယ်လ်ဘမ်အသစ်ကို အော်ဒီယိုအနေနဲ့ ပရိတ်သတ်လက်ထဲကို ပေးမှာပါ။


ကွယ်လွန် သွားပြီ ဖြစ်တဲ့ ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန် ခံစားမှုကို ပြန်လည် ခံစားခြင်း

Monday, August 24, 2015 1 comments


ဒါရိုက်တာ မောင်တင်ဦးနှင့် ဇနီး  

မြန်မာ့ရုပ်ရှင်လောကရဲ့ ဆရာတဆူလို့ အသိအမှတ်ပြုထားခဲ့ရတဲ့ အကယ်ဒမီများရှင် ဒါရိုက်တာ မောင်တင်ဦး ဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်၉ နာရီမှာပဲ သူနေထိုင်ရာ မန္တလေးမြို့မှာ အသည်းရောဂါဖြင့် ကွယ်လွန်သွားပါပြီ။ သူ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပါပြီ။ ပါပါကြီးလို့ အများခေါ်ဝေါ်ကြတဲ့ ဒါရိုက်တာ မောင်တင်ဦးဟာ မြန်မာ့ရုပ်ရှင်ပညာရှင်တွေထဲမှာ အနုပညာရှင် တပည့်မွေးထုတ်တာ တော်တဲ့သူ တပည့်အများဆုံး မွေးထုတ်ပေးနိုင်ခဲ့သူ တဦးပါလို့လည်း သူ့ရဲ့ တပည့်အရင်းဖြစ်သူ အနုပညာရှင် ဇာဂနာက သူ့ရဲ့ ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာမှာ ရေးသားထားတာပါ။ ဒါ့အပြင် ဒါရိုက်တာ မောင်တင်ဦးဟာ သရုပ်ဆောင်များသာမကဘဲ ဇာတ်ညွှန်ရေးဆရာ ဖလင်အယ်ဒီတာ စတာတွေကိုပါမွေးထုတ်ပေးနိုင်ခဲ့သူပါတဲ့။ သူမွေးထုတ်ပေးခဲ့သူတွေထဲမှာ နေအောင်၊ ဇင်ဝိုင်း၊ ရန်အောင်၊ မို့မို့မြင့်အောင်၊ မေးသန်းနု၊ မေသဉ္ဇာဦး၊ သိဂီင်္  ထွန်း၊ ဒါရိုက်တာ စင်ရော်မောင်မောင်၊ ဟိန်းစိုး၊ အောင်မင်းသိမ်း၊ ဇာဂနာ၊ ချစ်မင်းလူ၊ နိုင်နုရှိန်(ဖထီး)၊       ကိုဇော်(အာရုဏ်ဦး) စသူတို့တွေလည်း ပါဝင်ပါတယ်လို့ ဦးဇာဂနာက ရေးသားထားပါသေးတယ်။ ဒါရိုက်တာ   မောင်တင်ဦး ရဲ့ ဖန်တီးခဲ့တဲ့ အထင်ကရ ဇာတ်ကားတကားဖြစ်သော သင်္ကြန်မိုးဇာတ်ကားနဲ့ပတ်   သက်လို့ရော သင်္ကြန်ဆိုတဲ့ အရာအပေါ် သူဘယ်လိုခံစားချက်ရှိသလဲဆိုတာတွေရောကို ဧရာဝတီကနေ ၂၀၀၉ ခုနှစ် လောက်က မေးမြန်းဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီလိုမေးမြန်းဖြစ်ခဲ့တဲ့ အကယ်ဒမီများရှင် ဒါရိုက်တာ   မောင်တင်ဦးရဲ့ အင်တာဗျူးကို ယခု သူကွယ်လွန်ချိန်မှာ အမှတ်တရ အဖြစ်နဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။ ဒါရိုက်တာ မောင်တင်ဦးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ ဇော်ဝမ်းရဲ့ အကို အရင်းလည်းဖြစ်ပါတယ်။
--------------------------

ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန်ခံစားမှု

Friday, 10 April 2009 14:32

မြန်မာ့ရိုးရာသင်္ကြန် ယဉ်ကျေးမှုအနုပညာကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားဖြင့် သမိုင်းမှတ်တမ်းဝင်ဖန်တီးခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦးအား နှစ်ကူး အတာသင်္ကြန် အမှတ်တရအနေနှင့် ဧရာဝတီက ဆက် သွယ်မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

ဒါရိုက်တာ မောင်တင်ဦးသည် ၎င်း ဖန်တီးရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာထဲမှ ၁၉၇၂ ခုနှစ်က အကယ်ဒမီ စတင် ရရှိခဲ့သည့် နေထွက်သော ည ဇာတ်ကား အပါအ၀င် တခါက တဘ၀ ၊ သင်္ကြန်မိုး ၊ တိုက်ပွဲ ခေါ်သံ၊ နှလုံးလှ လူမိုက် စသည့် ရုပ်ရှင်ကား များဖြင့် အကယ်ဒမီ ၅ ဆုကို ဆွတ်ခူးရရှိထားသူ ဖြစ်သည်။ 

မေး။     ။ သင်္ကြန်အစီအစဉ် ဘာတွေများရှိသလဲ။

ဖြေ။     ။ ကျနော်က သင်္ကြန်အစီအစဉ်တော့မရှိသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က သင်္ကြန်ကို မန္တလေးနဲ့ ရန်ကုန် ဘယ်မှာ ကျရမှန်းမသိလို့ လေ၊ အဲဒါတွေဝေနေတာ၊ ဘာလို့ဆို ဒီအချိန်ကျတော့ လေ ကလေးတွေ လုပ် တာ ထိုင်ကြည့်ရတာတမျိုးကောင်းတယ်၊ ကလေးတွေက သူတို့ကလည်း လန်းတာကို ၊ အဲဒီတော့ သူတို့ရဲ့လန်း ဆန်းမှုလေးတွေ ကြည့်ပြီးတော့ ကိုယ်က အင်အားတခုရတာပေါ့ဗျာ၊ ကိုယ်က အသက်ကြီးပေမယ့် သင်္ကြန်ကျတော့ ပျော်ချင်တာပေါ့၊ ပျော်ချင်တယ်ဆိုတာကလည်း ရေပက်ခံလို့လည်း မရတော့ဘူးလေ၊ ကိုယ်က ရေပက်လို့ လည်း မရတော့ဘူး၊ အဲဒီတော့ ရေပက်ခံကြတာကို ရေပက်ကြတာကို ကိုယ်က တနေရာက ထိုင်ကြည့်၊ အဲဒီလို လေးပဲ နေလိုက်တာ ကောင်းတယ်လေ၊ ဒီ့ပြင်လူလိုလည်း တရားစခန်းဝင် ဘာညာ ဆိုတာကလည်း မဖြစ်နိုင်ဘူး၊ အဲဒီလိုလေး။

မေး။     ။ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ အရင် သင်္ကြန်မိုးရုပ်ရှင်ကားမျိုးလို ရုပ်ရှင်အနုပညာ ဖန်တီးမှု အစီအစဉ် တွေကရော…။

ဖြေ။     ။ ကျနော် “အတာရေနဲ့ဆေးပါ့မယ်” ဆိုတာလေ၊ ရေဗက္ကာဝင်း၊ ဟန်ဇာမိုးဝင်းတို့နဲ့ ရိုက်ထားတယ်၊ ဗီဒီယို ကားလေး ပေါ့၊ ရန်ကုန်မှာပဲ ရိုက်တာ၊ အခု ဖြန့်နေတယ်၊ လူငယ်ကြိုက်လေးပေါ့ဗျာ၊ ဇော်ဝမ်းတို့ဘာတို့နဲ့ ပံ့ပိုး ထားတာပေါ့၊ ဇာတ်လမ်းက ကျနော့် ဇာတ်လမ်း၊ ဇာတ်ညွှန်းက မောင်မျိုး(မြန်မာစာ)ပါ။

ရန်ကုန်သင်္ကြန်ပဲ မရိုက်တော့ သလိုဖြစ်နေလို့ လေ၊ ရန်ကုန်သင်္ကြန် အတိုင်းပဲ ရိုက်တာပေါ့နော်၊ ဇာတ်သဘော လေးကတော့ သင်္ကြန်တိုင်း သင်္ကြန်တိုင်းမှာဗျာ၊ မင်းသားက အူတူတူ အတတနဲ့လေ၊ သင်္ကြန်သာကုန်သွား နှစ်တွေသာ ညောင်းသွားတယ်၊ သူက တကိုယ်တည်း လူပျိုကြီးဖြစ်နေတဲ့ ဟန်ဇာမိုးဝင်းပေါ့နော်၊ အဲဒီလို ဇာတ် လမ်းလေး ။ 

မေး။     ။ ဒီကားနဲ့ ဆိုင်တဲ့ သင်္ကြန်ဇာတ်ဝင်တေးတွေ အသစ်လုပ်သုံးတာမျိုးရောရှိလား။

ဖြေ။     ။ မပါဘူး ခင်ဗျ၊ အဲဒါတော့ မပါဘူး၊ ဗီဒီယို ကားအနေနဲ့လည်း ဘယ်လိုမှလုပ်လို့မရပါဘူး၊ ထွက်ပြီးသား သင်္ကြန်တီးလုံးလေးတွေရယ်၊ ရေဗက္ကာရဲ့ Dancer (အက) သီချင်းရယ်၊ နောက် ကလေးတွေရဲ့ Love နဲ့ ပတ် သက် တဲ့ သင်္ကြန်သီချင်းလေးတွေလည်း သူ့ခေတ်နဲ့ အလိုက်ပေါ့နော်၊ ဒါပါပဲ။

ဒီ ဗီဒီယိုကားလေးက ပေါချောင်ကောင်းလေးပါပဲ၊ ဗီဒီယိုဈေးကွက်အတိုင်းလေးပဲ ရိုက်ပေးလိုက်ရတာ၊ ဒီ သင်္ကြန်တွင်းမှာ ပျော်စရာလေးတခုပေါ့၊ ပြုံးလိုက်ရင် တော်ပါပြီ၊ ဒီကားလေးကြည့်ပြီး ပြုံးလိုက်ရင်တော်ပြီ၊ အဲဒီလောက်လေးပါပဲ၊ သင်္ကြန်ကျတော့ ပြုံးကြ ရယ်ကြတာချည်းပါပဲ၊ နည်းမျိုးစုံနဲ့ပေါ့နော်၊ ဗီဒီယိုဈေးကွက်က အကန့်အသတ် နဲ့၊ ဘယ်လောက်ထက်ပို ကုန်ကျစရိုတ်များအောင် မရိုက်ရ ဆိုပြီးတော့ အတားအဆီးတွေကြားက ရိုက်ရတာ၊ စက်မှုပိုင်းပညာသည်တို့ ဘာတို့ နည်းနည်း အလုပ်ရသွားတယ်၊ နောက်တခါ ကိုယ်က အနုပညာ နှလုံးအိမ်  ဆိုတဲ့ ရုပ်ရှင်သင်တန်းလေးရှိတော့ သင်တန်းသူ သင်တန်းသားတွေထည့်သုံးလို့ ရတာပေါ့၊ သူတို့ အတွက် ကလည်း အလေ့အကျင့်လေးတခုရတာပေါ့။

မေး။     ။ သင်္ကြန်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ရုပ်ရှင်ကားကြီး ထပ်ရိုက်ဖို့ စိတ်ကူး အသစ်ရော ရှိလား။

ဖြေ။     ။ နောက်ပိုင်းမှာ ချဲလင့်လုပ်(စိန်ခေါ်)လိုက်တယ်၊ တန်ခူးလေ ဆိုတဲ့ ကားကို ရိုက်မယ်၊ ဘယ်လောက်အကုန်ခံနိုင်လဲဆိုတော့ တယောက်မှမထွက်တော့ဘူး၊ အဲဒီမှာပဲ ကိုယ်က ဒီအတိုင်းပဲ နေလိုက်တော့တာပေါ့၊ အဲဒါ တန်ခူးလေ ဆိုတဲ့ ဇာတ်ကားတကားက ရင်ထဲမှာတော့ရှိတာပေါ့။ 

ဒါပေမယ့် တန်ခူးလေ သည် ရိုက်ခဲ့ရင် အင်တာနေရှင်နယ် တန်းဝင်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်း ဈေးကွက်နဲ့ မရဘူး၊ Asia က Burmese Traditional Water Festival ပေါ့၊ ဒါအကုန်လုံး သိနေပါပြီ၊ အသေ အချာ လေး ပြနိုင်ရင် မြန်မာ့ ရိုးရာနဲ့ မြန်မာ့ဓလေ့ ကို တန်ခူးလေ နဲ့ သာ ပြနိုင်ရင် ကောင်းမှာ၊ ဒါပေမယ့် ဒီနေ့က ဟာသ တွေဖြစ်နေတော့ ဘယ်သူမှ စိတ်မ၀င်စားဘူး၊ ဟာသငွေရပဲ၊ ဘယ်သူမှ မလှုပ်ဘူး၊ ဒါပေမယ့် ပညာသည် ဆိုတာ ကတော့ ငွေရှင်မှ မဟုတ်တာ၊ သူ့ စိတ်ကူး စိတ်သန်းတွေကို ရင်မှာ ပိုက်ပြီးတော့ တချိန်ချိန် ပေါ့၊ မသေခင် ရိုက် ဖြစ် ချင်ရင်လည်း ရိုက်ဖြစ်သွားမှာပေါ့။ 

တန်ခူးလေ ထဲမှာ မျောပါတဲ့ တေးသံလေးတွေပေါ့၊ သင်္ကြန်မိုးလေးကြတော့ အဖျက်မိုးလေး မဟုတ်ပါဘူးဆိုတဲ့ Theme (အကြောင်းအရာ)နဲ့ ဇာတ်တည်တာ၊ တန်ခူးလေထဲမှာ တူးပို့ သံလေးတွေနဲ့ ဘယ်လို ဇာတ်တည်မလဲ၊ အဲဒီမှာအရင်တုန်းက ခေတ် မန္တလေးမှာ သင်္ဂဟနဲ့ မြို့မ ပေါ့၊ ဒီအသင်းကြီးတွေဟာ တီးမှုတ်တဲ့ တူရိယာ ၀ိုင်း ကြီး တွေ ကားပေါ်တင်ပြီး သွားကြတာပေါ့၊ တွေ့ပြီဆိုရင် ပြိုင်ကြတာပေါ့၊ အံ့မခန်းပဲ၊ ကားကြီး ၂ စီး ခေါင်းချင်း ဆိုင်ပြီး ရန်လည်း မဖြစ်ဘူး၊ အတီးအမှုတ်တွေနဲ့ ပြိုင်ကြတာ၊ ဂီတ နဲ့ ပစ်ကြခတ်ကြတာ၊ ပြီးတော့ နှုတ်ဆက်ပြီး လက်တွေပြပြီး ထွက်သွားကြတယ်၊ ဘယ်လောက်ပျော်စရာကောင်းလဲ ၊ ဘယ်လောက်ကြည်နူးစရာ ကောင်းလဲ၊ ဘယ်လောက် အားကျစရာကောင်းလဲ၊ အဲဒါမျိုးက သင်္ကြန်မိုးမှာ မရိုက်ခဲ့ရဘူး၊ တန်ခူးလေကြမှ ရိုက်မှာ၊ Flash back (နောက်ကြောင်းပြန်)လေးတွေနဲ့ ရိုက်မှာပေါ့နော်၊Plot(ဇာတ်အိမ်)လေးတွေကတော့ စုထားတာပေါ့၊ ဒါတွေ က ကိုယ့်အတွ့အကြုံမှာ ဖြစ်ခဲ့တာတွေ၊ အသက် ၇ နှစ်လောက်ကတည်းက မြင်ခဲ့ရတာတွေ၊ မှတ်မိနေတယ်။ 

မေး။     ။ သင်္ကြန်မိုး ရုပ်ရှင်က မြို့မငြိမ်းကို အခြေခံရိုက်ထားတာလို့ ကြားရပါတယ်၊ အဲဒါ ဟုတ်ပါသလား။ 

ဖြေ။     ။ အဲဒီလို ကြီးတော့ တိတိကျကျ မဟုတ်ပါဘူး၊ ကျနော်က အနုပညာသမား တယောက်ရဲ့ ပုံရိပ် ကိုယ်စား ပြုလိုက် တာ ပါပဲ၊ ငြိမ်းမောင်နေရာမှာ ဆရာ မြို့မငြိမ်း ၀ိညာဉ် ကိုယ်စားသွင်းပေးလိုက်တာပါပဲ၊   ဒီလောက် ပါပဲ၊ ဆရာ မြို့မငြိမ်းရဲ့ ဇာတ်လမ်းကို ရိုက်တာမဟုတ်ပါဘူး ခင်ဗျ။ 


ဒါရိုက်တာ မောင်တင်ဦး မိသားစု(ဓာတ်ပုံများ - တေဇလှိုင်/ The Irrawaddy)

မေး။     ။သင်္ကြန်မိုးနဲ့ ပိတောက်ပင်လယ်တို့ သင်္ကြန်မိုးရေ တန်ခူးလေတို့ အခု အတာရေနဲ့ ဆေးပါ့မယ် ဆိုတဲ့ ဗီဒီယိုကား တွေမှာ သင်္ကြန်နဲ့ပတ်သက်တဲ့ အနုပညာ ခံစားမှု၊ ဖန်တီးမှု ဘယ်လိုကွာခြားမှု ရှိပါသလဲ။ 

ဖြေ။     ။ သင်္ကြန်မိုးက စကတည်းက Basic ကိုက ၁၉၅၇ ခုနှစ် သင်္ကြန်ဆိုပြီးတော့ ဇာတ်လမ်းဖွဲ့လိုက်တာကိုး၊ အဲဒီ အပေါ် မှာ ဖွဲ့တဲ့အတွက် ၅၇ ခု နှစ်က ရှိတဲ့ သီချင်းတွေ အကုန်လုံး ရှင်သန်နေတာပေါ့၊ ၅၇ ခုနှစ်မှာရှိခဲ့တဲ့ သင်္ကြန်အလှ အပ၊ မဏ္ဍပ် ၊ အလှပြ ကားတွေ အကုန်လုံး ပြန်ရှင်သန် ပေးလိုက်တာပေါ့၊ အဲဒီအတွက် သူက တကယ့် Masterpiece (အကောင်းဆုံးအနုပညာလက်ရာ) တခုလို ဖြစ်သွားတယ်၊ သူက Basic foundation ကို က သိပ်ကောင်းတာ၊ သင်္ကြန်မိုးက စ ရေးတာက တနှစ် လောက်ကြာတယ်၊ ပြီးတော့ ပြင်ဆင်တာက ၄ လ လောက်ကြာတယ်၊ အချိန်လည်း အများကြီးယူတယ်၊ တကယ်လည်း ပြင်ဆင်ထားပြီးဖြစ်တယ်၊ ဇာတ်ညွှန်းနဲ့ လည်း အလိုက်၊ ဘက်ပေါင်းစုံက နေပြီးတော့ အနုပညာသမားတွေ အားထည့် ကြတဲ့အတွက် တကယ့်ကို အပေး အယူမျှပြီးအောင်မြင်သွားတာ၊ အဲဒီလိုကို အောင်မြင် သွားတာ။ ဒါက သင်္ကြန်မိုးနဲ့ ပတ်သက်လို့။

လူကြီး၊ လူငယ် အရွယ်စုံ ခံစားလို့ရတယ်၊ ဒါကလည်း ဆရာမြို့မငြိမ်း သီချင်းတွေနဲ့ ရောမွှေရတဲ့ဟာပါ၊ ဆရာ မြို့မငြိမ်းရဲ့ သင်္ကြန်သီချင်းတွေကလည်း အခုထက်ထိ သင်္ကြန်လေထဲမှာ စီးမျောနေတုန်းပါပဲ၊ တော်တော်လေး foundation က ကောင်းတာကိုး၊ အဲဒီတော့ အခြေခံခိုင်တဲ့ အတွက် ဒီအနုပညာ တခုက ဒီနေ့ အထိ ရှင်သန်နေ တယ်၊ အဲဒါက သင်္ကြန်မိုး။ ဒါကတော့ လုံးဝ ဥသုံ အဲဒီလိုပဲ ပြောချင်ပါတယ်။

နောက်တခါ ပိတောက်ပင်လယ်ကျတော့ စိတ်ကူးက ကဗျာလေး တပုဒ်ပဲ၊ သင်္ကြန်ကို ကဗျာလို လုပ်မယ်ပေါ့၊ ပင်လယ်မှာ ပိတောက်တွေ မဝေနိုင်ဘူး၊ ဒါပေမယ့် ပင်လယ်မှာ ပိတောက်တွေ ဝေပြီ ဆိုတာတော့ ဒါ ကဗျာပဲ၊ ဒါနဲ့ ရင်ခုန်ရအောင်လုပ်ကြမယ်ဆိုတဲ့အခါ မုန်တိုင်း ၀င်လာရော ၁၂ ရက်လုံးလုံး မုန်တိုင်းကျတယ်၊ ပြင်ဆင်မှု တွေ အကုန်လုံးက ဖလက်ပဲ၊ ဆိုတဲ့ အခါမှာ ပါပါကြီးက ရှုတင်မန်နေဂျာ ဖြစ်သွားတယ်၊ အဲဒါနဲ့ ကိုသူရ(ဇာဂနာ) တို့၊ ကိုအောင်မင်းသိမ်းတို့၊ မောင်ဟိန်းစိုး တို့၊ သူတို့ကို အကုန်လုံး တခုချင်း ခွဲ ရိုက်ခိုင်းရတယ်၊ ကျန်တာ တွေ က နောက်ကနေပြီးတော့ ပြန်ပြီး ပစ်ကပ် လုပ်တဲ့ နေရာမှာ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး၊ အဲဒီနေရာ ဒေသရော၊ လူတွေရော အားလုံးက ပါပါကြီးနဲ့ ပတ်သက်ကြတာကိုး၊ အဲဒီမှာ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်၊ ဟိုမော့တော့ ဒီမော့တော့နဲ့ အဲဒီလိုပြီးသွားတဲ့အခါမှာ ပရိသတ်ကို စော်ကား သလိုဖြစ်သွားတယ်။ 

ရုံလည်း တင်လိုက်ရော တစ်ပူးနဲ့ ရှိုးသလိုပဲ၊ တချပ်မှောက် ဖဲမှာ တစ်ပူးနဲ့ ရှိုးလိုက်သလိုပဲ၊ အားလုံး အဟုတ် မှတ်လို့ ကြည့်လိုက် တာ၊ ဘာကြီးလဲဟ ဆိုပြီးတော့ပေါ့၊ ရသ က မပီ ဘူး၊ ကဗျာလည်း မကျ ဘာလည်း မကျ၊ ကိုးလို့ ကန့်လန့်တွေဖြစ်ပြီး အဲဒီမှာ အားထည့်တာတွေ အကုန်လုံးဟာ ဘယ်လိုမှ အရာမရောက်ဘဲနဲ့ လေထဲ ကို လွင့်သွားသလို ခံစားလိုက်ရတယ်၊ အဲဒီအခါ ကျတော့ အားနာတယ်၊ ဒါကိုလည်း ၀န်ခံပါတယ်၊ ဂျာနယ် စာစောင် တွေမှာလည်း အမျိုးမျိုး ၀န်ခံပြီးသားပါ၊ ၄ နှစ်လုံး ဘာမှ မရိုက်တော့ဘူးဆိုပြီး တနေရာမှာ သွားနေ တယ်၊ အဲဒါ က ပိတောက်ပင်လယ်နဲ့ပတ်သက်တဲ့ ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟ ၀န်ခံချက်၊ ဒါလည်း ကိုယ့်ကိုယ်ကိုယ် ဆုံးမ ပြီး ပါပြီ၊ အဲဒီတော့ ပိတောက်ပင်လယ်ကိုတော့ မမေးတာကောင်းပါတယ်။

ပိတောက်ပင်လယ်က ခံစားပြီးတော့ ရင်ထုမနာ ဖြစ်ရတဲ့ ကိစ္စ၊ ဒါကလည်း ဘယ်သူမပြု မိမိမှုပါပဲ၊ ဘာကြောင့် ဆိုတာ ပြောစရာ မလိုဘူး၊ ပရိသတ်ကို ဒါစော်ကားတာ၊ ပရိသတ်ကို စော်ကားတာ ရဲရဲတင်းတင်း ပြောရဲရတယ်၊ ၀န်ခံရဲရတယ်၊ အဲဒါ သတ္တိပဲ။ အဲဒါ ၉၆ လောက်က။ သီချင်းခွေကတော့ ရှင်သန်နေပါသေးတယ်။ 

သင်္ကြန်မိုးရေ တန်ခူးလေကတော့ စင်တင်ပြဇာတ်ပါ၊ သူက ပိတောက်ပင်လယ်ထက်အရင်၊ အမျိုးသား ကဇာတ်ရုံ မှာ ဒွေးရယ်၊ တင့်တင့်ထွန်းရယ်၊ မောင်ဇင်ဝိုင်းတို့နဲ့၊ သင်္ကြန်ပြဇာတ်စင်တင်တာပေါ့၊ ကိုငြိမ်းမင်းကို ကျနော် အား ကိုး ရတာပေါ့၊ ကိုငြိမ်းမင်းရဲ့ ပြဇာတ်နော်၊ ကျနော်က ပြဇာတ်မကျွမ်းဘူး၊ ဒါပေမယ့် အားလုံးက ယုံကြည်ကြတာ ပေါ့၊ ကိုယ့်ကို ပြဇာတ်လည်း ကတတ်မယ် ထင်ကြတယ်၊ တကယ်တော့ မလွယ်ဘူး၊ ပြဇာတ်လည်း ပြဇာတ်ပညာ ပဲ၊ ရုပ်ရှင်က ရုပ်ရှင်ပဲ ၊ အဲဒါလည်း ကိုယ့်ကိုယ်ကိုယ် ဆုံးမရမယ်ဗျ၊ လူဟာလေ အသက်ကြီးလေလေ သင်္ခန်းစာ ရလေလေပဲဗျ၊ အခုက သေ အထိ ရနေမှာ သင်္ခန်းစာက။ 

အသက်ကြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်လို့ မရဘူး၊ ပြဇာတ်ပညာက တမျိုးဗျ၊ အဲဒီမှာ ဇာတ်ညွှန်းရေး တဲ့ ကိုငြိမ်းမင်းက တွဲဖက် ဒါရိုက်တာ အနေနဲ့လုပ်ပေးတာ၊ ပြဇာတ် ဒါရိုက်တာက သီးသန့် ပညာရှင်၊ ပြဇာတ် ပညာ က တမျိုး ၊ အဲဒီမှာလည်း မညှိဘူးပေါ့၊ လုပ်ရတာသာကြာတာလေ၊ ဖတ်ဖတ် မောပြီးတော့လေ၊ အဲဒီတုန်းကလည်း တကယ့်လျှမ်းလျှမ်းတောက်တွေ၊ သရုပ်ဆောင် ပိုင်းရော၊ သီချင်းတွေကလည်း အကုန်လုံးကိုအကောင်း ဆုံးတွေလုပ်တာပေါ့၊ ကာယဇလ အသင်း ရန်ပုံငွေ အဖြစ်ကတာ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးလုပ်တာပေါ့၊ အဲဒါကတော့ ပါပါကြီးရဲ့ ဒုတိယ အမှားအယွင်း သင်္ခန်းစာ ဖြစ်ပြန်ရော၊ အဲဒါ လည်း ပြီးရော ၃ နှစ်လောက် နားရ ပြန်ရော ၊ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပြီးတော့ မုံရွာနားက မြောင်က ဆင်ခေါင်း တောင် သွားနေတယ်၊ အဲဒီမှာ အဆိုတော် ကိုဟန်တင်က သာသနာပြုနေတာကိုး၊ သူ့ဆီ သွားနေလိုက်တော့ စိတ်ရှင်းတာပေါ့၊ အဲဒီမှာ ဒဏ်ခတ် တာ ၃ နှစ်၊ အရင် ၄ နှစ် ၊ ၇ နှစ်လောက် ဒဏ်ခတ်ဖူးတယ်။ 

သင်္ကြန်မိုး ရော၊ ပိတောက်ပင်လယ်ရော၊ နောက် သင်္ကြန်မိုးရေ တန်ခူးလေ ဆိုတဲ့ အဲဒီ သီချင်းတွေအားလုံး ကိုယ်ရော အနုပညာ အသိုင်းအ၀န်းတွေအားလုံးက ဖန်တီးခဲ့ကြပါတယ်၊ အခုထက်ထိ အဲဒါတွေအားလုံး ၀ဲလည်နေတာ ပါပဲ၊ သင်္ကြန်အချိန်ကျတိုင်း ဒီသီချင်းလေးတွေနဲ့လေ ဖျော်ဖြေနေကြတုန်းပဲ၊ နောက်တခုက ဆရာမြို့မငြိမ်း ဆိုလို့ ရှိရင် သူကတကယ့်ကို Artistic ဖြစ်ပြီးတော့ လေ၊ နောက် သူ့ကို သင်္ကြန်အတွက် သီချင်းရေးဖို့ မွေးဖွားလိုက် သလားတောင် ထင်ရလောက်အောင် အနုပညာ ပြောင်မြောက်မှုရှိတယ်၊ နှစ်ပေါင်း ၆၀ လောက် ကြိုပြီးတော့ မရိုး အောင် ရေးထားနိုင်တာကို၊ အဲဒီ သင်္ကြန်တေးသံ မယ်လိုဒီရော စာသားရောပါ ဒီနေ့ လူကြီး လူငယ် လူလတ်ပါ အကုန်လုံး ကြိုက်ကြပါတယ်။  

မေး။     ။ ကိုယ်တိုင်က ရန်ကုန်သင်္ကြန်ရော၊ မန္တလေး သင်္ကြန်ရော ထိတွေ့ဖြတ်သန်းမှု ရှိတော့ အခုခေတ် သင်္ကြန် နဲ့ အရင်ခေတ် သင်္ကြန် အပေါ် အမြင်ခံစားမှုကို ပြောပြပေးပါ။ 

ဖြေ။     ။ အဲဒါက အသက်အရပဲ ပြောလို့ရမယ်၊ ဟိုဘက်ကာလ ရှိတဲ့ အသက်နဲ့ ဒီဘက်ရှိတဲ့ အသက်က အတော် ကွာ တယ်၊ အခု အသက် က ၆၇ နှစ် ၊ သင်္ကြန်ကို အသက် ၇ နှစ် ကတည်းက ပျော်ပိုက်စွာနဲ့ တနှစ်မှ မပြတ် အောင် နေခဲ့တာ၊ ခေတ်တွေခေတ်တွေ ဖြတ်သန်းခဲ့တဲ့ နှစ်တွေမှာလည်း သင်္ကြန်မှာ အမျိုးစုံပေါ့နော်၊ သံချပ်တွေနဲ့ ဝေဆာ နေတဲ့ သင်္ကြန်၊ အလှအကတွေ ဝေ ဆာ နေတဲ့ သင်္ကြန်၊ အဲဒီ သင်္ကြန်တွေကနေ ပြောင်းလာတာ၊ တနေ ရာတည်းစုတဲ့ သင်္ကြန်ဖြစ်လာတယ်၊ ဒါကတော့ ခေတ်ကာလ ရဲ့ အခြေအနေ ရယ်၊ လူတွေအနေနဲ့ ရေ ဖောဖော သီသီ ပက်နိုင်မယ့်နေရာပေါ့၊ သီချင်းသံတွေက ဖလားနဲ့ ပက်လို့ မရဘူး၊ မပြတ် တီးနေတဲ့ ရက်ပ်တွေ၊ စည်းချက် ၀ါးချက် တွေနဲ့က ရေက တောက်လျှောက်ပန်းထွက်နေရမှာ၊ တကယ်ကို ကျုံးကို ခြေကန်ပက်ကြရ တော့၊ ကျုံး ပတ်ဝန်းကျင်မှာပဲ သင်္ကြန်က ဖြစ်သလို၊ ဒီရန်ကုန်မှာလည်း အင်လျားပတ်ဝန်းကျင်မှာပဲ သင်္ကြန်ဖြစ်တယ်၊ ရေ ဖောဖောသီသီ သုံးနိုင်တဲ့ နေရာမှာ အခုခေတ်ကတော့ သင်္ကြန်ရွေးလိုက်ကြတာ။ 

ငယ်ငယ်တုန်းကတော့ ဖလားလေးနဲ့ ပက်တဲ့ အခါကျတော့ ရပ်ကွက်တွေ ရပ်ကွက်တွေ မှာ အလှအကလေးတွေ နဲ့ပေါ့၊ ဒီဟာကို ခံစားတာ၊ ဒီရပ်ကွက်မှာ စင်တစင်၊ ဟိုမှာ တစင်၊ အဲဒါကိုက လှည့်ပြီး ငေးမောရတဲ့ ခေတ်၊ အခု ကတော့ ငေးမောတဲ့ ခေတ် မဟုတ်ဘူး၊ ရင်ခုန်ပြီးတော့ လှုပ်ရှား ထကြွပြီးတော့ မြူးထူးတဲ့ ခေတ်၊ အဲဒါ ၂ ခုကို ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်း ဘူး ဆိုတာကြတော့၊ ကိုယ်က အသက်အရွယ်ကြီးလာတဲ့ အပေါ်မှာ ဆုံးဖြတ်ရ တဲ့အခါကြတော့၊ အနုပညာသမားဆိုတာ မြင်တတ် ရမယ်ဆိုတဲ့ အခါကျတော့လေ၊ အကုန်လုံး ကောင်း တယ်ပဲ ဆုံးဖြတ်ရမှာပေါ့၊ ကလေးတွေ ဘယ်လိုစီးမျောနေတာ၊ ကလေးတွေကို နားလည်ရမယ်၊ သူတို့ကို နား မလည်လို့ မရဘူး၊ သူတို့ကို နေရာပေးရမယ်၊ သူတို့ရဲ့ပျော်ရွှင်မှုကိုလည်း ကိုယ်က အသိအမှတ်ပြုရ မယ်၊ သူတို့လည်း သူတို့ရဲ့စိတ်အင်အား နဲ့ သူတို့ရဲ့အလျင်နဲ့ ထူထောင်နေတာ၊ အဲဒီထူထောင်မှုကို လေးစားရမယ်၊ အသိအမှတ်ပြုရမှာပေါ့၊ မကောင်းဘူးလား ဗျာ။


ဒါရိုက်တာ မောင်တင်ဦး ရရှိခဲ့တဲ့ အကယ်ဒမီရွှေစင်ရုပ်တုများ 


သူ့ရဲ့ နေအိမ်၌ ဈာပနအခမ်းအနားပြုလုပ်ထားပုံ



အသည်းကြားကမဲတပြားက ဘယ်လောက်အထိအရေးကြီးသလဲဆိုတာ အနုပညာရှင်တွေက ဒီလိုပြောကြတယ်

Friday, June 26, 2015 1 comments


ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy

မဝေးတော့တဲ့ ကာလလောက်မှာ ကျင်းပပြုလုပ်တော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးကလည်း တဖြည်းဖြည်း နီးလို့လာပြီပေါ့လေ။ ဒီတော့ အသည်းကြားက မဲတပြားပေးရဖို့အရေး တချို့သော ပြည်သူတွေကလည်း ကိုယ့်နာမည် ကိုယ့်မိသားစု မဲစာရင်းထဲမှာ ပါမပါ တက်တက်ကြွကြွနဲ့ သွားကြည့်ကြ ပြင်ဆင်ကြနဲ့ ပြုလုပ် နေ
ကြသလို တချို့တချို့တွေကျတော့လည်း ကိုယ်နဲ့ မဆိုင်သလိုပဲ အေးရာအေးကြောင်း နေနေ သေးတဲ့ သူတွေလည်းရှိနေပါသေးတယ်။

ပိုဆိုးတာက အနုပညာရှင်တွေအနေနဲ့ ကိုယ့်နာမည် မဲစာရင်း မပါလာတာတို့ မှားနေတာတို့တွေဖြစ်ပြီ ဆိုရင် ကိုယ်ပိုင်ဖေ့ဘုတ်စာမျက်နှာတွေကတဆင့် အော်ကြပြောကြလေတော့ မဲစာရင်းကိစ္စက အရင်ကထက် စာရင် နည်းနည်းပွဲဆူလာတယ်လို့ ပြောရမလိုပင်။ မဲရုံမှာ မဲသွားပေးဖို့ အနုပညာရှင်တွေကို လှုံဆော်မှုတခုအနေနဲ့ လက်ရှိအစိုးရတရပ်က အားကိုးတကြီး လှုံဆော်ခိုင်းဖို့နေနေသာသာ လှုံဆော်ပေးရမယ့် အနုပညာရှင်တွေကိုယ် တိုင် မဲစာရင်းမှာ ပါမလာဘူး မှားနေသေးတယ်ဆိုတာမျိုးကျတော့ ဘာဆက်ပြောရမယ်မှန်းမသိအောင် ဖြစ်နေပါပြီ။ 

နာမည်ကျော် တေးသံရှင် ဖြူဖြူကျော်သိန်းက သူ့မိသားတစုလုံး မဲစာရင်းမှာ ပါမလာတဲ့အကြောင်း သူ့ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာကတဆင့် သူ့ပရိတ်သတ်ကို အခုလို အသိပေးလိုက်တာပါပဲ။

“ချစ်ပရိသတ်ကြီးရေ...ဖြူဖြူ့နာမည်လည်းမဲစာရင်းမှာမပါဘူးရှင်!
ဒီနေ့မူရင်းအိမ်ထောင်စုစာရင်းရှိတဲ့စမ်းချောင်း(တောင်)ရပ်ကွက်ရုံးမှာသွားကြည့်တာဖြူဖြူရော၊ဖေဖေနဲ့မာမီရောနာမည်မပါကြဘူး။
ဧည့်စာရင်းနဲ့နေတဲ့ကြည့်မြင်တိုင်မြို့နယ်မှာလည်းသွားစစ်ကြည့်ရပါအုံးမယ်...နှစ်ခုလုံးမှာမပါခဲ့ရင်တော့ပုံစံ(၃)နြဲ့ ပန်သွင်းရမှာပါ...မဲစာရင်းစစ်ဆေးပြင်ဆင်ခွင့်ကလည်းဇူလိုင်(၅)ရက်နေ့ထိပဲဆိုတော့(၁၀)ရက်ပဲကျန်ပါတော့တယ်...

ဖြူဖြူတို့တစ်ယောက်ဆီရဲ့အသည်းကြားကမဲတစ်ပြားဟာရှေ့ရေးအတွက်သိပ်အရေးကြီးတာမို့မဲစာရင်းစစ်ဖို့ချစ်ပရိသတ်ကြီးကိုလက်တို့လိုက်ပါရစေနော်!”

နောက် အဆိုတော် တူးတူးကလည်း သူ့ဖေ့ဘုတ်စာမျက်နှာထက်မှာ မဲစာရင်း သွားကြည့်တာနဲ့ ပတ်သက်လို့ ဓာတ်ပုံနဲ့တကွ အခုလို ပြောထားတာက..

“ထူးဆန်းပါပေ့ ကတွတ်ပီရယ် ဒီည ဓါတ်ဆီထည့်ရင်းရပ်ကွက်ရုံးမှာမဲစာရင်းတွေသွားကြည့်တာ ကိုယ့်မိသားစု စာရင်းကတော့ မှန်ပါရဲ့၊ဆက်ကြည့်လိုက်တာ အံ့ရောဗျာ အံ့ရော ကိုယ့်အကို (ဗစ်တာခင်ညို)ရဲ့မိသားစု ၄ယောက်က မွေးတဲ့နှစ်သာကွာတယ် တစ်လထဲ တစ်ရက်ထဲမွေးကြတာကိုး။ လူသိများတဲ့သူတွေကိုတောင် ဒီလိုလုပ်ရင် နယ်တွေကျေးရွာတွေကဖက်က မပြောရဲမဆိုရဲတဲ့သူတွေ မသိနားမလည်တဲ့သူတွေရဲ့ စာရင်းတွေဆို ဘယ်လောက်များလိမ်နေကြမယ်ဆိုတာ စဉ်းစားသာကြည့်ကြတော့ဗျို့”

ကဲ အသည်းကြားက မဲတပြားဟာ ဘယ်လောက်အထိ အရေးကြီးပါသလဲ။ နိုင်ငံတနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်အထိ အရေးကြီးပါသလဲ။ ဒီ့အပေါ် အနုပညာရှင်တွေက သူတို့ရဲ့အမြင်တွေ၊ ဘယ်လို ရှိသလဲဆိုတာ့ ဧရာဝတီကို ပြောပြထားသမျှတွေကို ဖော်ပြပေးလိုက်ချင်ပါတယ်။

တေးရေး ရွှေဂျော်ဂျော်

နိုင်ငံတကာမှာတော့ ဒီမိုကရေစီစနစ် မဲစနစ်ဆိုတာ ကိုယ့်ဆန္ဒနဲ့ နီးနီးစပ်စပ် ဖန်တီးလို့ရတဲ့ လူ့အဖွဲ့အစည်းပေါ့ဗျာ။ ဒါနိုင်ငံတကာရဲ့ နိုင်ငံရေးစနစ်ပေါ့။ တချို့တွေ စိတ်မ၀င်စားကြဘူး ဆိုတာကျတော့လည်း ကိုယ်ဖန်တီးသလိုမျိုး ဖြစ်ဖို့ တော်တော်လေး ခက်တာမျိုး ပေါ့နော်။ နဂိုထက်စာရင်တော့ နည်းနည်းနီးစပ်တာတော့ရှိလာပြီပေါ့။ ဒါပေမယ့်လည်း ကြန့်ကြာစရာရှိတာတွေ ကြန့်ကြာနေတယ်။ နောက်ပြန် သွားနေတာတွေက နောက်ပြန်သွားနေတယ်။ မတရားလုပ်တာတွေ မတရားလုပ်နေသလိုဖြစ်နေတဲ့အခါ ကျတော့ တချို့ကလည်း မျှော်လင့်ချင်စိတ် နည်းနည်းကုန်ဆုံးလာတာလည်းဖြစ်မှာပေါ့လေ။ တချို့ကျတော့ လက်ရှိပါတီတွေကို အားမရတဲ့သူတွေလည်းရှိတာပေါ့နော်။ အားမရတဲ့အခါကျတော့ ဒီအတိုင်းဆိုရင်တော့ ထူးမယ်မထင်ပါဘူးဆိုပြီး ဒီလိုစဉ်းစားတဲ့သူလည်းစဉ်းစားမှာပေါ့။ ဒီအချိန်မှာအားလေးထည့်ပြီးတော့ လုပ်ရမယ် လို့ ယူဆတဲ့သူလည်း ယူဆမှာပေါ့နော်။ သူများနိုင်ငံထက်စာရင် ကျနော်တို့နိုင်ငံရေး ပုံသဏ္ဍန်က ပိုပြီးတော့ သိမ်မွေ့ရှုပ်ထွေးတယ်လို့ထင်ပါတယ်။ ပြတ်ပြတ်သားသားတခုခုလုပ်ဖို့ ပြည်သူဘက်က ရွေးချယ်ဖို့က ထင်းနေ အောင် မြင်ရတယ်ဆိုရင်လည်း ဒါဟာ အမှန်တရားတခုပါပဲ။ သံသယတွေနဲ့ စိတ်ညစ်နေရတယ်ဆိုရင်လည်း ဒါဟာ အမှန်တရားတခုလို့ ကျနော်တော့မြင်တာပဲ။ စိတ်ညစ်နေတာ ဘယ်နှစ်ရာခိုင်နှုန်း၊ တက်ကြွနေတာ ဘယ်နှစ်ရာခိုင်နှုန်း ဆိုတာတော့ ကျနော်လည်းမပြောတတ်ဘူး။ 

နိုင်ငံတကာက လူထုလိုပဲ ကျနော်ကတော့ ဖြစ်စေချင်တာပါ။ ကိုယ့်ရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်ကိုတော့ အထိမခံ တာမျိုး အညစ်မခံတာမျိုး လက်သင့်မခံတာမျိုးပေါ့ဗျာ အဲ့သလိုမျိုး နိုးနိုးကြားကြားရှိရင်တော့ အကောင်းဆုံးပေါ့ ဗျာ။ အရင်ဆုံးက ဖြစ်ချင်စိတ်လေးပေါ့ဗျာ။ တကယ်ပြောင်းလဲသွားချင်စိတ်လေး ရှိဖို့တော့ လိုလိမ့်မယ်ဗျ။ အားလုံးရဲ့ တက်ကြွမှုကတော့ အမှားအမှန်ဆုံးဖြတ်ဖို့အတွက် အတော်လေးအရေးကြီးပါတယ်။ ဥပမာ- မြင်ရတာဆိုရင် ဟုတ်ဟုတ်မဟုတ်ဟုတ် တချို့ပရောဂျက်တွေကို စိတ်ဝင်တစားကန့်ကွက်တာမျိုးရှိရင် ခဏပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ ရပ်သွားတာမျိုးတော့ ရှိတာပေါ့ဗျာ။ အားလုံးက မဟုတ်ရင်မခံဘူး။ ကိုယ်ကိုယ်တိုင်လည်း မဟုတ်တာမလုပ်ဘူး။ သူများလုပ်ရင်လည်း မခံဘူးဆိုတဲ့ စိတ်ဓာတ်တွေ ပိုများလာမယ်ဆိုရင် အဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားမယ်လို့ ထင်ပါတယ်။ 

ကျနော်ကတော့ မအားတဲ့အတွက် ကျနော်အိမ်က နိုးနိုးကြားကြားလုပ်တာမျိုးရှိပါလိမ့်မယ်။ မဲပွဲတိုင်းကလည်း တော်တော်များများက တက်ကြွစရာတော့မရှိခဲ့ဘူး။ တက်ကြွစရာရှိလာတာက သိပ်မကြာသေးဘူး။ 

ကျနော်ကတော့ ပါတီဆိုတာထက် အမှန်တရား ဘယ်သူ့ဆီမှာရှိလည်းဆိုတာ ထင်သာမြင်သာပါတယ်လို့။ 

ဒါရိုက်တာ ကြည်ဖြူသျှင်

ကျမက အခုလက်ရှိလည်း NLD ပါတီမှာ ဗဟိုကော်မတီဝင်တယောက်အနေနဲ့ ပါနေတာကိုး။ ဒါပေမယ့် ကျမ ပြောမယ့်စကားကတော့ ပါတီဝင်တယောက်အနေနဲ့ပြောမှာမဟုတ်ဘူး။ ပြည်သူတယောက်အနေနဲ့ အနုပညာ သမားတယောက်အနေနဲ့ပြောမှာပါ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲဖြစ်ဖို့ကို ၈၈ ဆိုတဲ့ ကာလကတည်းကိုက ကျောင်းသားလူငယ်တွေ နိုင်ငံအရေးကို တကယ်စိတ်ဝင်စားတဲ့သူတွေဟာ သူတို့ရဲ့ ဘ၀တွေ အသက်တွေအများကြီး ပေးဆပ်ပြီးတော့မှ နှစ်ပေါင်းများစွာ ဒီအချိန်ထိရောက်အောင် စောင့်လာခဲ့ရတာ။ ထောင်ထဲမှာ ဘ၀ပျက်သွားခဲ့တဲ့သူတွေ ပေးဆပ်ခဲ့ရတဲ့သူတွေလည်းအများကြီးပဲ။ အရမ်းရင်းနှီးခဲ့ရတယ်။ ပေးဆပ်ခဲ့ရတယ်။ ကြားမှာ မဲထည့်ခဲ့ရတယ်ဆိုလို့ ကြားဖြတ်ရွေးကောက်ပွဲတကြိမ်တည်းပဲ သေချာထည့် ခဲ့ရတယ်။ ပြည်သူတွေ စိတ်တိုင်းကျပေါ့နော်။ ဒါဟာလည်း မြို့နယ်အားလုံးမပါဘူး။ တနိုင်ငံလုံးနဲ့ ယှဉ်မယ် ဆိုရင် မြို့နယ် နည်းနည်းလေးပဲ ပါခဲ့ရတယ်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲကသာ တကယ် တနိုင်ငံလုံး အတိုင်း အတာနဲ့ ပြည်သူတွေ မျှော်လင့်တဲ့ ၈၈ ကာလ တိုင်းပြည်ပျက်ခဲ့တဲ့ ကာလရဲ့ အောင်မြင်မှုပန်းတိုင်ကြီးက ဒီ ၂၀၁၅ ရွေးကောက်ပွဲပဲ။ ၁၉၉၀ တုန်းက တနိုင်ငံလုံး ရွေးကောက်ပွဲကြီး ကျင်းပခဲ့တယ်။ မဲတွေ ထည့်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ရလဒ်ရဲ့ အဖြေတွေကို အဲ့ဒီအချိန်ကာလက အုပ်ချုပ်ခဲ့သူတွေက မပေးခဲ့ဘူး။ အောင်မြင်မှုရတယ်ဆိုပေမယ့်လည်း ဒီအောင်မြင်မှုရဲ့ အသီးအပွင့်ကို မခံစားခဲ့ရဘူး။ ကာလဆိုးကြီးတခုကို ပြန်ပြီး ဖြတ်သန်းခဲ့ရတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲကြီးက ဘာပဲပြောပြော နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေ၊ ပြည်တွင်းမှာလည်း စောင့်ကြည့်လေ့လာသူတွေရှိလာပြီးတော့ တကယ်ကို ကျင်းပခွင့် ရခဲ့တယ်။ ဒီအချိန်မှာ နောက်တဆင့်ဘာတခုရှိလည်းဆိုတော့ ကိုယ့်မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ စောင့်ကြည့်ရတဲ့ အလုပ်တခုပိုလာတယ်ပေါ့။ ပြည်သူအများစုက ဘာထင်နေသလဲဆိုရင် ငါတို့ အဲ့ဒီနေ့ မဲသွားပေးရင်ရတာပဲ။ အဲ့ဒီနေ့ကျမှ ငါတို့နာမည်မပါလည်း ငါတို့ ပြောလို့ရတယ်လို့ ထင်နေတယ်။ တကယ်တမ်းကျတော့ မဟုတ်ဘူး။ ဒီနှစ်ရဲ့ပေါ်လစီအရ ကြိုတင်ပြီးတော့ မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ သွား ကြည့်ရတယ်။ ပြီးတော့မှ မပါဘူးဆိုရင်လည်း သူတို့ဖြည့်ရတဲ့ ဖောင်တွေ ပုံစံတွေရှိတယ်။ သေချာဖြည့်ရတယ်။ လူတွေဟာ စားဝတ်နေရေးအရ အလုပ်အရမ်းများတဲ့အခါမှာ မဲစာရင်းသွားကြည့်ဖို့ အချိန်မပေးနိုင်ကြဘူး။ ကိုယ့်တိုင်းပြည်ရဲ့ ပြောင်းလဲမှုတခု ကောင်းသွားဖို့အတွက်ကို ဒီတရက်ကလေးကို ဘာလို့ အချိန်မပေး နိုင်ရတာလဲ။ ဒီတိုင်းပြည်ကောင်းဖို့အတွက် ဘ၀တွေ အသက်တွေ အများကြီးပေးဆပ်ခဲ့တဲ့သူတွေထက်စာရင် ကိုယ်တရက်လောက်လေးပဲ အချိန်ယူရတာ ဘာမှ မဟုတ်ပါဘူး။ တိုင်းပြည်ကောင်းရင် ကိုယ်လည်းကောင်းမှာ ပဲ။ ကိုယ်တွေ စားဝတ်နေရေးကျပ်တည်းနေတယ်ဆိုတာ တိုင်းပြည်စီးပွားရေး ပေါ်လစီ အခြေအနေတွေကြောင့် ပျက်ဆီးနေတာ။ တကယ်တမ်းကျတော့ ကိုယ်ကောင်းဖို့အတွက် ဒီတရက်တည်းပေးဆပ်ရတာပဲ။ ဒီတော့ ကိုယ်ကောင်းဖို့အတွက် မဲစာရင်းကို သွားကြည့်သင့်တယ်။ မဲစာရင်းမှာ ကိုယ့်နာမည်မပါဘူးဆိုရင်လည်း သူတို့ ဖြည့်ခိုင်းတဲ့ ဖောင်စာရွက်တွေ ဘယ်လောက်များများဖြည့်လိုက်ပါ။ ကျမပြောချင်တာ ဒါနိုင်ငံရေးပဲ။ နောက်ဆုံး ကိုယ့်အရေးပဲ။ ဘယ်အစိုးရတက်တက် ဘယ်သူတက်တက် ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ စကားကိုပြောကြပါနဲ့။ ကိုယ်ကြိုက်တဲ့သူကို မဲပေးဖို့အတွက် ကိုယ်ရွေးချယ်တဲ့သူကို မဲပေးဖို့အတွက် ဒီမဲစာရင်းလေးတော့ ကြည့်ကြပါ။ တအိမ်လုံးမအားဘူးဆိုရင်တောင် တယောက်လောက်တော့ သွားကြည့်လို့ရပါတယ်။ ကျမတို့အိမ်မှာဆိုရင် လည်း မိသားစုအကုန်အလုပ်များတာပဲ။ အဲ့ဒီအခါမှာ အမေကနေပြီး တအိမ်လုံးအတွက်ကို သန်းခေါင်စာရင်း ယူသွားပြီးတော့ သွားကြည့်တယ်။ ပြီးတော့ လိုတာကို ဖြည့်မယ်ပေါ့နော်။ ဒါပေမယ့်မလိုပါဘူး။ ကျမတို့အိမ်က တမိသားစုလုံးမှန်ပါတယ်။ ဒါကြောင့် အားလုံကြည့်ကြပါ။ ကိုယ့်တိုင်းပြည်အတွက် ၂ ရက်လောက်တော့ ပေးဆပ်သင့်ပါတယ်။ ဒါမှလည်း တာဝန်ကျေတဲ့ နိုင်ငံသားကောင်းတယောက် ဖြစ်မယ်လို့လည်း ထင်ပါတယ်။ မဟုတ်ရင် ငါ့နိုင်ငံအတွက် ဒီ ၂ ရက်ကလေးတောင်မှ မပေးဆပ်လိုက်ရပါလားဆိုတာ နောင်တရစရာ ဖြစ်နေပါလိမ့်မယ်။ 

ကျမကတော့ NLD ပါတီဝင်တယောက်ဖြစ်တယ်။ ဒီပါတီထဲ ပါဝင်ရတယ်ဆိုတာကလည်း အမေစုကိုချစ်တဲ့ စိတ်၊အမေစုကို ဘယ်လောက်ကိုယ်ကူညီပေးနိုင်မလဲဆိုတဲ့ စိတ်တခုတည်းနဲ့ ပါတီထဲဝင်ခဲ့တာ။ အဓိကကတော့ ကျမတို့ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲ တခုကို အမေ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ပါတီဝင်တယောက် အနေနဲ့ကတော့ ကျမယုံကြည်တဲ့ ဒီ NLD ပါတီကိုပဲ မဲပေးမှာပါ။ 

Miss International Queen Myanmar 2014 မျိုးကိုကိုစန်း(ခေါ်) ချစ်လမင်းငယ်

ကျမတို့ နိုင်ငံရွေးကောက်ပွဲဆိုတာကလည်း နိုင်ငံ တိုးတက်ပြောင်းလဲရေးအတွက် နိုင်ငံကို ဦးဆောင်နိုင်မယ့် သူကို ပြည်သူတွေအားလုံးက ရွေးချယ်တဲ့ပွဲပေါ့။ နိုင်ငံသားအားလုံးနဲ့ မဖြစ်မနေ လုံးဝသက်ဆိုင်ပါတယ်။ ကျမတို့ အကုန်လုံးသည် ရွေးကောက်ပွဲ မဲစာရင်းဆိုတာ သွားကို ကြည့်ရပါမယ်။ ကျမလည်း အစကတော့ သွားမကြည့်တော့ဘူးလုပ်တာ။ ဒါပေမယ့် ဖေ့ဘုတ်မှာ မဲစာရင်းမှားတာတွေ မဲစာရင်းနာမည်မပါတာတွေကို တွေ့နေရတော့ ကျမတို့လည်း သွားကြည့်ရတော့မယ်။ တကယ်လို့ သွားကြည့်လို့ မပါခဲ့ဘူးဆိုရင် ပုံစံ(၃)နဲ့အတူ ပြန်လုပ်ရင် မဲစာရင်းထဲ ပါနိုင်မယ်လို့တော့ ပြောတယ်။ အဲ့ဒါကြောင့် ပြည်သူတွေအကုန်လုံးလည်း သွားကြည့်သင့်ပါတယ်။ ကိုယ်သဘောကျ နှစ်သက်တဲ့ နိုင်ငံခေါင်းဆောင်တယောက်ရဖို့အတွက် ကိုယ်ကိုယ်တိုင်မဲပေးဖို့က အဓိကကျပါတယ်။ ကိုယ်ထည့်ရမှာ တမဲတည်းဆိုပေမယ့် မဲတွေ အများကြီးပေါင်းသွားပြီဆိုရင် ငါမပေးလို့လည်း ဘာမှ မဖြစ်ပါဘူး။ သူများတွေလည်း ပေးမှ ဖြစ်မှာပါဆိုပြီး မနေကြပါနဲ့လို့။ စဥ့်အိုးထဲ နွားနို့ဖြည့်တဲ့ပုံစံလိုမျိုးပေါနော်၊ ငါရေတခွက်ရောထည့်လိုက်လို့ နွားနို့က မပျက်သွားပါဘူးဆိုပြီး ကိုယ်လိုလူမျိုးတွေ များလာရင် စဥ့်အိုးထဲမှာ နွားနို့မရှိဘဲ ရေတွေပဲ ပြည့်နေပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံသားတွေအကုန်လုံး မဲကို သေချာသွားပေးကြပါ။ မဲစာရင်းကို သေချာကြည့်ကြပါ။ ကိုယ်တကယ်လိုချင်တဲ့ ခေါင်းဆောင်မျိုး နိုင်ငံကိုဦးဆောင်နိုင်မယ့်သူမျိုး ကိုယ်ယုံကြည်တဲ့ သူမျိုးကို မဲသွားပေးကြပါ။ ကျမအနေနဲ့ကတော့ ဘယ်သူက နိုင်ငံအကျိုးကို ဒီ ၅ နှစ်အတွင်းမှာ ပိုပြီး သယ်ပိုး နိုင်မလဲဆိုတဲ့အချက်ကိုပဲ ကြည့်ပြီး မဲပေးသွားမှာပါ။

ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)

မဲစာရင်း မကြည့်ရသေးဘူးဗျ။ ကားရိုက်တာနဲ့ နယ်တွေ သွားနေတာနဲ့ ရန်ကုန် တရက်နှစ်ရက်ပြန်ရောက်လိုက် နဲ့ ဆိုတော့မကြည့်ဖြစ်သေးဘူးဖြစ်နေပါတယ်။

မဲနဲ့ပတ်သက်ရင် စိတ်ဝင်တစား ဂရုတစိုက်တော့ ရှိသင့်တာပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ မိသားစုလို စိတ်ဓာတ်မျိုးထားပေးနိုင်မယ့် သူမျိုးက ကိုယ့်မဲတမဲကြောင့် အောင်မြင်သွား တယ်ဆိုရင် အားလုံးအတွက် အကျိုးရှိနိုင်သလို ကိုယ်တွေကို ထပ်ပြီး နှိပ်စက်မယ့် လူမျိုးက ကိုယ့်မဲတမဲ ပါသွားတယ်ဆိုရင် အားလုံးအတွက် ပိုပြီးတော့ ထိခိုက်နစ်နာစရာတွေ ဖြစ်လာနိုင်တယ်လေ။ ကိုယ့်မဲတမဲသည် ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာလေးကို အာရုံစိုက်ထားရင် ပိုကောင်းတာပေါ့နော်။ 

တဦးတယောက်ကို ဦးတည်ထားတာမျိုးမရှိသေးပါဘူး။ ကျနော်တို့ လေ့လာရမှာပေါ့။ ကျနော်တို့ အားလုံးအတွက် အဆင်ပြေမယ့် ကျနော်တို့အားလုံးနဲ့ အံဝင်ဂွင်ကျဖြစ်မယ့် မိသားစုလိုစိတ်ဓာတ်မျိုးရှိမယ့် အဖွဲ့အစည်း တခုပေါ်ပေါက်လာဖို့ကို ကျနော်တို့ အာရုံစိုက်ပြီးတော့မှ အဲ့ဒီအချိန်ကျမှ တကယ်ပေးသင့်တဲ့သူကို ပေးမှာပါ။

ကိုယ့်ရဲ့ ဆန္ဒမဲသည် ကိုယ့်ရဲ့ ဆန္ဒအစစ်နဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အခွင့်အရေးတခုဆိုတာ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။ 

အဆိုတော် မီမီဝင်းဖေ

ကျမကတော့ ဒါနဲ့ပတ်သက်လို့ သိပ်ပြီးတော့ စကားကြွယ်ကြွယ်၀၀တော့ မပြောတတ်ပါဘူး။ ဒါပေမယ့် သိပ်အရေးကြီးတယ်ဆိုတာကိုပဲ ကျမအတိုချုပ်ပြီးပြောချင်ပါတယ်။ အားလုံး အေးအေးချမ်းချမ်းနဲ့ မှန်မှန် ကန်ကန်ဖြစ်သွားဖို့က အားလုံး တယောက်ချင်းစီက တာဝန်လေးတွေ ယူသွားရင် စကားတွေမပြောရတော့ဘူး ပေါ့။ အေးအေးချမ်းချမ်းနဲ့ ကိုယ့်တာဝန်ကိုယ်ယူသွားကြရင် ကောင်းမှာပါလို့ ပြောချင်တာပါ။ အေးအေးချမ်း ချမ်းနဲ့ မှန်မှန်ကန်ကန်လည်းဖြစ်စေချင်တယ်။ ခင်ခင်မင်မင်နဲ့လေ ဘယ်သူနဲ့ ဘယ်သူ့မှ အကွဲကွဲအပြဲပြဲတွေ နဲ့လည်း မဖြစ်ချင်ဘူး။ သူ့ဘောင်နဲ့ စနစ်ထဲမှာပဲ မှန်ပြီးတော့ ပြီးသွားတဲ့ ကိစ္စမျိုးပဲဖြစ်ချင်ပါတယ်။ ကျမ မဲစာရင်းကိုလည်း သွားကြည့်ပြီးပါပြီ။ ကိုယ့်မိတ်ဆွေကိုလည်း တိုက်တွန်းပါတယ်။ သွားကြည့်ကြပါ။ မှားနေတဲ့ information တွေရှိတတ်တယ်လေ။ မွေးသက္ကရာဇ်မှားနေတာတို့ မှတ်ပုံတင်မှားနေတာတို့တွေပေါ့။  နောက်မှ စစ်တဲ့အခါကျတော့ တာဝန်ရှိတဲ့သူတွေကိုပြော သူတို့တွေက မမီတော့တဲ့အခါကျတော့ ကိုယ့်အခွင့်အရေး ဆုံးရှုံးတာပေါ့နော်။ အဲ့တော့မှ ပြသနာတွေဖြစ်ရ လက်ညိုးထိုးစရာဖြစ်ရ အဲ့လိုမျိုးတွေ မဖြစ်စေချင်ပါဘူး။ ကျမကတော့ လက်ရှိအစိုးရကိုလည်း အစိုးရတရပ်အနေနဲ့ လေးစားပါတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရင် ကျမတို့ အပြောင်းအလဲလည်းလိုချင်ပါတယ်။ အပြောင်းအလဲလေး လိုချင်တဲ့အတွက် ကျမ ရည်ရွယ် ထားပါတယ်။ 


မြန်မာသီချင်းဆိုတဲ့ ဂျပန်အဆိုတော် ဆူဝါဂျွန်ကိုနဲ့ အင်တာဗျူး

Saturday, June 20, 2015 0 comments

ဂျပန် အဆိုတော် ဆူဝါဂျွန်ကိုဟာ ဂီတအနုပညာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများစွာမှာ ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့သလို ဆူဝါဂျွန်ကိုရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံတကာသွားပြီး သူ့ရဲ့ အနုပညာကို တင်ဆက်နိုင်ဖို့လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလတုန်းက ဆူဝါဂျွန်ကိုဟာ ရန်ကုန်မှာ မြန်မာသီချင်းကို သီဆိုခဲ့ပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ အနုပညာ ခရီးလမ်း၊ သူ့ရဲ့ မိသားစုဘဝ တစေ့တစောင်းနဲ့ မြန်မာပြည်ကို ဘာကြောင့်စိတ်ဝင်စားတာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး မြန်မာ အစားအစာနဲ့ မြန်မာသနပ်ခါးကိုပါ ကြိုက်နှစ်သက်တဲ့ ဆူဝါဂျွန်ကိုကို ဧရာဝတီရဲ့ ဘလော့ဂါတဦးဖြစ်သူ အောင်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။     ။ မြန်မာဆိုတာကို ဘယ်အချိန်ကတည်းက စိတ်ဝင်စားခဲ့တာလဲ။

ဖြေ။     ။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က စပြီး စိတ်ဝင်စားလာခဲ့ပါတယ်။

မေး။     ။ မြန်မာနဲ့ပတ်သက်လို့ ဘယ်လောက်အထိသိထားလဲ။

ဖြေ။     ။ သိသင့်သိထိုက် သလောက် မသိသေးဘူး အဲ့ဒါကြောင့်မို့လို့ မြန်မာမဂ္ဂဇင်းတွေ ဖတ်လိုက်၊ မြန်မာသူငယ်ချင်း အသိမိတ်ဆွေတွေနဲ့ ဆက်ဆံလိုက် လုပ်ရာကနေ မြန်မာ့အကြောင်း နည်းနည်းစီ လေ့လာနေပါတယ်။

မေး။     ။ မြန်မာနိုင်ငံကို ဘယ်လိုမြင်လဲ။

ဖြေ။     ။ မြန်မာလူမျိုးတွေက စိတ်ရင်းကောင်းပါတယ်။ သူများကို ကြင်နာတတ်တယ်။ အချင်းချင်း ကူညီကြတယ်။ ဂျပန်မှာ ဆိုရင် သူများကို အကူအညီပေးဖို့ ဝန်လေးတဲ့လူက ခပ်များများ။ မြန်မာလူမျိုးနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်လူမျိုး ဆိုတာနဲ့ အချင်းချင်း ကူညီပေးနေကြတာကို တွေ့တဲ့ အခါ ဂျပန်လူမျိုးလည်း အဲဒါကို အတုခိုးရမယ်လို့တောင် ထင်မိပါတယ်။ မြန်မာနိုင်ငံမှာ အခု အခက်အခဲ တော်တော်များများ ရှိနေတာကိုလည်း ကြားသိရပါတယ်။ မြန်မာနိုင်ငံသား အချင်းချင်း ပြေလည်အောင် တိုင်ပင်ညှိနှိုင်း ဆွေးနွေးပြီး ပြဿနာတွေကို ကျော်လွှားစေချင်ပါတယ်။ နိုင်ငံသားနိုင်ငံသူ အားလုံး လုံခြုံစိတ်ချရအောင်၊ စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်စေချင်ပါတယ်။

မေး။     ။ ဘာကြောင့် မြန်မာဆိုတာကို စိတ်ဝင်စားရတာလဲ။

ဖြေ။     ။ လွန်ခဲ့တဲ့ ဧပြီလမှာ မြန်မာနိုင်ငံကို သွားပြီး သင်္ကြန်မဏ္ဍာပ်မှာ သီချင်းဆိုခဲ့တဲ့အခါ မတင် ဆိုတဲ့ စကားပြန် တစ်ယောက်နဲ့ တပတ်လုံးလုံး  နေ့ရော ညပါ အတူတူ နေခဲ့ပါတယ်။ သူနဲ့ပဲ ရေပက်ကစားတယ်။ ရွှေတိဂုံဘုရားသွား ဖူးတယ်။ မြန်မာနဲ့ဂျပန် ပူပေါင်းပြီး တည်ဆောက်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန်လည်း သွားလေ့လာ တယ်။  အဲဒီတုန်းက သူက မြန်မာအကြောင်းကို အသေးစိတ် ရှင်းပြပေးတယ်။  မြန်မာနိုင်ငံက အရှိန် တဟုန်ထိုး တိုးတတ်လာနေတာကို တွေ့မြင်တဲ့အခါ ပိုပြီး စိတ်ဝင်စားလာခဲ့ပါတယ်။

မေး။     ။ မြန်မာသီချင်းတွေကို အနီးစပ်ဆုံး တူအောင်လိုက်ဆိုနေတာ တွေ့ရတော့ မြန်မာဆိုတာမှာ သီချင်း အနုပညာ တခုတည်းကိုပဲ စိတ်ဝင်စားတာလား။ မြန်မာနဲ့ ပတ်သက်လို့ တခြားဘာတွေ စိတ်ဝင်စားသေးလဲ။ ဥပမာ - မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ရေမြေ တောတောင် သဘာဝ၊ မြန်မာတိုင်းရင်းသားတွေအကြောင်း၊ မြန်မာစာ မြန်မာစကား ၊ မြန်မာ့အစားအစာ စသဖြင့်ပေါ့။

ဖြေ။     ။ သီချင်းအပြင် အခြားအကြောင်းအရာ တွေကိုလည်း စိတ်ဝင်စားပါတယ်။ မြန်မာ အစားအသောက်ဆို သိပ်ကြိုက် သွားလို့ မကြာခဏလိုလို ဂျပန်မှာလည်း မြန်မာ စားသောက်ဆိုင်ကို သွားစားပါတယ်။ ချင်းသုပ်နဲ့ လက်ဖက်သုပ် ဆိုရင် ဆိုင်ကို ရောက်တိုင်း စားပါတယ်။ အသုပ်တွေက ကျန်းမာရေးကောင်းလို့ ကြိုက်ပါတယ်။ ဖက်ရှင်လည်း စိတ်ဝင်စား ပါတယ်။ ဂျပန်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ဖက်ရှင်ရှိုး ကိုလည်း သွားကြည့်တယ်။ မြန်မာဖက်ရှင်က ဂျပန်မှာ အရောင် သုံးတာချင်း ကွာလို့ ဘယ်လို ဝတ်ဆင်ရမလဲလို့ စဉ်းစားတဲ့အခါ အတွေးအသစ် ရတာမျိုးလည်း ရှိတယ်။ နိုင်ငံရေး အကြောင်း၊ တိုင်းရင်းသားရေး အကြောင်း စတာတွေကျတော့ သိပ်မသိသေးဘူး။ ဒါပေမယ့် အချိန်ပေးပြီး လေ့လာသွား ချင်ပါတယ်။

မေး။     ။ မြန်မာစာ သင်နေတယ်လို့လည်း သိရတယ်။ ဘယ်အခြေအနေအထိ ရောက်နေပြီလဲ။ ဘာကြောင့် မြန်မာစာ သင်ချင်ရတာလဲ။

ဖြေ။     ။ မြန်မာသီချင်း စာသား အသံထွက်ပီအောင် လုပ်နေပါတယ်။ စကားတော့ သိပ်မရသေးဘူး။ ပြောတတ်အောင် ကြိုးစားနေပါတယ်။ မြန်မာလို ပြောတတ်လာရင် ကျမရဲ့ ခံစားချက်တွေကို ကောင်းကောင်း ကျမ ပရိသတ်တွေကို သီချင်းသီဆို ပေးချင်လို့ပါ။

မေး။     ။ ဆူဝါဂျွန်ကိုရဲ့ အနုပညာလှုပ်ရှားမှုနဲ့ မိသားစုဘဝ တစေ့တစောင်း အကြောင်းကို ဖြေကြားပေးပါဦး။

ဖြေ။     ။ ကျမဇာတိမြို့မှာ မိဘကတော့ ကျမ ငယ်ငယ်ကတည်းက စူပါမားကတ် ဖွင့်ထားပါတယ်။ ကျမတော့ မမှတ်မိဘူး ဆိုပေမယ့် မိဘကတော့ ကျမ ငယ်ငယ်တုန်းက ဆိုရင် ဈေးလာဝယ်တဲ့ လူတွေကို သီချင်းဆိုပြီး ကြိုဆိုခဲ့တယ်လို့ ကျမနဲ့ တွေ့တိုင်း ပြောပါတယ်။ ငယ်ငယ်ကတည်က အနုပညာ ဝါသနာပါတယ်လို့ ထင်ပါတယ်။ သီချင်းဆိုတာ တအား ကြိုက်လို့ ဝမ်းသာတဲ့ အခါ၊ ဝမ်းနည်းတဲ့အခါ အမြဲ သီချင်းဆိုဆိုနေကြတာကို မှတ်မိနေပါတယ်။ အသက်အရွယ် ရတော့ ဂျပန် တေးဂီတ ထုတ်လုပ်ရေး ကုမ္ပဏီနဲ့  စာချုပ်ချုပ်ပါတယ်။ အဲဒီချိန်မှာတော့ သိပ်နာမည် မရခဲ့ဘူး။ ဒါပေမယ့် ကမ္ဘာမှာ ကျော်ကြားတဲ့ အဆိုကျော် ဖြစ်ချင်တဲ့ ဇောနဲ့ အမေရိကကို သွားပြီး သီချင်းပြိုင်ပွဲမှာ ဝင်ပြိုင်ပါတယ်။ ဝင်ပြိုင်တော့ ကံကောင်း ထောက်မစွာနဲ့ ပထမဆု ရသွားတယ်။ နိုင်ငံပေါင်းစုံ ကနေ ဝင်ပြိုင်တဲ့ပွဲဖြစ်လို့ အရမ်းကို ပျော်တာပေါ့။ ဒါနဲ့ ဂျပန်ပြည်ကို ပြန်ပြီး အခုဆိုရင် ဂျပန်နိုင်ငံရဲ့ အနယ်နယ် အရပ်ရပ်ကို သွားပြီး ကျမ သီချင်းသံနဲ့ ပရိသတ်တွေကို ဖျော်ဖြေနေ ပါတယ်။ ကျမ သူများ သီချင်းကို Copy ဆိုတာလည်း ရှိသလို၊ ကိုယ်တိုင်း သီချင်း ရေးစပ်ပြီး ကိုယ်ပိုင်သီချင်းကို ဆိုတာလည်း ရှိပါတယ်။ ကိုယ်ပိုင်သီချင်း ဆိုရင် ကျမရဲ့ အနုပညာ ခံစားမှုတွေကို အပြည့်အဝ ထည့်သွင်းနိုင်တာပေါ့။

ကျမရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံတကာကို သွားပြီး ကျမရဲ့ အနုပညာ ခံစားမှုတွေကို လူအများဆီကို တင်ဆက်နိုင်ဖို့ပါ။ ဒါနဲ့ ဂျပန်မှာ နေနေတဲ့ မြန်မာလူမျိုးတွေနဲ့လည်း တွေ့တယ်၊ သင်္ကြန်မှာ မြန်မာပြည်ကို သွားပြီး မဏ္ဍာပ်မှာ မြန်မာ ပရိသတ်ရှေ့မှာ သီချင်းဆို ဖျော်ဖြေနိုင်ခဲ့လို့ မြန်မာပြည်ကို ပိုကြိုက်သွားတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာ အနုပညာရှင် တွေနဲ့ အတူတူ တေးဂီတပွဲကို ကျင်းပ ဆင်နွှဲချင်ပါတယ်။ မြန်မာပြည်အကြောင်း၊ မြန်မာ အနုပညာ အကြောင်းကိုလည်း ကျမ ဂျပန်ဝရိသတ်တွေကိုလည်း ပြောပြချင်ပါတယ်။

မေး။     ။ Facebook မှာ Myanmar Page ဖွင့်ပြီးတော့ကို မြန်မာပရိတ်သတ်တွေနဲ့ ရင်းနှီးအောင်၊ Up to date ဖြစ်နေအောင် လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကရော။

ဖြေ။     ။ ကျမ ဂျပန်မှာလည်း အနုပညာ အလုပ်လုပ်နေလို့ အမြဲတမ်း မြန်မာနိုင်ငံမှာ နေနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာနဲ့ ဂျပန် ဘယ်လောက် ဝေးဝေး Facebook မှာ ပိုစ့်တင်လို့ရှိရင် ကျမရဲ့ သီချင်း၊ ကျမရဲ့ အနုပညာ စိတ်ခံစားမှု တွေကို တင်ဆက်နိုင်လို့ပါ။ ပရိသတ်တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေနေတယ်လို့ ခံစားနိုင်တာလည်း ပါပါတယ်။

မေး။     ။ အခုဆိုရင် မြန်မာပရိသတ် ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ။     ။ အခု ကျမ Facebook မှာ မြန်မာပရိသတ် ၆၀၀၀ ကျော်ရှိပါတယ်။

မေး။     ။ မြန်မာနိုင်ငံ၊ မြန်မာပရိသတ်နဲ့ ပတ်သက်လို့ ဘယ်လို အကြံဉာဏ်တွေ ဆုမွန်ကောင်းတွေ တောင်းပေး ချင်ပါသလဲ။

ဖြေ။     ။ ကျမကို အမြဲ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာသီချင်း များများ ဆိုတတ်အောင် ကြိုးစားသွားပါမယ်။ ကျမ ကိုယ်ပိုင် သီချင်းတွေကိုလည်း မြန်မာလို ဘာသာပြန်ပြီး မြန်မာပရိသတ်တွေကို တင်ဆက် ချင်ပါတယ်။ မြန်မာ့အနုပညာရှင် များနဲ့လည်း အတူတူ ဂီတပွဲကို မြန်မာနိုင်ငံရော၊ ဂျပန်နိုင်ငံမှာပါ ဆင်နွှဲ တင်ဆက်ချင် ပါတယ်။ မြန်မာအကြောင်းကို ကြိုးစား သင်ယူပြီး ဂျပန်မှာ တွေ့ခဲ့တဲ့ မြန်မာလူမျိုးရဲ့ ကောင်းတဲ့ အကြောင်း ကိုလည်း ဂျပန်လူမျိုးကို အသိပေး နားလည်အောင်လည်း လုပ်ချင်ပါတယ်။ မြန်မာနိုင်ငံကိုလည်း တတ်နိုင်သလောက် မြန်မြန်ပြန်လာပြီး မြန်မာပရိသတ်တွေနဲ့ ပြန်တွေ့ချင်ပါတယ်။ ကျမကို ဆက်ပြီး အားပေးပါဦး။ အခုလို ကျမကို အင်တာဗျုးတဲ့ ဧရာဝတီကို ကျေးဇူးတင်ပါတယ်။ ကျမရဲ့ မြန်မာပရိသတ် အားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။

နိုင်ငံရေးနဲ့ အနုပညာလှပစွာ ပေါင်းစပ်ဖို့ ကဗျာဆရာအောင်ဘညို၏ နောက်ဆုံးရင်ဖွင့်စကားများ

Tuesday, June 16, 2015 0 comments


ကဗျာဆရာ အောင်ဘညို (ဓာတ်ပုံ - ပန်းချီဆရာ ကိုကိုနိုင် ဖေ့ဘုတ်မှ)

စာပေ၊ ဂီတ၊ ပန်းချီစတဲ့ အနုပညာ အသိုင်းအ၀ိုင်းက ချစ်စနိုးနဲ့ အေဘီညိုလို့ ခေါ်တဲ့ ကဗျာဆရာ အောင်ဘညိုဟာ သူ့ကိုယ်တိုင်ရဲ့ စိတ်ရင်းက ရိုးသား ရိုးဖြောင့်သလို သူရေးဖွဲ့တဲ့ကဗျာတွေကလည်း ရိုးရှင်းပြီးလှပနေပါတယ်။ လီစယ်မှုမရှိ၊ ဖြားယောင်းသွေးဆောင်မှုလည်း မရှိ..၊ ပကတိအလှနဲ့ ပြည့်စုံနေပါတယ်။ အောင်ဘညိုဟာ နူးညံ့သိမ်မွေ့ ကဗျာဆရာ အနုပညာသမားတဦး ဖြစ်ပေမယ့် သူဟာ စိတ်ဓာတ်ခိုင်မာသူ၊ နိုင်ငံရေးခံယူချက် ပြတ်သားသလို ရပ်တည်ချက် ခိုင်မာသူ ဖြစ်တယ်ဆိုတာ သူ့စကားတွေထဲမှာ တွေ့နိုင်ပါတယ်။ ဧရာဝတီသတင်းဌာနမှ ကော်ပီအယ်ဒီတာ တင်လတ်ကိုက ကဗျာဆရာအောင်ဘညို မကွယ်လွန်မီ အင်တာဗျူး မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါတယ်။

မေး။      ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလ စစ်အာဏာရှင် စနစ်အောက်မှာလုပ်ခဲ့ရတဲ့ ကမ်းလွန်လေ ကဗျာ မဂ္ဂဇင်းအကြောင်း ပြောပြပေးပါဦးအစ်ကို။

ဖြေ။       ။ ကမ်းလွန်လေကဗျာ မဂ္ဂဇင်းအမှတ် ၁ ကို အာဏာရှင်စစ်အစိုးရက ၉၀ ရာခိုင်နှုန်းအဖြုတ်ခံရတယ်။ ၁၀ ရာခိုင်နှုန်းပဲ ပရိသတ်ဖတ်ရပါတယ်။ စာပေလွတ်လပ်ခွင့်ဆုံးရှုံးရတဲ့ကာလတခုပါပဲ။ စစ်အာဏာရှင်ခေတ်မှာ ကဗျာမဂ္ဂဇင်း ထုတ်ဝေတယ်ဆိုတာ ထောင်နှုတ်ခမ်းလမ်းလျှောက်ရတာပါပဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးယုံကြည်ချက် ကဗျာ ယုံကြည်ချက်နဲ့ လုပ်ခဲ့တာပါ။ ကမ်းလွန်လေကဗျာမဂ္ဂဇင်းအမှတ် ၂ ကို စာပေကင်ပေတိုင်က ဆိုင်းငံ့ဆိုတဲ့စကားနဲ့ ထုတ်ခွင့်မရတော့ပါဘူး။ သူတို့ယူနီဖောင်းပြောင်းပြီးမှ ထုတ်ခွင့်ရတယ်။ကမ်းလွန်လေကဗျာမဂ္ဂဇင်းအမှတ် ၁ နဲ့ အမှတ် ၂ ကြားထဲ ၂၂ နှစ် ကြာ ညောင်းသွားတယ်။

ရှင်းရှင်းပြောရရင် ပြည်သူတွေ မျက်စိပွင့် နားဖွင့်မှာကို အာဏာရှင်တွေ အရမ်းစိုးရိမ်တယ်။ သူတို့လုပ်ချင်တာလုပ်ဖို့ ထင်ရာစိုင်းဖို့ ပြည်တွေ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်၊ ခြေတွေလက်တွေ လှုပ်လို့မရအောင်လုပ်ခဲ့တယ်။ အဲ့ဒီတော့ ပြည်သူက စားစရာမရှိ၊ နေစရာမရှိ၊ သူတို့လက်တဆုပ်စာ ဗိုလ်ချုပ်တွေနဲ့ ခရိုနီကြီးတွေကတော့ ကမ္ဘာမှာ မီလျှံနာ ဘီလျှံနာ သူဋ္ဌေးကြီးတွေဖြစ်ကုန်တယ်။ သာမန် လက်လုပ် လက်စားပြည်သူတယောက်ဟာ သားသမီး တယောက်ကို ကျောင်းမထားနိုင်တဲ့ အခြေအနေမှာ ဗိုလ်ချုပ်ကြီးတယောက်ရဲ့ မြေးဟာ ကိုယ်ပိုင်လေယာဉ်နဲ့ နေ့ချင်းပြန် စင်ကာပူမှာ ကျောင်းသွားတက်တာ ကြည့်ရင် အာဏာရှင်တို့ရဲ့ ရက်စက်မှုကို ပြန်တွေ့နိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအသိမြင် ဗဟုသုတ တိုးပွားအောင် ရည်ရွယ်လုပ်ဆောင်တဲ့ အလုပ်တွေကို ပိတ်ပင်တားဆီးတာ ဖြစ်တယ်။

မေး။      ။ အစ်ကိုဟာ ဟန်သစ်၊ လှိုင်းသစ် စတဲ့ မဂ္ဂဇင်းတွေမှာ ကဗျာအယ်ဒီတာလည်း လုပ်ခဲ့ဖူးတော့ နအဖခေတ် အစုတ်ဖြဲခံရ၊ ကြောင်းရေအဖြုတ်ခံကဗျာတွေအကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ။       ။ ဟန်သစ်၊ လှိုင်းသစ်မဂ္ဂဇင်းတွေက ၀တ္ထုကဗျာဆောင်းပါးတွေကိုလည်း ရစရာမရှိအောင် အဖြုတ်ခံ ရပါတယ်။ မဂ္ဂဇင်းစာအုပ်တအုပ်လုံး မြင်မကောင်းအောင် အဖြတ်ခံရ အထုတ်ခံရပါတယ်။ စာပေကင်ပေတိုင်က သူတို့အဘကို ထိကပါးရိကပါး လုပ်တယ်လို့ သံသယဖြစ်တဲ့ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ရက်ရက်စက်စက်ဖြုတ်ပစ်တယ်။ သူတို့ အကြောက်ဆုံးကတော့ ကဗျာပဲ။ ကဗျာကို လင်လုဖက်လို မျက်မုန်း ကျိုးတယ်။အဲဒီတုန်းက တိုးတက်တဲ့ ကဗျာဆရာတွေကို စာရင်း မှတ်ပြီး Black List လုပ်ထားတယ်။

မေး။      ။ အစ်ကိုတို့ ထုတ်ခဲ့တဲ့ ဧကစာမီးခိုးများပေါ့လေ…၊မောင်အောင်ပွင့်၊ ကိုသန်းထွန်း၊ အောင်ဘညို၊ တေးရေး ကေအေတီ(အောင်အောင်သစ်)တို့အပါအ၀င် အဲ့ဒီစာအုပ်လေးအကြောင်းလည်း အမှတ်တရ ပြန်ပြောင်း အောက်မေ့ ပေးပါဦး။

ဖြေ။       ။ ဧကစာမီးခိုးများစာအုပ်လုပ်ဖြစ်တာကတော့ သူငယ်ချင်း KAT (ကျော်အောင်သစ်) Mother eye ဆိုပြီး စာအုပ်တိုက်လေးထောင်ပြီး ကဗျာစာအုပ်တွေ လုပ်ချင်တယ်ဆိုလို့ လုပ်ဖြစ်ခဲ့တာပါ၊ စာအုပ်က       ရောင်းရပါတယ်။ ဒုတိယအကြိမ်ထုတ်ဖို့ ‘ရာပြည့်’က ကမ်းလှမ်းပါတယ်၊ ကျော်အောင်က သူပဲလုပ်မယ်   ဆိုပြီး  ရာပြည့်ကို မပေးဖြစ်ပါဘူး။ နောက် ဆရာကျောင်းရဲ့ညီ ပန်းချီကျော်ဇံလှက ပြန်ထုတ်ဖို့ ပြောလာ တယ်။ နောက် လူငယ် ကဗျာဆရာတယောက်က ဒုတိယအကြိမ်အတွက် ကမ်းလှမ်းခဲ့သေးတယ်၊ မပေးဖြစ်ခဲ့ပါဘူး။  ခုတော့ ဧကစာမီးခိုးများ ကဗျာစာအုပ်ကို ဒုတိယအကြိမ် ရိုက်ဖို့ သူငယ်ချင်းမိုးကျော်သိမ်းကို ပေး    လိုက်ပါပြီ။ မကြာမီ ဒုတိယအကြိမ် ရိုက်တော့မှာပါ။

မေး။      ။ အစ်ကိုရဲ့ ‘အိုအမေ၊ မေးခွန်း၊ ဖွားဖက်တော်၊ ၀ိဉာဉ်မဲ့သွားတဲ့ သေနတ်၊ ငြိမ်းချမ်းရေးဆိုသည်မှာ’… စတဲ့ ကဗျာတွေ အကြောင်းသိချင်ပါတယ်။

ဖြေ။       ။ ‘အိုအမေက’ကိုယ်ရဲ့ အမေ့အကြောင်း ဖွဲ့နွဲ့ထားတဲ့ ကဗျာတပုဒ်ပါ၊ ‘မေးခွန်းများ’ ကတော့ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို ထင်ရာစိုင်းခဲ့တဲ့ အာဏာရှင်တွေကို မေးခွန်းထုတ်တဲ့ ကဗျာပဲဖြစ်ပါတယ်။ ‘ဖွားဖက်တော်’ ကဗျာကတော့ တော်လှန်ရေးအတွက် စာသင်ခန်းတွေ စွန့်ခွာသွားရတဲ့ လွတ်မြောက်နယ်မြေက ကျောင်းသား တပ်မတော် (ABSDF) ဂုဏ်ပြုရေးဖွဲ့တဲ့ကဗျာပါ၊ ‘၀ိဉာဉ်မဲ့သွားတဲ့ ရွှေသေနတ်’ ကတော့ အာဏာရှင် ကဒါဖီ ကို ရေးဖွဲ့ခဲ့တာပါ။ သူ့ကိုဆန့်ကျင်သူ ပုန်ကန်သူမှန်သမျှ သုတ်သင်ဖို့ လုပ်ထားတဲ့ ရွှေသေနတ်ဟာ သူ့မြောင်းထဲမှာ ခွေးသေ၀က်သေသေသွားတော့ အသုံးမ၀င် တော့ပါဘူး။‘ငြိမ်းချမ်းရေးဆိုသည်မှာ’ကဗျာကတော့ ရိုးရိုးလေး ရေးဖွဲ့ခဲ့တာပါ။ စစ်သားက တိုင်းပြည်ကို ကာကွယ် ဆရာဝန် က ဆေးကု၊ အင်ဂျင်နီယာက အဆောက်အဦဆောက်၊ လယ်သမား စပါးစိုက်၊ ကဗျာဆရာ ကဗျာရေး၊ ကိုယ့်အလုပ်ကိုယ် လုပ်ရင် တိုင်းပြည်က ငြိမ်းချမ်းနေမှာကို ဖွဲ့ခဲ့တာပါ။ ခုတော့ ကျနော်တို့ တိုင်းပြည်မှာ ကိုယ့် အလုပ်ကိုယ်မလုပ်လည်း အလုပ်ရှုပ်နေခဲ့တာပဲမဟုတ်လား။

မေး။      ။ အာဏာရှင် ခေတ်အဆက်ဆက်မှာ စာပေပညာရှင်တွေကို မုန်းတီးပြီး ရန်သူလို စောင့်ကြည့် ဖမ်းဆီးထောင်ချ ခဲ့တာတွေ ပတ်သက်ပြီး အဲ့ဒီအပေါ်မှာ အစ်ကိုရဲ့ ထင်မြင်ယူဆချက်။

ဖြေ။       ။ ဆရာဗန်းမော်တင်အောင်၊ သခင်မြသန်း၊ လူထုဦးလှ၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ ပြီးတော့ တိုးတက်တဲ့ ကဗျာဆရာတွေ စာရေးဆရာတွေကို ဖမ်းဆီးထောင်ချတာဟာ တိုင်းပြည်အတွက် အရမ်းနစ်နာပါတယ်။ စာရေးဆရာ ကဗျာဆရာတွေကို ဖမ်းဆီးထောင်ချတာ ပြည်သူ့မျက်လုံးကို ဖောက်တာပါပဲ၊ ခုလယ်သမားတွေကို ဖမ်းဆီးထောင်ချ၊ လယ်တွေ သိမ်းတာက ပြည်သူ့ဝမ်းစာကို ဖောက်တာပါပဲ။ အဲ့ဒီလို အာဏာရှင်တွေရဲ့ ဇာတ်သိမ်းကမလှပါဘူး။ ကြည့်ဗျာ …၊ ဟစ်တလာရဲ့ ဇာတ်သိမ်း၊ မူဆိုလိုနီရဲ့ ဇာတ်သိမ်း၊ ကဒါဖီ၊ ဆဒမ်ဟူစိန်၊ ဒီလိုအာဏာရှင်တွေရဲ့ ဇာတ်သိမ်းခန်း က အသေထွက်နဲ့ ထွက်ခဲ့တာချည်းပါပဲ။သင်ခန်းစာယူတတ်ရင် ယူလို့ရပါတယ်။

မေး။      ။ အခုလည်း ဒီမိုကရေစီသွားနေပြီလို့ဆိုပြီးကျူးကျော်တံဆိပ်တပ်မောင်းထုတ်နေတာတွေ၊ ဗကသလို ဖြိုခွဲခံရတဲ့ အဖြစ်အပျက်တွေ၊မီဒီယာသမားတွေအပေါ် ဖိနှိပ်(ကိုပါကြီးကိစ္စလိုမျိုး) တာတွေဖြစ်နေတယ်ပေါ့လေ။ ၂၀၁၄ နိုင်ငံရေးအခင်းအကျဉ်းတွေကို သုံးသပ်ပြီး အဲဒီအပေါ် ခြုံငုံပြောပေးပါဦးအစ်ကို။

ဖြေ။       ။ အပြောနဲ့အလုပ်မညီညွတ်ပါဘူး။ ပြည်သူလူထုနေထိုင်ရေး၊ စားဝတ်နေရေး ၀ရုန်းသုန်းကားဖြစ်နေတော့ နိုင်ငံရေးကိုလှည့်မကြည့်နိုင်အောင် လုပ်တာတွေက အာဏာရှင်ရဲ့ ကျင့်ထုံးတွေပါပဲ။ မြန်မာပြည်မှာ ဖြူနှင်းဖွေးတွေ အများကြီး၊ ကိုပါကြီးတွေ အများကြီးပါဗျာ။ ၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကတော့ အခြေအနေမကောင်းခဲ့ပါဘူး၊ ညင်သာတဲ့ ဒီမိုကရေစီပြောင်းလဲရေးမှာ သူတို့ဘက်က ပျော့ပြောင်းမှ ပြည်သူဘက်က ပျော့ပြောင်းမှာပါ။ မြန်မာစကားတခွန်းရှိပါတယ်၊ ရောင်းသူ/၀ယ်သူအသံတူပေါ့ဗျာ။

မေး။      ။ နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာလိုက်တယ်၊ ပြည်သူ့လူထုအတွက် တကယ် အကျိုးဖြစ်ထွန်းစေမယ်လို့ အစ်ကိုယူဆထားတဲ့ ပါတီရှိပါသလား။ အစ်ကိုရော ဘယ်ပါတီကို မဲပေးဖြစ်မလဲ။

ဖြေ။      ။ အခုချိန်ထိ ရွေးကောက်ပွဲကို ပြည်သူတွေက သံသယနဲ့ စောင့်ကြည့်နေတုန်းပါပဲ၊ ကျနော်အပါအ၀င် ကျနော့် မိသားစုကဗျာဆရာ၊ တေး/ရေး၊ တေး/ဆို ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတွေ အဆုံး ပြည်ခိုင်ဖြိုးက လွဲရင် မဲပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မေး။      ။ လွတ်လပ်ရေးရဲ့ ဖွားဖက်တော် ပြည်တွင်းစစ်မီးက ဒီမိုကရေစီ သွားနေတယ်လို့ ပြောနေတဲ့ ဦးသိန်းစိန် အစိုးရထိ မငြိမ်းသေးတာတွေ့ရပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အနုပညာသမားတယောက် အနေနဲ့ ဘာများအကြံပြုချင်ပါသလဲ။

ဖြေ။       ။ ကျနော်တို့ကျတော့ နိုင်ငံရေးဖိနှိပ်မှုပဲရှိတယ်၊ တိုင်းရင်းသားတွေကျတော့ နိုင်ငံရေးရော လူမျိုးကြီးဝါဒရော ၂ မျိုး ဖိနှိပ်ခံနေရတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်သေးတာက (ဖက်ဒရယ်) တန်းတူညီမျှ မရှိသေးလို့ပါ။ တန်းတူ ရည်တူဆက်ဆံရေးရှိလာရင် အောင်မြင်မှုရလာလိမ့်မယ်။

မေး။      ။ နိုင်ငံရေးနဲ့ စာပေဟာဆက်နွယ်မှုရှိတယ်လို့ အစ်ကိုထင်မြင်ယူဆပါသလား။

ဖြေ။       ။ နိုင်ငံရေးနဲ့ စာပေဟာ ရေနဲ့ ကြာလိုပါပဲ။ နိုင်ငံရေးမပါတဲ့စာပေဟာအပေါးစာပေပါပဲ၊ နိုင်ငံရေးကဲသွားရင်တော့ ကြွေးကြော်သံဖြစ်သွားမှာပဲပေါ့။ ဒါကြောင့်နိုင်ငံရေးနဲ့ အနုပညာလှပစွာ ပေါင်းစပ်ဖို့ပါပဲ။

မေး။      ။ လူဦးရေသန်း ၆၀ ကျော်ရှိတဲ့ တိုင်းပြည်မှာ ရသစာအုပ်တွေဟာ အုပ်ရေတထောင်လောက် ကုန်ဖို့ မနည်း ကြိုးစားနေရတယ်။ ရသစာပေနိမ့်ကျရတဲ့ အကြောင်းရင်းမှာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမှာရော တာဝန်ရှိတယ်လို့ အစ်ကို ခံစားမိပါသလား။ ဘယ်လိုကြောင့်ပါလဲ။

ဖြေ။       ။ ပါတာပေါ့ဗျာ..။လူတွေက စားဖို့ နေဖို့ ကြိုးစားနေရတော့ စာဖတ်ဖို့ အချိန်မပေးနိုင်ဘူး။ ငွေမဖြုန်းနိုင်ဘူး။ အဓိကတရားခံကတော့ အစိုးရပဲဗျ။

မေး။      ။ ယနေ့ကျောင်းသုံးပြဋ္ဌာန်းထားတဲ့ ကဗျာတွေအစား ပြင်ပမှာ ဖြစ်ထွန်းနေတဲ့ ကဗျာတွေကိုအစားထိုးဖို့ အချိန် ရောက်ပြီလို့ အစ်ကိုယူဆပါသလား၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိ ပုဂ္ဂိုလ်တွေကို အစ်ကိုအကြံပြုချင်တာ ရှိရင်။

ဖြေ။       ။ လိုပါတယ် ခေတ်နဲ့မလျော်ညီရင် ပြင်ဆင်တည်းဖြတ် ပြောင်းလဲရမှာပဲ ဖြစ်ပါတယ်။

မေး။      ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ကြုံမယ်ဆိုရင် ကဗျာဆရာတယောက်ဖြစ်တဲ့ အစ်ကို့ အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။       ။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က အမေလိုသဘောထားပါတယ်။ အမေအသက်ရာကျော်ပြီး ဒီမိုကရေစီစံနစ်ကိုအောင်မြင်စွာဖော်ဆောင်နိုင်ပါစေလို့။

(ကဗျာဆရာအောင်ဘညို၏ အမည်ရင်းမှာမောင်မောင်ဇော် ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ ပထမဆုံးကဗျာစာအုပ်မှာ ဧကစာမီးခိုးများ’  ကဗျာစာအုပ် ဖြစ်ပြီးမောင်အောင်ပွင့် ၊ကိုသန်းထွန်း၊ ကျော်အောင်သစ် (ကေအေတီ)နှင့် လေးဦးပူးပေါင်း ထုတ်ဝေခြင်း ဖြစ်သည်။ ၁၉၉၁ ၀န်းကျင်တွင် မြန်မာ စာပေလောတွင် မှတ်တိုင်တခု အဖြစ် ကမ်းလွန်လေကဗျာမဂ္ဂဇင်းကို စီစဉ်ထုတ်ဝေခဲ့သည်။ သူ၏ တကိုယ်တော် ကဗျာ စာအုပ်များမှာ အသံတူအရောင်များ နှင့် ၅၀၊၅၀ ကဗျာစာအုပ်တို့ ဖြစ်သည်။ ပန်းနုရောင် ဆံနွယ်များ၏ ချည်တိုင်၊ မောင်ချောနွယ် အတုကဗျာစာအုပ်များကိုလည်းစီစဉ်ခဲ့သည်။ သူ၏ ပင်လယ်အော်သံကဗျာကိုအဆိုတော် လေးဖြူက တေးစီးရီး ခေါင်းစဉ် အဖြစ် အသုံးပြုခဲ့သည်။ အိုစမာကဗျာဖြင့် ၂၀၀၄ ခုနှစ် အလယ်ရိုးမခေတ်ပေါ် ကဗျာဆုနှင့်ရွှေဘိုပန်း ကဗျာဆုကို စပ်မိစပ်ရာ၂၀၁၃ကဗျာဖြင့် ရရှိခဲ့သည်။တောမီးကဗျာစာအုပ်ကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်စီစဉ်ဆဲတွင် အသက် ၅၄ နှစ် အရွယ်ရှိကဗျာဆရာအောင်ဘညိုသည် ဇွန် ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဦးနှောက်သွေးကြောပြတ် ရောဂါဖြင့် ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော် ရှိနေအိမ်တွင် ကွယ်လွန်ခဲ့ပါသည်။)

ကဗျာဆရာအောင်ဘညို ၏ ကလောင်ခွဲများမှာ မောင်ဇော်၊ မိုဟန်ဂျိုနာ၊ လူမိုးသိုက်၊ တင်မိုးမြိုင်၊ မအိမ်သူ၊ မာဆိုး၊ စသည်တို့ ဖြစ်သည်။

 ကဗျာဆရာ အောင်ဘညို ရဲ့ ဈာပန မြင်းကွင်းတချို့ကို ကဗျာဆရာ လူဘအောင်ရဲ့ ဖေ့ဘုတ်မှ ယူပြီး ဖော်    ပြပေးလိုက်တာပါ။





မြန်မာနိုင်ရင် ပြောဖို့ စကားလုံးတွေရှာနေတယ်ဆိုတဲ့ ကိုသစ္စာ

Monday, June 15, 2015 0 comments


ဘောလုံးပွဲကို အားရပါးရ ကြေငြာနေတဲ့ ကိုသစ္စာ (ဓာတ်ပုံ - ကိုသစ္စာ facebook မှ)

ဒီကနေ့ဆိုရင် မြန်မာ ယူ- ၂၃ အသင်းရဲ့ ဖိုင်နယ်ပွဲစဉ်အတွက် မြန်မာဘောလုံးပရိတ်သတ် အားခဲထားကြပါပြီ။ ဘောလုံးပွဲဆိုလို့ အဲ့ဒီဘောလုံးပွဲတွေနဲ့ အပြိုင် နာမည်ကြီးနေတဲ့သူ တယောက်ရှိပါတယ်။ သူ့ကို ဘောလုံး ပရိတ်သတ်တော်တော်များများကလည်း သတိထားမိကြမှာပါ။ သူကတော့ Sky Net Sport လိုင်းမှာ ဘောလုံးပွဲ နောက်ခံစကားပြောပေးတဲ့ ကိုသစ္စာဆိုသူပါ။ သူ့အကြောင်းကိုလည်း ပရိတ်သတ်တွေ အတော်လေး စိတ်ဝင် စားကြမယ်လို့ထင်ပါတယ်။ ကမ္ဘာ့ဖလားကိုတက်သွားခဲ့တဲ့ ယူ-၂၀ အသင်းရဲ့ ပွဲစဉ်တွေကစလို့ အခုနောက်ဆုံး ဆီးဂိမ်း ဆီးဖီးဖိုင်နယ်အထိ တက်သွားခဲ့တဲ့ ယူ-၂၃ အသင်းထိတိုင်အောင် ပွဲစဉ်တလျှောက်လုံး သူ့ရဲ့ အပြော အဆိုတွေကြောင့် စိတ်ဝင်စားကြတာဆိုရင် မမှားပါဘူး။ စကိုင်းနက်က ကိုသစ္စာနဲ့ ဧရာဝတီတို့ မေးဖြစ် ပြောဖြစ် တဲ့ အတိုအထွာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး ဘောလုံးပွဲ နောက်ခံစကားပြောမလုပ်ခင်က ကိုသစ္စာ ဘာတွေလုပ်ဖြစ်ခဲ့လဲ။

ဖြေ ကျနော်အရင်က စာသင်ခဲ့ဖူးပါတယ်။ ကျောင်းဆရာအနေနဲ့ပေါ့။ ဘ၀မှာ အမျိုးမျိုးလုပ်ခဲ့ဖူးတယ်။ ကျောင်းဆရာ ဆိုတာက ဘာသာစကား သင်ပြတဲ့ ပုံစံမျိုးပေါ့။ ပညာဒါန ကျောင်းတခုမှာ ဆရာသမားတဦးနဲ့တွေ့   ပြီးတော့ ကျောင်းသားတွေကို ပြန်ပြီးတော့ စာပြန်ပြပေးဖူးတယ်။

မေး လက်ရှိ စကိုင်းနက်မှာ ကိုသစ္စာလုပ်နေတဲ့ ရာထူးက ဘာဖြစ်မလဲ။

ဖြေ လက်ရှိ Sky Net မှာ အားကစားချန်နယ် မန်နေဂျာ လုပ်နေပါတယ်။

မေး ဘောလုံးပွဲတွေမှာ နောက်ခံစကားပြောအနေနဲ့ လုပ်လာတာဘယ်လောက်ရှိပြီလဲ။

ဖြေ ၄ နှစ်ရှိပါပြီ။

မေး ကိုသစ္စာကို ဘောလုံးပွဲကြည့် ပရိတ်သတ်တွေကြား လူသိများလာတဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ အဓိကက မြန်မာ ယူ-၂၃ အသင်းကကောင်းတော့ ပရိတ်သတ်အားပေးမှုက နဂိုကတည်းက ရှိပြီးသားလေ မြန်မာအသင်းဆိုရင်လေ။ နောက် မြန်မာ ယူ-၂၃ အသင်းကလည်း ကစားသမား တဦးကောင်း တယောက် ကောင်း မဟုတ်ဘူး။ အသင်းလိုက်ကောင်းနေတော့ နောက် စုစုစည်းစည်း စည်းစည်းလုံးလုံး ရှိတော့ ဒါကိုပဲ ပရိတ်သတ်က အားပေးကြတာပေါ့။ အဓိကကတော့ မြန်မာ ယူ-၂၃ အသင်းရဲ့ အသင်းလိုက် ကစားရတဲ့ ဘောလုံးအသင်းထဲမှာ တဦးကောင်း တယောက်ကောင်းလိုမျိုး တကိုယ်ကောင်းဆန်စိတ်တွေ လျှော့ပြီးတော့ မြန်မာအသင်းမှာ စုစုစည်းစည်းကစားလာတာက တော်တော် ထူးထူးခြားခြားပေါ့။ မြန်မာအသင်းမှာ အရင်တုန်း က ကျနော်တို့ကြည့်ခဲ့တာနဲ့ အရမ်းကွာတယ်။ ပရိတ်သတ်တွေ အားပေးသမျှကို အခုလို အားရပါးရ အားပေး တိုင်း ကစားတဲ့အသင်းဟာ ယူ -၂၀ အသင်းတို့ ယူ-၂၃ အသင်းတို့ လက်ရှိအချိန်ထိပေါ့နော်။ အနှစ် ၂၀ လောက် အားပေးလာခဲ့တာ ဒီအသင်းနှစ်သင်းပဲ အားရ ရသေးတယ်။ အဲ့ဒါကြောင့်လည်းပါပါတယ်။ အဓိက ကလည်း သူတို့တွေရဲ့ ခြေစွမ်းကြောင့်နဲ့ ပရိတ်သတ်တွေကြောင့်ပါ။ ကျနော်တို့ကြောင့်တော့မဟုတ်ပါဘူး။ ကျနော်တို့ကတော့ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်တာပေါ့။ ကျနော်တို့ နာမည်ကြီးဖို့လည်း မလိုဘူး။ ကျနော်တို့ဟာလည်း မြန်မာအားကစားပရိတ်သတ်တွေလေ။ မြန်မာယူ-၂၃ ရွှေရရင် အားလုံးပျော်ရမယ်။ အားလုံးပျော်ရရင် အဲ့ဒီအားလုံးထဲမှာ ကျနော်ပါတော့ ကျနော်ပါ ပျော်ရတာပေါ့။ ဒါပါပဲ။

မေး ဒီနေ့ ယူ -၂၃ ဖိုင်နယ်ပွဲအတွက် ကိုသစ္စာ ဘာတွေပြောဖို့ ပြင်ဆင်ထားပြီးပြီလဲ။

ဖြေ  မြန်မာနိုင်ရင် ပြောဖို့အတွက် စကားလုံးတွေ ရှာနေပါတယ်။ ပရိတ်သတ်တွေလည်း ကူရှာပေးကြပါ။ အဲ့ဒါပဲ ကျနော့်ခေါင်းထဲမှာရှိတယ်။

မေး ကိုသစ္စာ ဘောလုံးပွဲနောက်ခံစကားပြောရင် အားနဲ့မာန်နဲ့ ပြောတာကို ပရိတ်သတ်တော်တော်များများ သတိထားမိတယ်။ ဘာကြောင့် အဲ့လိုပြောဖြစ်တာလဲ။

ဖြေ ဘာကြောင့်လည်းဆိုတော့ ၅၁ သန်းကျော်သော ပြည်သူတွေကို ကျနော်ကိုယ်စားပြု ပြောနေရလို့ အားရော မာန်ရော ပါနေတာပါ။

မေး ကိုယ့် မြန်မာဘက်ကိုပဲ အားနဲ့မာန်နဲ့ ပြောပြီး တဖက်အသင်းရဲ့ အနေအထားအပေါ်ကို ကျတော့ အားနဲ့ မာန်နဲ့ပြောတဲ့ အနေအထားကို မတွေ့ရတော့ ကိုယ့်ကိုယ်ကိုရော ငါ အဲ့လိုအနေအထားများဖြစ်နေသလား ဆိုတာမျိုး ပြန်သုံးသပ်မိဘူးလား။
ဖြေ အဲ့လိုမျိုးတော့ သုံးသပ်မိပါတယ်။ ညီမလည်း ငယ်ငယ်ကတည်းက မြန်မာအသင်းကို တခါမှလည်း ဒါမျိုး အားမပေးဖူးဘူးလေ။ ၅၁ သန်းကျော်သော ကိုယ်စားပြုလို့ ပြောပြီး ကျနော့အသင်းကို ဂိုးသွင်းခံနေရရင် ပြည်သူတွေက ပျော်ချင်မှ ပျော်မှာလေ။ ကျနော်က သွားပြီးတော့ ၀မ်းသာအားရနဲ့ ထပြီးအော်လို့ မကောင်းဘူး။ ပရိတ်သတ်အနေနဲ့ပဲ ခံစားပါတယ်။ ယူ-၂၀ ၊ ယူ -၂၃  တို့ကို အကြောင်းပြပြီးတော့ Sky Net က သစ္စာ ဆိုပြီး ဖြစ်လာတာလေ။ တကယ်တော့ ကျနော်တို့လည်း ပရိတ်သတ်က ပရိတ်သတ်ပါပဲ။

မေး အရင်က ဘောလုံးပွဲကြေငြာသူထဲမှာ လူသိများဆုံးကတော့ ဦးလှဝင်း ပေါ့နော်။ သူ့နောက်ပိုင်းမှာ ထူးထူး ခြားခြား ပရိတ်သတ်သတိထားမိတဲ့ ဘောလုံးပွဲကြေငြာသူဆိုတာ မသိသလောက်ရှိနေတာကနေ အခု ယူ-၂၀၊ ယူ-၂၃ ပွဲတွေကျမှ ကိုသစ္စာဆိုတာ ပရိတ်သတ်သတိထားမိလာတဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ အဲ့လိုကြီးတော့ ကျနော်မသတ်မှတ်ပါဘူး။ ကျနော်တို့  Sky Net Sport မှာရှိနေတဲ့သူတွေက ကိုယ့်ဟာနဲ့ကိုယ် ကြိုးစားနေကြတာပဲ။ အကြောင်းတရားတွေ တိုက်ဆိုင်ပြီးတော့ ဒါမျိုးဖြစ်လာတာ။ ကျနော်လည်း ပြောခဲ့တာ ကြာပြီ။ အကုန်လုံးက ဒီအချိန်မှာ အကြောင်းတရားတွေ တိုက်ဆိုက်တယ်ပေါ့။ သူ့အချိန်အခါဖြစ်လာတယ်။ မြန်မာရွှေခေတ်ရောက်သလို မြန်မာကောင်းလို့ ကျနော်တို့လည်း အပြောကောင်းသွားတာ။ မြန်မာမကောင်းရင် ဘယ်သူ ဘာပြောပြော ဘာအရာထင်မှာလဲ။ ၂၀၁၃ ဆီးဂိမ်းတုန်းကလည်း ကြုံပြီးပြီ။ အဓိကတော့ ပရိတ်သတ် ပါပဲ။

မေး ကိုသစ္စာနဲ့ ပတ်သက်လို့ ဖေ့ဘုတ်တို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုဝေဖန်နေတဲ့အပေါ် ဘာပြောချင်ပါသေးလဲ။

ဖြေ သူတို့မကြိုက်ဘူးဆိုရင်တော့ ကျနော်တို့ ပြင်ရမှာပေါ့။ ဒါကို ကျနော်တို့ ဘာမှ ဝေဖန်လို့ မရဘူး။ လူတိုင်း ကတော့ ဘယ်ချစ်ပါ့မလဲဗျာ။ ဘယ်သူ့ကိုမှ လူတိုင်းချစ်မှာမဟုတ်ပါဘူး။ ဒါကို ကျနော်တို့သွားပြီး ခံစားနေလို့ မရဘူး။ ကျနော်တို့ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အားပေးတယ် လို့ပဲ ခံယူတယ်။ မကောင်းဘူးဆိုရင် ပြင်မယ်။ လိုအပ်တာ ထောက်ပြရင် ပြင်မယ်။ ကောင်းတယ်ပြောတာကို ဆက်ပြင်ပြီး ပိုကောင်းအောင်လုပ်မယ်။ ဒါပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့တွေက Sky Net Sport အဖွဲ့သားတွေအားလုံးကို ကိုယ်စားပြုပြီး ပြောနေရတာကိုး။ ကျနော်ဖြစ်ချင်တာကတော့ ကျနော့တယောက် အဲ့လိုမျိုးကြီးမဖြစ်ချင်ဘူး။ ဦးလှဝင်းပြီးမှ သစ္စာ ဆိုပြီးလည်း မဖြစ်ချင်ဘူး။ ကျနော်တို့ အားလုံးက မြန်မာယူ-၂၃ လိုပဲ အဖွဲ့နဲ့သွားနေရတာ။ ကျနော့်အကြောင်းကို ကျနော့ခေါင်းစဉ်ကြီးတပ်ပြီး မဖြစ်ချင်ဘူး။ အားလုံးကလည်း လက်ရည်တပြင်တည်းမိုလို့ လက်ရည်တပြင်တည်းပဲ ဖြစ်ချင်ပါတယ်။


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved