“ဦးလေးကြီး..ခင်ဗျ။ အမတ်လောင်းအချို့က..ထွန့်..နေကြလေရဲ့-။ ဘယ်မှာလဲ..ဟဝှါဥ..တဲ့”
“ဖြစ်မှ..ဖြစ်ရပလေ။ ဟဝှာကြီးနဲ့ပက်ပင်းတိုးနေတာတောင် ဟဝှာကြီးကိုဟဝှာကြီးမှန်းမသိဘူး။ အင်း .. ဒီမိုး .. ဒီလေ .. ဒီလိုလူစားတွေကြောင့်.. စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေကြတာ။ အေး..တခုတော့ရှိလေရဲ့-။ ဟဝှာကြီးမှန်းသိပါလျက် ကိုယ့်အလိုဆန္ဒ ပြည့်လိုပြည့်ငြား မသိမမြင်ဟန်ဆောင်ပြီး ဟိုဒင်း..ခွေးမျှော်.. စိတ်ကူးဖဲရိုက်.. လုပ်နေတာလား။ ဟဝှာကြီးမှန်း တကယ်ပဲမသိတာလား။ ကိုင်း.. ဒီလောက်တောင် ဖြစ်နေမှ အစက..ပြန်လှန်မယ်”
ဦးလေးကြီးကမာန်သွင်းလိုက်သည်။ ပြီးတော့.. အငြိမ့်စင်ပေါ်တွင် ကိုဇာဂနာဟဲခဲ့သော သဘင်လေသံမျိုးဖြင့် နဘေတွေ..ကာရံတွေကိုသုံးပြီး ဆိုင်းဆင့်လိုက်၏။
“ဟဝှာ ကြီးကို..မှ၊
သူတို့..က မသိဘူးရယ်..တဲ့။
အိုး..ဗျ၊ အရပ်ကတို့...ရဲ့-။
အဟုတ်..အ မှန် ကို၊
သရုပ်သဏ္ဍန် ပေါ်အောင်
ဖေါ်ဆောင် ကြစို့..ကွဲ့ ။
အပိုင်စား..ရွာစားဆိုင်းဆြာ၊
ကိုင်း..မ..ကြာ.. ခင်
ညောင်နှစ်..ပင်..မှ..စ”
သည်တော့ ဆိုင်းဆြာ စိန်ဂျင်ဂလီက အဆိုတကျော့ အတီးတကျော့ဖြင့် ဤသို့အစွမ်းပြလေသည်။
“ဟဝှာကြီးကို...တတာ..ဒီးဒို--၊ မုန်လာဥရယ်လို့... တုန်တာ..ဒု..ဒယ်ဒို့--၊
လိမ်နေလို့...တိမ်..ဒေဒို့--၊ ညာနေလို့..တာ..ဒေဒို့--၊
သတိရှိကြစို့...တဒိဒိ..ဒဒို့--။
ပလို့..ဂျိ”
ဆိုင်းဆြာ စိန်ဂျင်ဂလိက ပလို့..ဂျိ..ဖြင့် ညောင်နှစ်ပင် အမျိုးသားညီလာခံ ဆိုသဟာကို ဖွင့်လိုက်သည်။
“သဲ..ဟဲ...ဟဲ.... ငါသည်ကား ညောင်နှစ်ပင်ဘိုးဘိုးကြီး ဖြစ်တော့သကိုး။ ကိုယ်ရောင်..ကိုယ်ဝါ၊ ကိုယ်ရောင်..ကိုယ်ဝါ”
အသံကိုသာကြားရသည်။ အသံရှင်ကိုမမြင်ရသေး။ အရောင်အဝါတွေက..လင်းသထက် ပို၍.. ပို၍.. လင်းလင်း..လက်လာသည်။ဟော..အဘိုးအိုတဦးကို မြင်လာရပါပြီ။ တောင်ရှည်ပုဆိုးနှင့်-။ခေါင်းပေါင်းနှင့်-။ ယာဘက်လက်ထဲတွင် ညောင်ရွက်နုများ ဝေဆာနေသောညောင်ကိုင်းကို သံလျက်ကိုင်သကဲ့သို့ စွဲစွဲမြဲမြဲကိုင်ထားလျက်-။ သည်တော့မှ ညောင်နှစ်ပင်ဘိုးဘိုးကြီး၏ ပုံသွင်က ပီပြင်စွာပေါ်လွင်လာလေသည်။
ဦးလေးကြီးနှင့်ကိုတူမောင်တို့အဖို့ အထူးအဆန်းဖြစ်လို့-။ မျက်လုံးကြီးများအပြူးသားနှင့်-။
“ငါ၏သားသမီး၊ မြေး၊ မြစ်၊ တီ၊ တွတ်ဖြစ်ကြကုန်သော တိုင်းရင်းသားပြည်သူအပေါင်းတို့-”
ဘိုးဘိုးကြီးက ချိုသာစွာနှုတ်ခွန်းဆက်သပြီး ကြောင်းကျိုးရှင်းပြလေသည်။
“အမျိုးသားညီလာခံ ဆိုသဟာကို ဦးစွာပထမကျင်းပခဲ့တဲ့နေရာက ဝစ္စပေါက်နှလုံးပြုတ်သွားတဲ့ ဗိုလ်နေဝင်..အရှည်ကြီး၊တခေတ်တခါက.. မြင်းလောင်းခဲ့တဲ့.. ကျိုက္ကဆံကွင်း”
ဦးလေးကြီး..ရော ကိုတူမောင်..ပါ နားအစုံအစုံကို တအားကုန်စွင့်ထားကြသည်။
“အဲဒီညီလာခံဆိုသဟာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တက်ခဲ့တယ်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တက်ခဲ့တယ်။ငြိမ်းအဖွဲ့တွေလည်းပါသကွဲ့။ မတရားလုပ်မှန်းသိသော်ငြား ပြေလည်တန်သလောက်ပြေလည်စေချင်လို့ လျှောဈေးနဲ့တက်လာခဲ့ကြတာ။
သည်စကားကိုကြးရတော့ ဦးလေးကြီး၏ရင်ထဲ အောင့်သွားသည်။
“တိုင်းရင်းသားပြည်သူအပေါင်းတို့-။ သေနတ်ခါးထိုး စစ်ဗိုလ်ဆိုးတွေက နိုင်ငံရေးသမားကိုယ်စားလှယ်များ ဆွေးနွေးချင်တာကို
ဟိုနေရာမှာ..ကန့်လိုကန့်၊ ဟန့်လိုဟန့်။ ဒီနေရာမှာ..ဖြတ်လိုဖြတ်၊ တောက်လိုတောက်။ ဘယ်မှာလဲ..ဒီမိုကရေစီ”
ဘိုးဘိုးကြီးကပင် မကျေလည်၍ မေးခွန်းထုတ်လေပြီ။
“ဒီမိုကရေစီဆိုလို့ ပြောရဦးမယ်ကွဲ့။ အမြင်မတူသူမှန်သမျှကို Stupid စတူးပစ်လို့ နှိမ်လေ့ရှိတဲ့၊ ထို့ပြင်တဝ.. ကလန်တန်တန်လုပ်ခဲ့တာကို ဂုဏ်ယူဖွင့်ဟလေ့ရှိတဲ့ ယနေ့ကာလ အိုကြီးအိုမအရွယ်ထိ ကလန်တန်တန်လုပ်နေဆဲဖြစ်တဲ့၊ ဗကပပျက်..မဆလပျက်..အဲန်အယ်လ်ဒီပျက်.. ဟို..ဆလိမ်ဆြာကြီး မောင်မစူးမစမ်းကတော့ လူအများလက်လှမ်းမမီတဲ့ စကားလုံးကြီးတွေနဲ့ ကိုင်..ကိုင်..ပေါက်သကွဲ့။ နားလည်ရခက်အောင်လုပ်ပြီး ဟိတ်ထုတ်သကွဲ့-။ တကယ်က အလွယ်ကလေး..။ဘိုးဘိုးကြီးက ရိုးရိုးလေးရှင်းပြမယ်ကွဲ့”
ဘိုးဘိုးကြီးက မည်သို့ရှင်းပြမည်နည်း။ ဦးလေးကြီးနှင့် ကိုတူမောင်စိတ်ဝင်စား၏။
“အာဏာရှင်ဆိုတာကို လူတိုင်းသိကြပါတယ်။ အာဏာရှင်ရဲ့ ပြောင်းပြန်ဟာ ဒီမိုကရေစီ။ ဒီမိုကရေစီရဲ့ပြောင်းပြန်ဟာ.. အာဏာရှင်။အာဏာရှင်က သေနတ်ပြောင်းဝက ထွက်လာတာ။ ဒီမိုကရေစီက အသဲကြားမဲပြားက ထွက်လာတာ။ ဘာခက်လို့လဲ”
ဘိုးဘိုးကြီး၏ရှင်းချက်က ကွင်းကွင်းကွက်ကွက်၊ လင်းလင်းလက်လက်-။ ဦးလေးကြီးတို့၊ ကိုတူမောင်တို့၊ သဘောကျလွန်းလို့..ပြုံးစိ..ပြုံးစိ။
“စစ်ဗိုလ်ချုပ်တွေလား၊ စစ်ဗိုလ်ယုတ်တွေလား၊ စစ်ဗိုလ်ရှုပ်တွေလား၊ စစ်ဗိုလ်ဆိုးတွေလား။ အဲ..သူတို့က..သေနတ်အားကိုးပြီး နိုင်ငံရေးသမားတွေကို နွားလိုသဘောထား။ နှာဖါးကြိုးထိုး။ ဒရွတ်တိုက်ဆွဲ။ ဒါဟာ၊နိုင်ငံရေးသမား တွေကို စော်ကားတာ။နိုင်ငံရေးကိုစော်ကားတာ။ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူတရပ်လုံးကို စော်ကားတာ။ အရာရာကို အာဏာနဲ့ချည်းလုပ်တော့၊ဒီမိုကရေစီမကျဘူး။ တကယ်က..လိမ်ညာဟန်ပြဒီမိုကရေစီ။ လိမ်ညာဟန်ပြညီလာခံ။ အဲဒါပဲ..ဟဝှာကြီး..ဆိုတာ”
ဘိုးဘိုးကြီးပြောပုံက..ပြတ်..မှ..ပြတ်။
“ဒေါ်စု..မတရား အချုပ်ခံထားရာက လွတ်လာတော့၊ သူ့အဖိုးကြီးတွေနဲ့ဆွေးနွေး၊ ညှိနှိုင်း..။ အဲ...မှန်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာကို သူ့အဖေလို.. ခပ်ပြတ်ပြတ်.. သတ္တရှိရှိဆုံးဖြတ်။ အားလုံး ဂက်တ်အောက်တ် ဆိုပြီး မှောက်ပါလေရော.. ပထမသပိတ်”
ဒေါ်စု၏လုပ်ရပ်ကို ဦးလေးကြီးသာမက ကိုတူမောင်ပါ ဖြုံ သွား၏။
“အေး..ပွဲပျက်သွားပြီကွဲ့။ အတော်ကြီးကြာမှ ဘိုးဘိုးကြီးရဲ့ညောင်နှစ်ပင်စခန်းကို ရွှေ့လာကြတာ။ ဘယ့်နှယ်... နိုင်ငံရေးမှာ စစ်တပ်ကဦးဆောင်ရမယ်တဲ့။ စစ်ဦးစီးချုပ်က အာဏာသိမ်းခွင့်ရှိသတဲ့။ အာဏာကို တကယ်ချုပ်ကိုင်တာက.. စစ်ဦးစီးချုပ်။ဒီတော့စစ်ဦးစီးချုပ်က.. အထက်။ သမတက..အောက်။ ပြောတော့.. သမ္မတနိုင်င်ငံတော် ဖွဲ့စည်းပုံ-။ လက်တွေ့က.. စစ်ဦးစီးချုပ်နိုင်ငံတော်ဖွဲ့စည်းပုံ-။ စစ်အာဏာရှင် နိုင်ငံတော်ဖွဲ့စည်းပုံ-။ ဒါဟာလည်း..ဟဝှာကြီးပဲ”
ဘိုးဘိုးကြီးက ချက်ပိုင်ပိုင်နှက်လိုက်သည်။ နှက်လက်စနှင့် ထပ်နှက်လိုက်သေးသည်။
“ဒီအခြေခံဥပဒေမျိုးကို နိုင်ငံရေးပါတီအားလုံးက ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရဦးမယ်တဲ့။ အင်း..ဒီလိုအခြေခံဥပဒေမျိုးက အနန္တစကြာဝဠာ ဘယ်ကမ္ဘာမှာများ ရှိလို့တုန်း။ ခေတ်စကားနဲ့ပြောရရင် ရှူးဂါးကုတ် တက်လုပ်ထားတဲ့ ထာဝရစစ်အာဏာရှင်စနစ်။ စစ်ဗိုလ်လူတန်းစားဟာ Heaven ကောင်းကင်ဘုံက ဆင်းသက်လာလို့ Divine Right နတ်ဘုရားပေးတဲ့ အုပ်ချုပ်ခွင့်တန်ခိုးအာဏာကို အမေ့ဝမ်းဗိုက်မှာကတည်းက အခွင့်ထူးရထားတာလား..ဟဲ..ဟဲ”
ဘိုးဘိုးကြီး ကိုယ်တော်တိုင်ပင်လျှင် ..ဟဲ..ရလေပြီ။ ဦးလေးကြီးနှင့် ကိုတူမောင်တို့လည်း..တဟဲ..ဟဲ..ဟဲ ခွင့်ရလေပြီ။
“စစ်ဗိုလ်ဆိုတာတွေဟာ.. ရေဗူးပေါက်တာကိုမလိုချင်၊ ရေပါတာကိုပဲလိုချင်..သတဲ့။ အမိန့်ပေးတဲ့အကျင့်၊ အမိန့်နာခံတဲ့အကျင့်က ခေါက်ရိုးကျိုးနေပြီ။ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းရဲ့ တန်ဘိုးကို နကန်းတလုံးမသိဘူး။ သိလည်းမသိချင်ဘူး။ ဒီလိုလူစားက ဒီမိုကရေစီကို ဘယ်လိုအကောင်အထည်ဖေါ်မှာလဲ။ မိန်းမရှာက ကလေးမွေးလို့ရသလား..ဟဲ..ဟဲ..”
ဘိုးဘိုးကြီး ကိုယ်တော်တိုင်ကပင်လျှင် နောက်တကျော့..ဟဲ..ရပြန်ပြီ။ ဦးလေးကြီးနှင့် ကိုတူမောင်တို့မှာတော့..တဟဲ..ဟဲ..ဟဲလို့ မဆုံးတော့ပြီ။
“ကိုင်း..ကိုင်း..ဒီမျှဆို.. ညောင်နှစ်ပင်ညီလာခံ ဟဝှာကြီးကိုမိပြီ။ စစ်အာဏာရှင်နိုင်ငံတော် ဟဝှာကြီးကိုမိပြီ။ လက်ဆုပ်လက်ကိုင်မိပြီ..ဟဲ..ဟဲ။နာနာညှစ်ထား။ မုန်လာဥမဟုတ်၊ ဟဝှာဥပါလို့ အမှန်အတိုင်းဝန်ခံလာမှ လွှတ်ပေး..ဟဲ..ဟဲ..”
ဘိုးဘိုးကြီးက.. သူဘာသာသူ..သဘောကျလို့.. ထပ်ဆင့်၍ပင်.. ဟဲလိုက်သေး။
“ကဲ..ကဲ..စစ်ဗိုလ်ချုပ်၊ စစ်ဗိုလ်ယုတ်၊ စစ်ဗိုလ်ရှုပ်၊ စစ်ဗိုလ်ဆိုးတွေရဲ့ဘေးအန္တရယ်မှ.. တိုင်းရင်းသားပြည်သူအားလုံး မနှေးအမြန် လွတ်မြောက်ကြစေ..သာဓုကွယ်..သာဓု..သာဓု..”
သာဓုသံဆုံးသည်နှင့် ဦးလေးကြီးနှင့်ကိုတူမောင်တို့၏ မြင်ကွင်းမှ ညောင်နှစ်ပင်ဘိုးဘိုးကြီး ပျောက်ကွယ်သွားလေ၏။ချက်ချင်းပင်လျှင်.. သဲ..ဟဲ..ဟဲ..အသံကပေါ်လာပြန်သည်။ မြင်ကွင်းပေါ်တွင်လည်း ပုဂ္ဂိုလ်တဦးကိုမြင်လာရပြီ။ တချိန်တည်းမှာပင်၊လေပွေအသေးစားလေးတလုံးက ဝေါခနဲဝင်ချလာ၏။
“ငါသည်ကား.. နာဂစ်နတ်မင်းဖြစ်တော့သကိုး”
ဦးလေးကြီးရော ကိုတူမောင်ပါ ပြူးတူးပြဲတဲစိုက်ကြည့်ကြသည်။ နတ်မင်း၏ ခေါင်းဆောင်းပေါ်က အချွန်အတက်များမှာ တချက်ကလေးမျှမငြိမ်။ယိမ်းထိုးနေသည်။ ဒါကို..ဦးလေးကြီးက ဤသို့ အနက်အဓိပ္ဗါယ် ဖွင့်လိုက်သည်။
“နာဂစ်နတ်မင်းတဲ့-။ သြော်..နာဂစ်အမည်တွင်သော လေနတ်သားကိုး။ လေရဲ့ဝါယောဓါတ်သဘောကြောင့် ခေါင်းဆောင်းကအချွန်အတက်တွေ ယိမ်းထိုးနေတာဖြစ်မယ်။ စောစောက လေပွေဝင်ချလာတာလည်း ဒီဝါယောဓါတ်သဘောကြေင့်ပဲဖြစ်မယ်”
ကိုတူမောင်က ခေါင်းငြိမ့်ပြလိုက်သည်။ ဦးလေးကြီး၏ ဘဝင်ကို လေဟပ်သွားလေပြီ။ ထိုစဉ် နာဂစ်နတ်မင်း၏ အားရပါးရဆိုမိန့်သံက မြည်လာသည်။
“တိုင်းရင်းသားပြည်သူ အဖိနှိပ်ခံနင်းပြားတို့-။ ဖားပြုတ်ကြီးဗိုလ်သန်းရွှေက သေမထူးနေမထူးကြီး-။ ဒီတော့မထူးဇာတ်ကိုပဲ ခင်းတော့မှာ။၂၀ဝ၈ ဖွဲ့စည်းပုံဥပဒေဆိုတဲ့ ဟဝှာကြီးကို မတော်မတရား အတည်ပြုမယ်။ဒါတွေကို ကျွန်ုပ်နာဂစ်နတ်မင်းကိုယ်တော်တိုင် နတ်တန်ခိုးဖြင့် ကြိုတင်သိခဲ့တယ်။ ဒါကြောင့်..ဒင်းကြီးကို နာဂစ်မုန်တိုင်းဖြင့် သတိပေးခဲ့ပါရဲ့။
ဦးလေးကြီးက “အား..ဒီလိုကိုး” ဟုလွှတ်ခနဲရေရွတ်မိ၏။
“ဒင်းကြီးက.. ထုံနာနာဖားပြုတ်ကြီး။ ဘာကိုမျှမရိပ်မိဘူး။ သူ့ဦးနှောက်ထဲ ဗလာနတ္တိဘာမျှမရှိ။ အသဲကလည်းမာတာတာ၊နှလုံးသားကလည်းအပဲ့အရွဲ့။ ဒါကြောင့် ဆင်ကန်တောတိုးလုပ်နေတာ။ ဖားပြုတ်ကြီးမှာ ဓမ္မရှိဘူး။အသင်တိုင်းရင်းသား ပြည်သူအဖိနှပ်ခံနင်းပြားတို့မှာ ဓမ္မရှိတယ်။ တရားကို နတ်စောင့်သည်မို့ အသင်တို့ကို အကျွန်ုပ်စောင့်ရှောက်မည်။
ဦးလေးကြီးနှင့် ကိုတူမောင်တို့ မျက်နှာများလန်းလာသည်။
“တိုင်းရင်းသားပြည်သူ အဖိနှိပ်ခံနင်းပြားတို့-၊ ဖားဖြုတ်သန်းရွှေရဲ့ ကြံ့တွေ၊ ဖွတ်တွေ၊ စွမ်းအားရှင်တွေ..လို့ သမုတ်ခေါ်ဝေါ် မိုက်ဖေါ်မိုက်ဖက် အယှက်မဲ့တွေ။ ပြည်သူ့ဆန္ဒခံယူပွဲတုန်းက ကျူးလွန်ခဲ့တဲ့မဲလိမ်သမှု အစုစုကို အကျွန်ုပ်နာဂစ်နတ်မင်း ကိုယ်တော်တိုင် နတ်မျက်စေ့ဖြင့် လင်းခနဲ၊ထင်းခနဲ မြင်ခဲ့သည်။ ဒီပြစ်မှုကြီးအတွက် ဖားပြုတ်သန်းရွှေကို အရေးယူအပြစ်ပေးဖို့ ငရဲသနင်းယမမင်းထံ ကျွန်ုပ်နာဂစ်နတ်မင်းက သင်တို့၏ရှေ့နေအဖြစ် သင်တို့ကိုယ်စား တရားစွဲမည်။
ဤသို့ပြောပြီးသည်နှင့် နာဂစ်နတ်မင်းကြီး၏ ကိုယ်ခန္ဒာကြီးက..ဟိုယိမ်း..ဒီယိမ်း.. ယိမ်းနေသည်။
“သဲ..ဟဲ..ဟဲ..အစကတော့ လိုရင်းတိုရှင်းပြောဖို့ပဲ။ ဖားပြုတ်ကြီးမျက်နှာကို မြင်ယောင်လိုက်လို့ စကားတွေကချော်တော ငေါ့ကုန်ပြီ။ပြောချင်တာက ညောင်နှစ်ပင်ညီလာခံဆိုတာ အမိန့်အာဏာနဲ့ ဇွတ်လုပ်တဲ့ လုပ်ညီလာခံဟဝှာကြီး။လုပ်ညီလာခံက အာဏာနဲ့လုပ်မွေး.. မွေးပေးလိုက်လို့ ထွက်လာတာက လုပ်ဖွဲ့စည်းပုံဟဝှာကြီး။ ဒီတော့.. ဒီမိုကရေစီမွှေးရနံ့ မသင်းထုံဘူး။
စစ်အာဏာရှင် အပုပ်နံ့ ဟောင်စော်နံတယ်။ ဟိုက်..ထပ်ထြီး.. အချားနိမ်း.. ဆိုးလိုက်တဲ့..အနံ့-။
နာဂစ်နတ်မင်းက.. မျက်နှာ..ရှုံ့..ရှုံ့..မဲ့..မဲ့.ဖြစ်သွားပြီး နံလိုက်တာလို့ကုလားလိုရော၍ ညီးညူသွား သည်။သူ့နှာခေါင်းကိုလည်း ယာဘက်လက်ဖြင့် ပိတ်ထားသည်။ အတော်ကလေးကြာမှ စကားကို ဆက်နိုင်သည်။
“အနံ့ဆိုးလွန်းတဲ့.. လုပ်ဖွဲ့စည်းပုံဟဝှာကြီးကို ပြည်သူ့ဆန္ဒခံယူပွဲအတုဟဝှာကြီးနဲ့ မတရား အတည်ပြုဖို့ နအဖကဇွတ်လုပ်နေတယ်။ဒီတော့.. အဲန်အယ်လ်ဒီက တုန့်ပြန်ပါလေရော။ အဲဒီ..ဟဝှာကြီးကို မဲရုံသွားပြီးမထောက်ခံနဲ့။ မလွှဲသာလို့ မဲရုံကိုသွားရသော် ကြက်ခြေရော..
ဘဲခြေရော..ငှက်ခြေရော... ခတ်ပြီး သပိတ်မှောက်ခဲ့..တဲ့။ မှတ်ထား..ဒီသပိတ်က.. ဒုတိယသပိတ်။ ကဲ..ဒါပဲ..လိုရင်း..တိုရှင်း”
နာဂစ်နတ်မင်းကြီးက ပြောချင်ရာတွေကို ပြောပြီးဖြစ်လို့ စကားလက်စသတ်တော့သည်။
“ကိုင်း..ကိုင်း..နိဂုံးချုပ်တော့မည်။ အပါယ်ဇောက်ထိုးကျမယ့် စစ်ဗိုလ်ချုပ်များရဲ့ ဘေးဆိုးကပ်ဆိုးမှ တိုင်းရင်းသားပြည်သူ အဖိနှိပ်ခံများအားလုံး မြန်မြန်ကြီးလွတ်မြောက်ပါစေသား။ အဲ..ကြံ့တို့၊ ဖွတ်တို့၊ ပဒတ်တို့၊ စွမ်းအားရှင်တို့၊ လက်ကိုင်တုတ်တို့၊မတရားသောအမိန့်ကို လိုက်နာသောဝန်ထမ်းတို့... သင်တို့ကတော့ သင်တို့ပြုတဲ့ကံ၏ စီမံရာအတိုင်း ရင်ဆိုင်ကြစေသား”
နာဂစ်နတ်မင်းကြီးသည်လည်း ပြောရင်းဆိုရင်း ဦးလေးကြီးနှင့်ကိုတူမောင်တို့၏ မြင်ကွင်းမှပျောက်ကွယ်သွားပြန်၏။အစားဝင်လာသူကား.. နတ်ဝတ်တန်ဆာစုံလင်စွာဖြင့်-။
“သဲ..ဟဲ..ဟဲ..အကျွန်ုပ်သည်ကား တလောကမှ ထင်ပေါ်ကြော်ကြားလူသိများလာသည့် ဂီရိနတ်မင်း ဖြစ်တော့သကိုး..”
ဦးလေးကြီးနှင့်ကိုတူမောင်တို့ ဘာတွေဘယ်လိုဖြစ်နေမှန်း သူတို့ဘာသာသူတို့ပင် မသိတော့။ မမြင်ဖူး တာတွေကိုမြင်နေရ၊မကြားဖူးတာတွေကိုကြားနေရသည်။
“ကျွန်ုပ်ဂီရိနတ်မင်းက အလေးစကားကို အပြေးအလွှားပြောမည်။ ၇ ရက်မှာပွဲကြမ်းမည်။ သဟာကြောင့် ဟိုး..တလောလေးကပဲ ကျွန်ုပ်မုန်တိုင်းဖြင့် သတိပေးခဲ့သည်။ သိုဟန်ဘွားလက်သစ် မိုက်ခဲကြီးသန်းရွှေကတော့ သူကျူးလွန်ထားတဲ့အပြစ်တွေကို သူသာလျှင်အသိဆုံးမို့ ကြောက်ချီးပန်းပြီး ကြပ်ပြေးနေပြည်တော်မှ အောက်ပြည်အောက်ရွာသို့ ဒလမန်းကြမ်း ပြေးရှောင်လာခဲ့သည်။ တချိန်က အမိုက်ဆုံးသူသည်ကား နောင်တချိန်တွင် အကြောက်ဆုံးသူဖြစ်လာသည်မှာ လောကဓမ္မတာဖြစ်ပေ၏..တဲ့”
ဦးလေးကြီးနှင့်ကိုတူမောင်တို့နှစ်ဦးသား ဇတ်ခနဲမျက်လုံးချင်း ဆိုင်မိသည်။
“ကျွန်ုပ်ဂီရိနတ်မင်းက အလေးအနက်ပြောချင်တယ်။ ဂရုတစိုက်..နားကိုစိုက်လော့။ လူတိုင်းသည် ကိုယ်ရေးသမိုင်းကို ကိုယ်တိုင်ရေးနေကြသည်။သို့ဖြစ်၍ ၇ ရက်နေ့ကြမ်းသည့်ပွဲတွင် သမိုင်းတရားခံမဖြစ်ရန် အထူးသတိရှိကြ။ အထူးသဖြင့် အမတ်လောင်းများသည် ပြည်သူတို့၏
အောင်ပွဲဖြစ်သော ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ်ကို စစ်အာဏာရှင်များနှင့်လက်တွဲပြီး မဖျက်ဆီးမိရန် အရမ်းကို အရေးကြီးသည်။ အကယ်၍ စစ်အာဏာရှင်များ၏ မာယာထောင်ခြောက် ရွေးကောက်ပွဲထဲ ရေဆုံးမြေဆုံးဝင်မိပြီဆိုပါက သမိုင်းတရားခံဖြစ်တော့မည်။ သတိ..၊သတိ..။”
ဂီရီနတ်မင်း ချီးမြှင့်သည့်သမိုင်းတရားခံဟူသည့် ဝေါဟာရကို ဦးလေးကြီးက စိတ်ဝင်စားသည်။ ခေတ်သစ်နိုင်ငံရေး သိပ္ဗံကျောင်းတော်သား..၊ခေတ်သစ်နိုင်ငံရေး ဘောဂဗေဒ ကျောင်းတော်သား...၊ ထိုထို..မိမိကိုယ်မိမိ အမှတ်တံဆိပ်ခတ်နှိပ်ထားသော နိုင်ငံရေးသမားဆိုသူများအား အလွတ်ကျက်မှတ်ထားရမည့် စကားအဖြစ် လက်ဆောင်ပေးရန် ဦးလေးကြီးစိတ်အကြံရသည်။
“သဲ..ဟဲ..ဟဲ.. သေနတ်ပြောင်းဝက ထွက်လာသော စစ်အာဏာဖြင့် နံပါတ် (၁) ညောင်နှစ်ပင်တွင် စစ်ကျွန်ဖွဲ့စည်းပုံကို ဇွတ်အဓမ္မရေးဆွဲ ကျူးလွန်ခဲ့သည်ပြစ်မှု၊ နံပါတ် (၂) ပြည်သူ့ဆန္ဒခံယူပွဲတွင် စစ်ကျွန်ဖွဲ့စည်းပုံကို ဇွတ်အဓမ္မအတည်ပြု ကျူးလွန်ခဲ့သည့်ပြစ်မှု၊ နံပါတ် (၃) ရွေးကောက်ပွဲအကြိုကာလတွင် ကိုယ်ပြဌန်းထားသောဥပဒေကို ကိုယ်တိုင်ကပင် ဇွတ်ဖေါက်ဖျက်ခဲ့သည့်ပြစ်မှု၊ နံပါတ် (၄) ရွေးကောက်ပွဲနေ့တွင် အရှုံးကိုအနိုင်ဖြစ်အောင် ဇွတ်ရန်းကားသည့်ပြစ်မှု.. ဒါတွေအားလုံးသည်.. ဟဝှာကြီးတွေဖြစ်သည်။ အဲဒီဟဝှာကြီးတွေကို၊ဘယ်သို့တုန့်ပြန်ကြမည်နည်း”
ဂီရိနတ်မင်းက ဦးလေးကြီးနှင့်ကိုတူမောင်တို့ကို ဦးနှောက်မုန်တိုင်းဆင်ခိုင်းလေပြီ။ နှစ်ယောက်သားခေါင်းကုတ်ရပြီ။
“ရွေးကောက်ပွဲကို တေ့ဖြုတ်ရမည်။ ဘယ်နည်းဖြင့် တေ့ဖြုတ်မည်နည်း။ အမတ်လောင်းတွေက.. ရွေးကောက်ပွဲမှ ထွက်ခွာသွားခြင်းနည်း၊အမတ်ရူးအားလုံးကိုကြက်ခြေခတ်ပစ်သည့်နည်း၊ ထိုထိုနည်းအားလုံးသည်၊ တေ့ဖြုတ်နည်းတွေဖြစ်သည်။ ထို့ကြောင့်..ရော့..ယူ... တေ့ဖြုတ်နည်း..တတိယသပိတ်”
ပြောပြောဆိုဆိုနှင့် ဂီရိနတ်မင်းကြီးသည် မြင်ကွင်းမှ ရုတ်ချည်းပျောက်သွားတော့သည်။ ထိုစဉ်အိမ်နီးနားတွင် တဖက်ကကျောင်းသားတပ်၊အခြားတဖက်ကသန်းရွှေတပ်ဟု ဘက်နှစ်ဘက်ခွဲ၍ စစ်တိုက် တန်းဆော့ကစားနေသော ကလေးများက ဆူညံနေသည်။ထိုဆူညံဆူညံ အသံဗလံများက ဦးလေးကြီး၏နားစည်ကို တအားလာရိုက်သည်။
“သန်းရွှေသေပြီ။ သန်းရွှေသေပြီ။ သန်းရွှေသေပြီ”
ဤဆူညံဆူညံ အသံဗလံကြောင့် ဦးလေးကြီးရုတ်တရက် ငုတ်တုတ်ထထိုင်လိုက်မိသည်။ ငေါင်တောင်တောင်လည်း ဖြစ်နေသည်။ခဏကြာတော့ သတိကောင်းကောင်း ပြန်ရလာ၏။ ဪသာ်.. လက်စသတ်တော့ ဦးလေးကြီးတယောက် သူ၏ရင်ထဲ၊ ခေါင်းထဲရှိသမျှတွေအကြောင်း
အိပ်မက်မက်နေရာမှ နိုးလာသည်ကိုး။ ။
0 comments :
Post a Comment