နိုင်ငံရေးဟာ ကြောက်စရာ ကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျောချင်းကပ်ခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကြောင့် လမ်းခွဲကြ၊ ပြစ်တင် ဝေဖန်ကြနဲ့ မျက်နှာချင်း မဆိုင်နိုင်အောင် ဖြစ်သွားကြပါတယ်။ ကြားရတဲ့ သတင်းတွေအရ NLD ရုံးချုပ်မှာ ဆုံတွေ့ကြမှာကို ကန့်ကွက်ကြလို့ ဦးတင်ဦး အိမ်မှာ တွေ့ဖို့ စီစဉ်ပေးရတယ်လို့ ဆိုပါတယ်။
NDF ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မတွေ့ခင်ကလည်း အထစ်အငေါ့တွေ ရှိကြောင်း သိရပါသေးတယ်။ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည်က မသိခဲ့ပါဘူးတဲ့။ ရေဒီယိုကတဆင့် NDF က ပြောတော့မှ ဒေါ်အောင်ဆန်းစုကြည်က သိသွားပြီး တွေ့ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်တဲ့။
ယနေ့ တွေ့ဆုံကြမှာလည်း နိုင်ငံရေးအကြောင်း မပြောဖြစ်ဘဲ သာကြောင်း မာကြောင်းများသာ ပြောဖြစ်ကြတယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)
တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်တွေဖြစ်မြောက်ဖို့ ဆိုတာ မဆိုထားနဲ့၊ အခုလို လုပ်ဖော်ကိုင်ဖက် ဟောင်းအချင်းချင်း၊ တလမ်းတည်းသွား၊ တဖွဲ့တည်းက လူအချင်းချင်း ပြန်လည်တွေ့ဆုံစကားပြောနိုင်ဖို့တောင် ဒီလောက်ခက်ခဲနေတာ။ တစ်ဖက်နဲ့တစ်ဖက် တကယ့်ကမ္ဘာ့ရန်တွေဖြစ်တဲ့ နအဖနဲ့ဒေါ်စုဦးဆောင်တဲ့ NLD တို့တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ဆိုတာ အိမ်မက်ပဲဆိုတာ ကိုသက်သေပြနေတယ်။ ဘာမဟုတ်တဲ့ ဒီလိုတွေ့ဆုံပွဲမှာတောင် တစ်ဖက်နဲ့တစ်ဖက် sensitive ဖြစ်တဲ့စကားမပြောရဲအောင် ဖြစ်နေတာ။ ကျုပ်တို့ နိုင်ငံရဲ့အနာဂတ်နိုင်ငံရေးဟာ ပေးဆပ်စွန့်လွှတ်နိုင်မှုတခုတည်းမဟုတ်ဘူး။ သည်းခံခွင့်လွှတ်နိုင်ခြင်း၊အပြန်အလှန်နားလည်မှု၊ လွတ်လပ်စွာကွဲလွဲခွင့်ကို လေးစားမှုနဲ့၊ ကွဲလွဲသူကိုလဲ လက်ဆွဲနှုတ်ဆက် စကားပြောနိုင်ဖို့ စိတ်ထားတွေ ပါပြည့်စုံမှ နိုင်ငံမှာပြောင်းလဲမှုတွေ ဖြစ်လာနိုင်လိမ့်မယ်။ လက်ရှိမှာတော့ အဲဒီအရိပ်အယောင် ကင်းမဲ့နေတာ ၀မ်းနည်းစရာပဲ။