ဒီ မဲ့ပွန်းကျေးရွာလေးဟာ ထိုင်းကရင်ရွာဖြစ်ပြီး ရွာထည်ထောင်တာ အနှစ် ၆၀ ၀န်းကျင်ရှိပါပြီ။ အခုဆို အိမ်ခြေပေါင်း ၁၅၀ ကျော်ရှိပါတယ်။ လူဦးရေ ၅၀၀ ကျော်နေထိုင်ကြပြီး အများစုက ခရစ်ယာန် ဘာသာဝင်တွေပါ။ ဘာသာမခွဲ နိုင်ငံမခွဲခြားဘဲ နိုင်ငံအရပ်ရပ်မှ ကရင်လူမျိုးတွေ ပြန်လည် ပေါင်းစည်းပြီး စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ ဒီ ကရင်နှစ်သက်ကူး ပွဲတော်ကို ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဆန်နီဒန်း ပေါင်ပီက ယခုလို ရှင်းပြခဲ့ပါတယ်။
ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဆန်နီဒန်း ပေါင်ပီ |
ဖွင့်ပွဲကိုတော့ ပထမနေ့ဖြစ်တဲ့ ဇန်န၀ါရီ ၁၄ ရက် ညနေ ၆ နာရီမှာ ကရင်ဒုံးယိမ်းအက ရိုးရာတေးသရုပ်ဖော်များနဲ့ တင်ဆက်ဖျော်ဖြေပြီး နှစ်ကူးချိန် ည ၁၂ နာရီမှာတော့ မီးရှူးမီးပန်းများနဲ့ ကရင်နှစ်သစ်ကူးကို ကြိုဆိုကြပါတယ်။ နောက်တနေ့ ၁၅ ရက်မှာတော့ အလံကိုင် စုရုံးချီတက်ပြီး ရိုးရာအလံတင် အခမ်းအနားကို မဲ့ပွန်းရွာ ခရစ်ယာန် ဘုရားကျောင်းဝင်းမှာ စည်းစည်းကားကား ကျင်းပခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ ထိုင်းရုပ်သံလွှင့်ဌာန ရုပ်မြင်သံကြားကတဆင့် ကရင်နှစ်သစ်ကူးပွဲကို ထိုင်းပြည်သူတွေ တိုက်ရိုက် ကြည့်ရှု့နိုင်အောင် ချင်းမိုင်မြို့တော်ဝန် ပန်နက်ဒါနဲ့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များကို အမေးအဖြေ အစီအစဉ် ကဏ္ဍတခုကိုပါ ပြုလုပ်သွားပါတယ်။
တိုင်းရင်းသားတွေများတဲ့ မြန်မာနိုင်ငံမှာတော့ ကရင်အပါအ၀င် တိုင်းရင်းသားတိုင်းဟာ ဖိနှိပ်ခံ လူတန်စားအဖြစ်နဲ့သာ နေခဲ့ကြရသလို နေရာတိုင်းမှာ အောက်ကြို့ခံနေရပြီး စာသင်ကျောင်းနဲ့ အလုပ်ဌာနတွေမှာဆို မတူမတန် ဆက်ဆံမှုမျိုးတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ထိုင်းနိုင်ငံမှာတော့ ဒီလို အဆင့်အတန်းခွဲခြား ဆက်ခံမှုတွေ မရှိပါဘူး။ ထိုင်းအစိုးရက တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အပြည့်အ၀ပေးထားသလို တိုင်းရင်းသားတွေရဲ့ ရိုးရာပွဲတွေမှာလည်း အစစအရာရာ ကူညီပံပို့မှုတွေ ရှိပါတယ်။
ဒီပွဲကို လာရောက်ဆင်နွှဲခဲ့တဲ့ ဆရာမ ဒေါ်မူးမူဖောကတော့ သူ့ခံစားချက်ကို အခုလို ရှင်းပြပါတယ်။
ဆရာမ ဒေါ်မူးမူဖော |
မဲ့ပွန်းရွာသူရွာသား အများစုကတော့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး တချို့ကလည်း ရွာကနေ ကီလိုမီတာ ၇၀ ကျော်ဝေးတဲ့ ချင်းမိုင်မြို့မှာ အလုပ်လာလုပ်ကြပါတယ်။ ဒီနေ့မှာတော့ အားလုံးရွာပြန်ပြီး ပွဲတော်အတွက် ကျရာတာဝန် တွေကို တက်တက်ကြွကြွနဲ့ ပါဝင်ကြပါတယ်။ အမေရိကန်၊ အိန္ဒိယ၊ ဂျာမနီ၊ ကနေဒါ စတဲ့ နိုင်ငံရပ်ခြားရောက် ကရင်လူမျိုးများပါ လာရောက် ဆင်နွဲကြတာဟာ မဲ့ပွန်းရွာသားတွေ အတွက် အတိုင်းမသိ ၀မ်းသာအားရကြောင်းနဲ့ နောင်နှစ်တွေမှာလည်း ဆက်လက်ပြုလုပ်လိုတဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေကိုလည်း ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဆန်နီဒန်း ပေါင်ပီက အခုလို ပြောပြပါတယ်။
“ကျတော်တို့ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ ကရင်လူမျိုးတွေ အတွက် ရှေ့ဆက်ပြုလုပ်ဖို့အတွက် ဒီပွဲဟာ ပထမဆုံး ခြေလှမ်းပါ။ ပြီးတော့ အမေရိကန်၊ အိန္ဒိယ၊ ဂျာမနီ အဲဒီနိုင်ငံက လူတွေ နောက်လဲ အများကြီးလာနိုင်ဖို့ မျှော်လင့်တယ်။ ဒီထက်မက ကျင်းပနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ ဒီပွဲကို တက်ရောက်လာကြလာတဲ့ အခြားဒေသတွေက ညီရင်းအစ်ကို မိတ်ဆွေအားလုံးကို ကျန်းမာချမ်းသာ ဘေးကင်းကွာစေကြောင်း ဒီနှစ်သစ်ကူးကနေ ဆုမွန်ကောင်း တောင်လိုက်ပါတယ်”။
မဲ့ပွန်းရွာသူ ချဗီဝမ် |
“ကျမတို့ ရွာမှာ ပွဲလုပ်တာ ဒါဒီတကြိမ်ဘဲ ရှိသေးတယ်။ အရမ်းပျော်တယ်။ အိမ်မှာ အဝေးက ဧည့်သည်တွေ လာတည်းတာ အရမ်းပျော်တယ်။ ကျမအနေနဲ့ နှစ်တိုင်းတနှစ်တကြိမ် ကျင်းပစေချင်တယ်။ အခုလို ကရင်နှစ်သစ်ကူးကို ပါဝင်ကြတဲ့ လူကြီးမိဘ၊ ညီအစ်ကို မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်။ ပွဲမရှိလဲ နောင်လည်း လာလည်လို့ ရပါတယ်။ ။
အောင်အောင်၊ ငြိမ်းဇော်
(ဓာတ်ပုံ - အောင်အောင်၊ နောင်နောင်)
ထိုင်းနိုင်ငံမှာ ဒီလိုကျင်းပဖို့ အခွင့်အရေးရတာနဲ့ကရင်နှစ်သစ်ကူးကျင်းပခွင့်ရတာ တကယ်ကို ထိုင်းကရင် လူမျိုးတွေအတွက် အလားအလာကောင်းတွေပါ။ တကယ်ကောင်းတဲ့ ရည်မှန်းချက်တွေပါ။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံမှာ အဆင့်အတန်းခွဲခြားမူလုံးဝမရှိတာတော့မဟုတ်ပါဘူး အနဲ နဲ့ အများတော့ကွာတာပေါ့။ ရှပ်နီဝတ်တွေဆိုရင် ဆင်းရဲသား၊ ပညာမဲ့၊ တောသား စသည်ဖြင့် ဆိုပြီး အနိမ်ခံရတာရှိပါတယ်။ ဒါတွေဟာသာဓကပါ။ မြန်မာနိုင်ငံမှာလည်း ကြီးကြီးကျယ်ကျယ် ကျင်းပကြပါတယ်။ ဘယ်သူမှ မပိတ်ပင်ပါဘူး စာအုပ်စာပေအနည်းငယ်က လွဲပြီး ကျန်တာလုပ်နေကြတာပဲ။ လေ့လာကြပါအုံး။ ထိုင်းနိုင်ငံမှာလောက်အခွင့်အရေး နဲ့ ပံပိုးမူ မရပေမယ့် မြန်မာပြည်ရှိတဲ့ ကရင်လူမျိုးတွေ ဘယ်လောက်ထိ ပျော်ရွင်ကြည်နူးစွာ ပါဝင်ဆင်နွဲလုပ်နေကြတာ တွေ့ စေချင်တယ်။ ဒါဟာ positive ဆိုတာ ဖော်ညွန်းနေတာပဲလေ မဟုတ်လား။ Something is better is better than nothing. မြန်မာပြည်မှာ ကရင်လူမျိုးဆိုရင် အစိုးရက ဖိန့် ဖိန့် တုန်ပဲနော်။ ထိုင်းနိုင်ငံမှာကော ကရင်လူမျိုးတွေ ဆက်ပြီးတော့ကြိုးစားဖို့ အများကြီးလိုပါသေးတယ်။ ဒီလောက်လေးအခွင့်အရေးနဲ့ မနှစ်သိမ့်နေကြပါနဲ့ ထိုင်းနိုင်ငံမှာလည်း ကရင်တွေအမြင့်မှာနေရာရဖို့ ကရင်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ကြိုးစားကြပါစို့ ။