“ဆွေမျိုးပေါက်ဖော်”
“ဘန်ဒေါင်းမူ ၅ ချက်”
“အမျိုးသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရန် တိုက်တွန်းခြင်း”
အဲဒီစကားလုံး အသုံးအနှုန်းတွေဟာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့အပေါ် ကိုတရုတ်ကြီးတို့ထားရှိတဲ့ အခြေခံ ဆက်ဆံရေးမူဝါဒပိုင်းဆိုင်ရာ စကားလုံးအသုံးအနှုန်းတွေပါ။ ကောင်းလိုက်လေဗျာ။
ပထ၀ီအနေအထားနဲ့ သမိုင်းစဉ်လာအရ ကျနော်တို့ ကိုမြန်မာနဲ့ ကိုတရုတ်ကြီးတို့ဟာ အိမ်နီးချင်း ဆွေမျိုးရင်းချာတွေပါ။ “ရေကိုသား အကြားမထင်” တဲ့။ ဟုတ်လိုက်လေဗျာ။ အိမ်နီးချင်းဆွေမျိုးဆိုတာက မတော်ချင်လို့မှ မရတာ။ ဒါကြောင့် “ဆွေမျိုးပေါက်ဖော်” ဆိုတဲ့စကားလုံးက ရင်ကိုအေးမြစေပါတယ်ဗျာ။
ကိုမြန်မာနဲ့ ကိုတရုတ်ကြီးတို့က ဘ၀ပေးအရ ဆွေမျိုးပေါက်ဖော်ဖြစ်နေလေတော့ ဒီဘ၀ပေးကို အကြောင်းပြုပြီး နှစ်ဦးနှစ်ဘက် မေတ္တာစေတနာဝေဖြာစွာနဲ့ အကျိုးတူပူးပေါင်းကြဖို့သာ ရှိတော့တာပေါ့။ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုတဲ့ လူကြီးသူမစကားက မြန်မာမှာရှိထားသလို လူကြီးသူမတွေကို လေးမြတ်သမှု ဂါရ၀ပြုတဲ့စဉ်လာကလည်း တရုတ်တို့မှာ ရှေးပဝေသဏီထဲက ရှိထားပြီးဖြစ်နေလေတော့ ရေးကြီးခွင်ကျယ် “လုပ်ပြော” ပြောနေဖို့ လိုသေးသလားဗျာ။ တနိုင်ငံကအခြားတနိုင်ငံကို ရန်စကျူးကျော်တာ၊ တနိုင်ငံရဲ့ပြည်တွင်းရေးမှာ အခြားတနိုင်က ၀င်ရောက်နှောက်ယှက် စွတ်ဖက်တာ နှစ်ဦးနှစ်ဘက် ဘာတွေများကောင်းကျိုးရှိလို့လဲ။ ဒါကြောင့် “ဘန်ဒေါင်းမူ ၅ ချက်” ဆိုတာ နတ်လူသာဓုခေါ်စရာပေါ့ခင်ဗျာ။
“ညီညွတ်ခြင်းသည်၊ အင်အား” ဆိုတော့ ကိုတရုတ်ကြီးက ကျနော်တို့ကို စိတ်ကောင်းစေတနာနဲ့
“အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရန် တိုက်တွန်းခြင်း” အတွက်လည်း ကျေးဇူးတင်စရာ၊ ၀မ်းမြောက်စရာ ကောင်းလှပါပေတယ်ဗျာ။ ဒါပေမယ့် ကိုတရုတ်ကြီးတို့ အမှန်တကယ် လက်တွေ့ကျင့်သုံးတဲ့
အခြေခံမူဝါဒက မျက်နှာနှစ်ဘက်ထားမူဝါဒ (Two Faces Policy) ဖြစ်နေတယ်ဗျ။
သိကြတဲ့အတိုင်းပါပဲ။ ကိုမြန်မာတို့ ကိုလိုနီလက်အောက်က လွတ်လပ်ပြီဆိုတဲ့နေ့ကစပြီး ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့တယ် မဟုတ်လား။ အဲဒီလိုကာလမှာ ကိုတရုတ်ကြီး လုပ်လိုက်ပုံက လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ သူတွေကို “ညီအစ်ကိုတော်ပါတီ” တဲ့။ နယ်ချဲ့တော်လှန်ရေး၊ ဗိုလ်ကျစိုးမိုးမှု ဆန့်ကျင်ရေးမှာ လက်တွဲတိုက်ပွဲဝင်နေကြသူများတဲ့။ အဲဒီလိုဘန်းတင်ပြီး စိတ်ဓာတ်ရေးရော ရုပ်ဝတ္ထုပိုင်းပါ နောက်ခံပြုပြီးအားပေးခဲ့တယ်။ ဒီအလုပ်ကို ကိုတရုတ်ကြီးက မျက်နှာတစ်ဘက်နဲ့လုပ်တာ။
ကိုတရုတ်ကြီးက နောက်မျက်နှာတစ်ဘက်နဲ့ အစိုးရချင်းဆက်ဆံရေး (State to State Relation) လို့ ဆိုလာပြန်တယ်။ ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ ချူအင်လိုင်းနဲ့ မာရှယ်ချင်ယီတို့ ရန်ကုန်မြို့တော်ကို ရောက်လာခဲ့ကြတာ။ ၀န်ကြီးချုပ်ဦးနု အမှူးပြုတဲ့ ဖဆပလခေါင်းဆောင်များနဲ့အတူ သင်္ကြန်ရေကစားခဲ့ကြတာ။ “ဆွေမျိုးပေါက်ဖော်” ကဗျာစပ်ခဲ့တာ။ ထိုစဉ်က သတင်းစာတွေကို ပြန်လှန်ရင် ကိုတရုတ်ကြီးတို့ရဲ့ ဓာတ်ပုံတွေကို တွေ့နိုင်ပါသေးတယ်နော်။
အဲဒီလို မျက်နှာနှစ်ဘက်ထားမူဝါဒကြောင့် ကိုမြန်မာတို့ရဲ့ ပြည်တွင်းစစ်မီးကြီးဟာ ငြိမ်းသတ်လို့မှမရခဲ့တာ။
ကိုတရုတ်ကြီးပြောဆိုနေတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးဆိုတာ ဝေလာဝေးပေါ့ဗျာ။ နောက်ဆုံးမှာတော့
စစ်အာဏာရှင်စနစ်ကြီးသာ ကိုမြန်မာတို့ရဲ့မြေပေါ်မှာ ငွါးငွါးစွင့်စွင့်ကြီး မွေးဖွားသန့်စင် ကြီးထွားလာတော့တာပါပဲ။
ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ပေါ်လာတော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက တစ်မျိုးပြောင်းလာတယ်
ခင်ဗျ။ ဖိနှိပ်သူစစ်အာဏာရှင် လက်တဆုပ်စာ ဗိုလ်ချုပ်တွေကတဘက် အဖိနှိပ်ခံပြည်သူတွေကတဘက် ဖြစ်လာပြီလေ။ ပြည်သူတွေရဲ့ တိုက်အားနဲ့နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် စစ်အာဏာရှင်တွေ အားကိုးရှာရတဲ့ဘ၀ကို ရောက်ခဲ့ရတယ်။
“မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုတဲ့အခြေကို ရောက်လာတော့ ဆရာကိုတရုတ်ကြီးက ကျွမ်းကျွမ်းကျင်ကျင် မျက်နှာဘက်ပြောင်းလိုက်တာများ ကြောင်ကကြွက်ကလေးကို မိမိရရ အုပ်ဖမ်းလိုက်သလိုပါပဲဗျာ။
“သံမဏိသက်တမ်းရှည် ညီအစ်ကိုတော်ပါတီကြီး” ဟာ ရုပ်သေးစင်ပေါ်က ရုပ်သေးရုပ်ကလေးလို အရုပ်ကြိုးပြတ်
မလှုပ်နိုင်မရှားနိုင်တော့တဲ့ အခြေဆိုက်ခဲ့ရတယ်။ ဒီအခြေမှာ ကိုတရုတ်ကြီးက စစ်အာဏာရှင်ဗိုလ်ချုပ်တွေရဲ့
အားထားရာ မင်းဆရာကယ်တင်ရှင်ဇာတ်ထုပ်ကို ဒါရိုက်တာလုပ်ပြီလေ။
နယ်စပ်ဒေသ အမဲရောင်နယ်မြေအားလုံး အဖြူရောင်ဖြစ်စေသတည်း။ ပြည်သူတို့အပေါ် စစ်အာဏာရှင်တို့
ကြမ်းသမျှ၊ ရမ်းသမျှ၊ ဖမ်းသမျှ၊ သတ်သမျှ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီစင်မြင့်ပေါ်က အသံတွေကို
ဗီတိုအာဏာသုံး၍ တိတ်စေသတည်း။
စစ်အာဏာရှင်ဗိုလ်ချုပ်တို့ကလည်း အတွင်းသိ၊ အစင်းသိတွေဖြစ်လို့ ကိုယ့်ဆရာသခင်ကျေးဇူးရှင်ရဲ့ အကြိုက်ကို
ဆောင်ရတော့ပေမှာပေါ့။ ဟိုတုန်းကလို ရွှေလင်ပန်း၊ ငွေလင်ပန်း၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ လောက်နဲ့တော့ဘယ်ရပါ့မလဲ။ ပေးလိုက်စမ်း အိန္ဒိယသမုဒ္ဒရာစစ်ရေးထွက်ပေါက်။ ပေးလိုက်စမ်း ရေနံဓာတ်ငွေ့၊ ရေနံပိုက်လိုင်း၊ ရေနံဆိပ်ကမ်း။ ပေးလိုက်စမ်း တောလုံးပြုတ်၊ တောင်လုံးပြောင်။ ပေးလိုက်စမ်း ကျောက်စိမ်း၊ ကျောက်မျက်။ ပေးလိုက်စမ်း မြစ်လုံးပျောက် လျှပ်စစ်ရေလှောင်၊ ဆည်၊ တမံ၊ ရေကာတာ။
ဘာကျန်တော့လို့လဲ ကိုတရုတ်ကြီးရယ်။ တနိုင်ငံလုံးကိုသာ မြိုချပစ်ဖို့ပဲရှိတော့တယ်နော်။
ဟော … နောက်မျက်နှာတဘက်က ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလက ဧည့်သည်တရုတ်သံအမတ်ကြီးက အိမ်ရှင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကို ပြောလိုက်ပုံက စစ်အာဏာရှင်ဗိုလ်ချုပ်တွေကြောင့် အခြေအနေတွေက ဆိုးသည်ထက်ဆိုး ကျိုးသည်ထက် ကျိုးလို့ကုန်ပါပြီ။ ဒီတိုင်းကြည့်နေလို့တော့ မဖြစ်တော့ပါဘူး၊ ပြောင်းလဲဖို့အတွက် လက်တွဲကြိုးပမ်းကြပါစို့တဲ့။ဒါဟာ အမေရိကန်သံအမတ်ကို မျက်စပစ် လမ်းခင်းတာပဲခင်ဗျာ။
ကိုတရုတ်ကြီးတို့ ဟိုဘက်မှာထားတဲ့ မျက်နှာကတမျိုး။ ဒီဘက်လှည့်လိုက်တော့ မျက်နှာကတဖုံ။ ကနေ့အထိ ဒီမျက်နှာနှစ်ဘက်ထားမူဝါဒကို ကျင့်သုံးလျက်ရှိတုန်းပဲကိုး။ မျက်နှာများတယ်ဆိုတာ၊ ကိုယ်ကျင့်သိက္ခာ
သီလသမာဓိ ဂုဏ်ကျိုးပျက်တာလို့ ကိုမြန်မာတို့က မှတ်ယူတယ်ခင်ဗျ။ တနည်းဆိုရရင် သစ္စာမရှိတာ၊ မိတ်ဆွေ
ကောင်းမပီသတာ၊ ယုံကြည်စိတ်ချမရတာ၊ တွေပေါ့ဗျာ။ တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်က ဒီလို အကျင့်ပျက်သီလဆိုးတွေကို ရှောင်ကျဉ်ဖို့ သွန်သင်ဆုံးမသြ၀ါဒပေးခဲ့တာ ကိုတရုတ်ကြီးတို့ အသိဆုံးပါဗျာ။
ဟိုးတုန်းက ကိုတရုတ်ကြီးတို့နေခဲ့ရတဲ့ ကိုလိုနီလက်အောက်ခံဘ၀ကို ကိုမြန်မာတို့က ဘ၀တူတွေပဲလေဆိုတဲ့အသိစိတ်နဲ့ ကိုယ်ချင်းအစာကြီး စာခဲ့ပါတယ်ဗျ။တပ်နီတော်ကြီးရဲ့ အောက်ပွဲကြောင့် လွတ်မြောက်လာတဲ့ ကိုတရုတ်ကြီးကို ကွန်မြူနစ်ဆိုင်းဘုတ်တပ်ပြီး ၀ိုင်းပယ်ထားတော့လည်း ကျနော်တို့ မခံမရပ်နိုင်ဖြစ်ခဲ့ကြရတယ်။
ဒါကြောင့် ဟိုတုန်းက အမေရိကန်သံရုံးကို ၀ိုင်းကြစတမ်းဆို လူငယ်၊ ကျောင်းသား၊ ရဟန်းသံဃာတွေက အဆင်သင့် ၀ိုင်းအုံလာကြတယ်။ အခုတော့ “တရုတ်သံရုံးကိုဝိုင်းကြဟေ့” လို့ဟစ်လိုက်ရင် လူငယ်၊ ကျောင်းသား၊ ရဟန်းသံဃာတို့သာမက အဖိုး၊ အဖွား၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အိမ်ရှင်မများပါမကျန် အင်တိုက်အားတိုက် ဆန့်ကျင် ချီတက်ဆန္ဒပြကြမှာ အသေအချာလို့ ကျနော်ရဲရဲကြီး အာမခံပါတယ်ဗျာ။
အဲဒီလောက်ဆို ကျနော်တို့မြန်မာပြည်သားတွေ စိတ်သဘောထားပြောင်းကုန်ကြပြီဆိုတာကို ကိုတရုတ်ကြီး သဘောပေါက်လောက်ပြီထင်ပါရဲ့။ သဘောမပေါက်သေးဘူးဆိုရင်လည်း အချိန်မီလေ့လာ
ဆန်းစစ်ပြီး သဘောပေါက်စေချင်တယ်ဗျာ။
နောက်ဆုံး နိဂုံးချုပ်စကားကို အစစ်အမှန် “ဆွေမျိုးပေါက်ဖေါ်” စိတ်ထားနဲ့ ဖြူစင်စွာပြောပါရစေ။
ဘင်္ဂလားဒေ့ရှ်က စီးပွားရေးနိုဗယ်ဆုရပညာရှင်ကြီးက အာဏာရှင်ဆိုတာ တနေ့ပြုတ်ကျမှာ သေချာတယ်။
ဒါကြောင့် တရုတ်တို့၊ အိန္ဒိယတို့ဟာ သမိုင်းမှာအမည်းကွက် မထင်ကျန်ရအောင်သတိရှိကြဖို့လိုတယ်တဲ့။ အဲဒီ
သတိပေးဆုံးမစကားကို အလေးထား သင်ခန်းစာယူစေချင်ကြောင်းပါခင်ဗျား။ ။
This is one of the best artical of almost completely correct, true and nothing exergirated.
There was invasion of Tar Tar from China side;a king who run away from his capital to delta region because of invasion of Chinese (Ta Yoke Pyae Min) in Myanmar history;there were lost of lives of our uncles and brothers in the frontal area during the time of 1970-1989 because of the support of Chinese Government and now all of our land properties lands and apportunities by Chinese Government's related companies and their sympathies.All are known by Myanmar Army Governmrnt but having equal profit and share.