မင်းကိုကို၊ မတ် ၁၀၊ ၂၀၁၁
ထိုနေ့က မိုးဖွဲဖွဲရွာသည်။ အချိန်ကား ည ၁၀ နာရီခန့်ဟု ထင်ရသည်။ ထုံးစံအတိုင်ပင် ကျနော်တို့ သူငယ်ချင်းတသိုက် လမ်းဘေးအုတ်ခုံလေးတွင် ထိုင်၍ သီဆိုအော်ဟစ်ကြသည်။ ဂစ်တာ တီးသူက တီး၊ ဆိုသူကဆို၊ မိုးဖွဲဖွဲအား အံတု၍ ရင်မှလာသော ခံစားချက်အား ဖောက်ထုတ်ကြသည်။
ပတ်ဝန်းကျင်အား ဂရုမစိုက်အားပါ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခွင့်ရေးမျိုးရရန် ကျနော်တို့ ဘယ်လောက်ကြိုးစားခဲ့ရသည်ကို သိသောကြောင့်ဖြစ်သည်။ အိမ်မှ ခိုးထွက်ကာ လူငယ်ဘ၀အား တူးဆွကြည့်မည်။ အဖော်အပေါင်းများစုံစဉ် သောင်းပြောင်းထွေလာပြောမည်။ သောက်စားပျော်ပါးမည်။ မည်သူက ဤအခွင့်ရေးကို လက်လွတ်ခံချင်မည်လဲ … ကျနော်မသိပါ။ ကျနော်သိသည်မှာ ထိုနေ့ရက်များသည် ကျနော့်အား အရိပ်ကြီးတခုကဲ့သို့ လွှမ်းမိုးနေသည် ဆိုသည်ပင်။
ကျနော်တို့အားလုံး၏ မိဘများသည် ထိုကဲ့သို့ ကျနော်တို့ လေလွင့်နေမည်ကို စိုးရိမ်လွန်းအားကြီးကြမည်။ သို့သော် ကျနော်တို့ ပျော်ပါသည်။
ထိုအချိန်တွင် ကျနော်တို့ ဂီတာတီးရာ အုတ်ခုံလေးနှင့် ခပ်လှမ်းလှမ်းတွင် အသံလေးတသံ တိုးတိုးကြားရသည်။ အားလုံးသည် သီဆိုနေရာမှ ခတ္တခဏရပ်၍ ထိုနေရာသို့ အကဲခတ်ကြသည်။ သို့သော် ဘာကိုမှ သဲကွဲစွာ မမြင်ရပါ။
ထိုနေ့က မီးမလာသောကြောင့် ဖြစ်သည်။ မီးသည်လည်း ကျနော်တို့ရင်မှ ထွက်သွားတာကြာပြီ။ ဤသို့မဟုတ်လျှင် ကျနော်တို့သည် အိမ်တွင်နေ၍ ကွန်ပြူတာဖန်းသားပြင်မှတဆင့် ကမ္ဘာ့တခွင် ရောက်ရာပေါက်ရာ သွားချင်ရာသွား နားချင်ရာနားနေဦးမည်လားမသိ။ အခုတော့ မိုးဖွဲဖွဲနှင့်အပြိုင် အံတုကာ ပျော်စရာကိုရှာနေသည်။
ခပ်လှမ်းလှမ်းမှ ထိုအသံသည် ကျနော်တို့နှင့် နီးလာသည်။ ထိုမမြင်ရသောအရာကို ကျနော်တို့ လန့်နေကြသည်။ သရဲ သဘက်များလား၊ ရပ်ကွက်လူကြီးတသိုက် ဆိုသွမ်းလူငယ်များကို အရေးယူရန် ချီတက်လာခြင်းလား၊ အချိန်မီ အမှုတွဲတင်ရမည် ဖြစ်သောကြောင့် အမှုမဟုတ်သည်ကို အမှုလုပ် အမှုတွဲတင်မည့် ရဲသားများလား ကျနော်တို့မသိပါ။ သေချာသည်မှာ ကျနော်တို့အားလုံး အမှန်တကယ်ပင် ထိန့်လန့်နေကြသည် ဆိုသည်ကိုပင်။
နောက်ဆုံးတွင် ထိုမျှော်လင့်ထားသောအရာအား တွေ့ကြပြီ။ ကလေး ၄ ယောက် အထုတ်ကြီးများနှင့် ကျနော်တို့ဆီသို့ ဦးတည်လာနေသည်။ တဦးမှာ ကျန်ကလေး ၃ ယောက်၏ အစ်မကြီးဖြစ်ပုံပေါ်သည်။ အသက်အားဖြင့် ၁၂ နှစ်၊ ၁၃နှစ် ဟုထင်ရသည်။ ကလေးများသည် ကျနော်တို့အဖွဲ့နှင့် နီးလာကြပြီး အစ်မကြီးနှင့်တူသူ ကလေးမလေးက ကျတော်တို့အား လက်အုပ်ချီ၍ ဦးကြီးတို့ရယ် ကျမမောင်လေးတွေ ဗိုက်ဆာလို့ စားစရာလေးတွေပါရင် စွန့်ကြဲပါဟု ရိုရိုကျိုးကျိုးပြောသည်။ “ဘုရား ဘုရား” ကျနော့်သူငယ်ချင်းတယောက် တိုးတိုးညည်းသည်။
ထို့နောက် သူက ကလေးလေးတွေ သနားပါတယ်ကွာ။ ပေးစရာရှိတာ ပေးကြရအောင်ဟု စေ့ဆော်သည်။ ကျနော်တို့ ပျော်ရွှင်နေသောအရာသည် ဘယ်ဆီသို့ လွင့်ပြယ် ပျောက်ကွယ်သွားမှန်း မသိပါ။ ရင်ဘက်တခုလုံး ဗြောင်းဆန်နေသည်။ သူတို့လေးတွေသည် ကျနော့် ညီ၊ ညီမလေးတွေထက်ပင် ငယ်ဦးမည်။ ယခုအရွယ်သည် ကျောင်းတွင်ရှိနေရမည့် အရွယ်မဟုတ်ပါလား။
သူတို့လေးတွေသည် ကိုယ့်ဝမ်းစာအတွက် ရှာဖွေစာသောက်နေကြရသည့် အဖြစ်ကို သိသောအခါ ကျတော်တို့ အားလုံးသည် အိပ်မက်ဆိုးကြီးတခုထဲ ရောက်သွားသကဲ့သို့ရှိသည်။ ကျနော်တို့သည် ပါလာသော မုန့်များဖြင့် ကလေးတို့ ၀မ်းအားဖြည့်စေသည်။
ကလေးများ မည်မျှဆာလောင်နေသည် မသိပါ။ ကျနော်တို့အားလုံး သူတို့ဘေးတွင် ရှိသည်ကိုပင် သတိမရဘဲ အငမ်းမရ စားသောက်ကြသည်။ ထို့နောက် အစ်မကြီးက ဦးကြီးတို့ကို ကန်တော့နော်ဟု သူ့မောင်လေးများအား ဆိုသည်။ ကလေးများအားလုံး ကျနော်တို့အား ကန်တော့ကြသည်။ ကျနော်တို့အားလုံး ဘာလုပ်ရမှန်းမသိပါ။
ကျနော်တို့သည် အထုတ်များအကြောင်း သိလိုစိတ်ဖြင့် အထုပ်က ဘာတွေလဲဟုမေးရာ ကလေးက ကျမတို့ သူခိုးမဟုတ်ပါဘူး ဦးတို့ရယ်၊ သူခိုး မဟုတ်ပါဘူးဟု ငြင်းတော့သည်။ ဦးတို့ကလည်း သူခိုးလို့ မစွပ်စွဲပါဘူး၊ သိချင်လို့မေးကြည့်တာပါဟု ပြောရသည်။
ကလေးမလေးသည် အရွယ်နှင့်မလိုက်သော သက်ပြင်းရှည်တခုကိုချ၍ လူတွေက သမီးတို့ကိုဆို သူခိုးတွေလို့ပဲ ထင်ကြတာ။ တခါတလေ ဆိုင်တွေအရှေ့ ဗိုက်ဆာလို့ သွားတောင်းရင်လည်း အဆဲခံရတယ်၊ တခါတလေ ခဲနဲ့အပေါက်ခံရတယ်။
သမီးတို့က သူခိုးမဟုတ်ပါဘူး ဦးရယ်ဟု ထပ်ခါထပ်ခါ ဆိုပြန်သည်။
ကော်တွေ၊ သံတွေရောင်းတဲ့ ဦးတယောက်ကပြောတယ်၊ နင်တို့ ကော်တွေ၊ သံတွေရအောင် ရှာကြ၊ အများကြီးရလာခဲ့ရင် နင်တို့မောင်နှမ ၄ ယောက်ကို ထမင်းကျွေးမယ်ဆိုလို့ အိမ်တွေရှေ့က အမှိုက်ပုံတွေ၊ မြို့ပြင်က အမှိုက်ပုံတွေမှာ သံတွေ ကော်တွေ လိုက်ရှာတာပါဦးရယ်ဟု ရှင်းပြသည်။
အမေတွေရော မရှိကြတော့ဘူးလားဟု သူငယ်ချင်းတယောက်က ဖြတ်မေးသည်။ အမေရင်း မရှိတော့ဘူး ကျမတို့ကို မွေးစားတဲ့အမေတွေက သမီးတို့ကို တောင်းခိုင်းတယ်၊ အဲဒါ သူတို့တောင်းသလောက် မရရင်လည်း သမီးတို့ကို တုတ်နဲ့ရိုက်တယ်၊ နှိပ်စက်တယ်။ သမီးက သမီး မောင်လေးတွေခေါ်လာပြီး ဒီဖက်ကို ထွက်ပြေးလာတာဟု ဆိုသည်။
သမီးတို့လို ကော်၊ သံကောက်တဲ့ကလေးတွေ ဘယ်နှယောက်လောက်ရှိလဲ မေးကြည့်ရာ သမီးတို့ဘက်မှာတော့ အယောက် ၂၀ လောက်ရှိတယ်။ ရတဲ့ဟာတွေဆို ဖွက်ထားရတယ်။ အဲ့လိုမဟုတ်ရင် ကြီးတဲ့အစ်မတွေက အနိုင်ကျင့်ပြီး ယူကြတယ်။
ကျနော့်သူငယ်ချင်းတယောက်က မိုးကာအင်္ကျီချွတ်၍ ကလေးအား ပေးသည်။ ကျတော်နှင့် နောက်သူငယ်ချင်း တယောက်ကလည်း အနွေးထည်အင်္ကျီ ချွတ်ပေးလိုက်ကြသည်။
ကလေးများ ထွက်ခွာသွားပြီးနောက် သူငယ်ချင်းတယောက်က သူ့အတွေ့ကြုံအား ဖောက်သည်ချသည်။
“ငါရန်ကုန်မှာ နေတုန်းကဆိုရင် ငါ့အမေက ထမင်းကျန် ဟင်းကျန်လေးတွေကို သပ်သပ်ရပ်ရပ်လုပ်ပြီး အပြင်မှာ ပလတ်စတစ်အိတ်လေးနဲ့ ထုတ်ထားပေးတယ်။ ကလေးတွေက လာယူတယ်။ နေစဉ်နေ့တိုင်း အမေလုပ်နေကျ အလုပ်ထဲမှာ အဲဒါလည်းပါတယ်။ ကုသိုလ်ဖြစ်ပေါ့လို့ ပြောတယ်။ အဲဒီတုန်းကတော့ အမေ့ကို ကောင်းကောင်း နားမလည်ဘူး။ အလကားအလုပ်တွေပါကွာလို့ ထင်နေခဲ့တာ။ အခုတော့ဖြစ်နိုင်ရင် ငါကိုယ်တိုင်ပဲ တတ်နိုင်တဲ့ဘက်က ကလေးတွေကို ကူညီဖို့ စေ့ဆော်ချင်တယ်ကွာ” ဟု ပြောဆိုသည်။
ကျနော့်ဘ၀တွင် အဖွဲ့လိုက် စုပေါင်းကာ ငိုမိခြင်းသည် ထိုနေ့က စတင်ခဲ့ခြင်းဖြစ်သည်။ တနေ့တော့ ကလေးတွေကို ကူညီဖို့ ဒီအတွေ့အကြုံလေးတွေ ပြောပြရမယ်ဟု ကျနော်တွေးနေခဲ့သည်။ ကလေးများအား တတ်နိုင်သည့်ဘက်က ထမင်းထုပ်ကလေးဖြစ်ဖြစ်၊ အ၀တ်အစားလေးဖြစ်ဖြစ် အားလုံးက စွန့်ကြဲကြလျှင် သူတို့လေးတွေ အနေချောင်မည်ဟု ကျနော်ယုံကြည်နေသည်။ ထို့ထက် ကူညီနိုင်သည်မှာ မိဘမဲ့ ကျောင်းလေးများသို့ ကလေးများအား ပို့ပေးချင်းဖြစ်သည်။
ကျနော်ကိုယ်တိုင်ပင် မိဘမဲ့ဖြစ်ခဲ့သော်လည်း မွေးစား မေမေတို့ ကျေးဇူးကြောင့် အနည်းဆုံး အမှားအမှန်ကို ခွဲခြားသိခဲ့သည်။ ကြမ်းတမ်းသော်လည်း လောကဓံကို ရဲရဲဝံ့ဝံ့ ခံနိုင်ရည်ရှိခဲ့သည်။ မိဘမရှိသော်လည်း မိဘမဲ့ကလေးကျောင်းများက သူတို့လေးတွေအား ကူညီနိုင်မည်ထင်သည်။
ထို့နေ့က ကျနော်တို့ တတ်နိုင်သလောက်သာ လှူဒါန်းနိုင်ခဲ့သည်။ ကျနော်တို့၏ အနည်းငယ်သော လက်ကလေးများသည် ကလေးတို့၏ လိုအပ်ချက်များအား မည်မျှ ဖာထေးနိုင်မည်နည်း၊ နိုင်ငံနှင့်ချီသော စကားများ၊ အပြစ်တင် ဝေဖန်မှုများသည်လည်း ကလေးတို့၏ ဘ၀အစစ်မှန်အား မည်မျှ ကူညီနိုင်မည်နည်း၊ စေတနာ မေတ္တာပြည့်ဝသော စာဖတ်ပရိတ်သတ်များသည်သာ ကလေးတို့၏ တခုတည်းသော အနာဂတ်ဖြစ်သည်။
I unable to share this post at face book.