မယ်လသွား တောလား (၂)

Thursday, March 24, 2011

ရန်ပိုင်၊ မတ် ၂၄၊ ၂၀၁၁
ဓာတ်ပုံ - ရန်ပိုင်/ဧရာဝတီ

(မယ်လသွား တောလား အမှတ် - ၁ ဖတ်ရန်)

တောင်ပေါ်လမ်းကျဉ်းလေးအတိုင်း ဦးဆောင်သူ စေရာနောက်ကို လိုက်ခဲ့ပြန်တော့ ဘွားကနဲ တွေ့လိုက်ရတာက သီရိစန္ဒာဆိုတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းလေးပါပဲ။ ကျောင်းသား ၄၀ ကျော်၊ ကိုရင် အပါး ၆၀ ကျော်နဲ့ သံဃာအပါး ၂၀ နီးပါး သီတင်း သုံးနေထိုင်ကြတယ်လို့ ဦးပဉ္ဇင်းတပါးက ရှင်းပြတယ်။


ဒါ့အပြင် လောကုတ္တရာ အတွက်သာမက လောကီပညာရေးပါ စိတ်အေးရအောင် ARTIC JAPAN ဆိုတဲ့ အဖွဲ့ အထောက်အပံ့နဲ့ မူလတန်းကနေ အထက်တန်းပညာအထိပါ သင်နိုင်တဲ့ ဘုန်းတော်ကြီးကျောင်း ပညာရေးကိုပါ တွဲဖက်ဖွင့်ထားတာကို တွေ့ရပါတယ်။


ဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်မှာတော့ စာအုပ်ကလေးတွေ ကိုယ်စီကိုင်ပြီး ဆော့လိုက်၊ စာအံလိုက် လုပ်နေတဲ့ ကိုရင်လေးတွေကို မြင်တွေ့ရသလို၊ တချို့လည်း စက်ဘီးစီးလိုက် ဘောလုံးကန်လိုက်ပေါ့။ အဆိုတော် ၀ိုင်ဝိုင်းရဲ့ သီချင်းကို ဖွင့်ပြီး ငြိမ့်နေတဲ့ ကျောင်းသားလေးတချို့ကိုလည်း မြင်တွေ့ရပါတယ်။





ကျောင်းပေါ်မှာတော့ သီတင်းသီလ ဆောက်တည်တဲ့ လပြည့်လကွယ် ဥပုဒ်နေ့ ဖြစ်တာကြောင့် ဥပုသ်စောင့်ဖို့ အစောကြီး ရောက်နေတဲ့ အဖိုး ၂ ယောက် အဖွား ၁ ယောက်ကို ကျောင်းပေါ်မှာတွေ့ရ ပြန်တော့ စကားဝိုင်းလေး ဖွဲ့ဖြစ်ခဲ့တယ်။ အဖိုးအဖွား သုံးယောက်ထဲက အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ အဘ ဦးကျော်ပစ်ကတော့ လှိုင်းဘွဲ့မြို့ မအဲကျေးရွာဇာတိတဲ့။ ပြည်တွင်းစစ်ကြောင့် သမီးသား၊ ဇနီးမယားပါ အကုန်ခေါ်ပြီး လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်ကျော်လောက်ကတည်းက မွေးရပ်မြေကို စွန့်ခွာခဲ့ရသူပါ။


ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေထဲက ကရင်အမျိုးသာ အစည်းအရုံး (KNU) စခန်းတွေ တခုပြီးတခုမှာ လှည့်လည် နေထိုင်ရင် နောက်ဆုံး KNU ဋ္ဌာနချုပ် မာနယ်ပလော အစိုးရတပ် လက်ထဲကျချိန်မှာတော့ သူလည်း နောက်ဆုံးစခန်း ဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းကို ရောက်လာတာပါ။

ဘယ်လိုအကြောင်းတရားတွေကြောင့် မွေးရပ်ကိုခွာခဲ့ရသလဲလို့ စပ်စုကြည့်မိပြန်တော့ “ရွာမှာ KNU နဲ့အစိုးရတပ်တွေကလည်း တဂျိန်းဂျိန်းချ၊ အစိုးရတပ်ဝင် လာရင်လည်း ပြေးကြ၊ မပြေးရင် ပေါ်တာပါ၊ KNU ကလည်း စစ်တပ်နဲ့ မခြားဆိုတော့ ပြေးရတာပဲလို့ အဘိုး ဦးကျော်ပစ်က ဆိုတယ်။

မယ်လစခန်းမှာတော့ သက်တမ်းရင့် ဘိုးတော်ကြီး တဦးပေါ့။ ရွာမှာတုန်းက ကြံစိုက်ပြီး အသက်မွေးခဲ့ပေမယ့် အခုအခါ အသက် ၈၃ နှစ်ရှိပြီမို့ စခန်းက ဝေခြမ်းတဲ့ ရိက္ခာနဲ့ သားသမီးတွေရဲ့ လုပ်စာကိုပဲ ထိုင်စားတော့တယ်။ သူများတွေ တတိယနိုင်ငံကို အခြေချဖို့ ကြိုးစားနေချိန်မှာ အဖိုး ဦးကျော်ပစ်ကတော့ အမေရိကန်လည်း မသွားချင်ဘူး၊ မသွားရဲဘူး ကိုယ့်မြေ ကိုယ်ရေမှာပဲ ပြန်နေချင်တယ်ဆိုတဲ့ စကားကို ကရင်လေသံဝဲ၀ဲ၊ လေအေးအေးနဲ့ ပြုံးပြုံးကြီး ရှင်းပြနေလေရဲ့။


ဒါပေမယ့် “ဇာတိမြေကို ပြန်ဖို့ဆိုတာ စိတ်ကူးပဲရှိပါတယ်။ မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာဥယျာဉ်ခြံမြေတွေကတော့ အခုဆို ဘယ်ဆီရောက်မှန်းမသိ အားလုံးနိဋ္ဌိတံသွားပြီ၊ ဒီတော့ စခန်းမှာပဲ ခေါင်းချရမယ့် သဘောပါဆိုပြီး ၀မ်းနည်းဖွယ်ရာ သံဝေဂသံ ပြည့်နေတဲ့ စကားတွေကိုလည်း ကြားရတယ်။

ပြောလက်စ စကားကို ဖြတ်ပြီး အဖိုးအဖွားတွေကို လက်ပြနှုတ်ဆက် ခရီးထွက်ခဲ့ပြန်တော့ လမ်းဘေးဈေးဆိုင်တနေရာမှာ ဆေး တံတိုကို မာန်ပါပါခဲပြီး ကရင်လွယ်အိတ် ဘေးတစောင်းလွယ်ထားတဲ့ ကြီးတော်တယောက်ကို တွေ့လိုက်မိတော့ ပါလာတဲ့ ကောက်ညင်းငချိတ်ပေါင်းနဲ့ ဖိတ်မန္တက ပြုရင်းနဲ့ မိတ်ဖွဲ့ဖြစ်တယ်။ ကောက်ညင်းပေါင်းကို ၀မ်းသာအားရ တပြုံးပြုံးစားနေတဲ့ ကြီးတော်ကို ဓာတ်ပုံ အရိုက်ခံဖို့ပြောတော့ ဂုဏ်ယူစွာနဲ့ပဲ ဆေးတံတိုကို ပြန်ခဲကာ ဓာတ်ပုံ အရိုက်ခံပြန်တယ်။


1 comments :

  1. Anonymous said... :

    “ထူးအိမ်သင်း” အိမ်ပြန်ချင်ပြီ... ဟူး..ဟူး..ဟူး... ဆိုတဲ့သီချင်းကို သတိရမိတယ်။ BLC သင်တန်းသွားတက်လို့ လေ့လာရေးခရီးသွားတုန်းကလည်း ဝ၊ မြန်မာ၊ ရှမ်းတွေထိမ်းချုပ်ထားတဲ့ ဖက်မှာ ရှမ်းဒုက္ခသည်စခန်းမှာလည်း အဲလိုအိမ်ပြန်ချင်တဲ့ သူတွေနှင့်စကားပြေဖြစ်ခဲ့ပြီး၊ သူတို့ဇာတ်လမ်းတွေကို သိရတော့ စိတ်မကောင်းဖြစ်ရတယ်။ ဘယ်တတ်နိုင်မှာလဲလေ....... ဝဋ်ဆိုရှိစမြဲဆိုတော့ တစ်နေ့ ဝဋ်လည်ကြအုံးမှာပါ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved