ကိုတာတေ ထင်တာက ဘလော့ဂ်မှာ အတိုက်ခံရတဲ့အကြောင်း ရှင်းပြီးသွားတဲ့အချိန်မှာ တကယ် ရှင်းရှင်း လင်းလင်း သိသွားကြပြီ “သြော် သူတို့ အတက်ခ် အလုပ်ခံရတာပါလား” ဆိုပြီး ပြီးသွားမယ်လို့ ရိုးရိုးလေး တွေးမိတာ၊ မပြီးသေးဘဲ facebook ကနေ ဝိုင်းပြီး အော်ချက် လုပ်နေကြတော့ ပြောစရာတွေက ရှိလာပါတယ်။ အော်ချက်က သူတို့ဘာသာ အားလို့ လုပ်နေကြပေမယ့် အခုထိ ကိုတာတေကို သတင်းမေးနေ တာတွေရှိတော့။ အခုအထိကိုပဲ အလုပ်ပျက် အကိုင်ပျက် ရှင်းနေရတာတော့ တော်တော်လေး အလုပ်မဟုတ် တော့ဘူးလို့ ထင်ပါတယ်။
တချို့သော သူတွေကလည်း ဧရာဝတီ ဟက်ခံရတာကို မယုံတော်မူကြဘူး။ တချို့ကျတော့ မယုံတာ မဟုတ်ဘဲ မယုံအောင် လျှောက် သတင်းလွှင့်ကြတာပါ။ တချို့ကျတော့ ပျော်ကြတယ်။ ဝိုင်းပြီး ဆွမ်းကြီးလောင်းလိုက် ဦးမယ်ဆိုတဲ့သူတွေမှ အများကြီး။
တရားခံက ဘယ်သူတွေလည်း ဆိုတော့ နေပြည်တော်က သူခိုးကြီးတွေနဲ့ ကြံရာပါ သူခိုးလေးတွေလို့ပဲ ပြောချင်တယ်။ ဘာကြောင့်ဆိုတော့ သူများ ဝက်ဘ်ဆိုက်ကို တိတ်တိတ် ဖောက်တဲ့သူတွေကိုး။ သူခိုးက ဖောက်တာတော့ ဟုတ်ပါပြီ ဧရာဝတီက ကိုယ့်အိမ်ကိုယ် လုံအောင် မလုပ် ဘူးလားလို့တော့ အပြစ်တင် မစောကြပါနဲ့။ အမေရိကန်နိုင်ငံရဲ့ အတွင်းစည်း တွေတောင် ဝီကီလိဒ်က ရအောင် ဖောက်သေးတာ မဟုတ်ဘူးလား။ တချို့ကလည်း မေးကြတယ်။ တခြားသူတွေကို ဘာကြောင့်မဖောက်ဘဲ ဧရာဝတီကိုမှ ဘာလို့ ဖောက်တာလဲတဲ့။ အင်း သူခိုးကတော့ လွယ်တဲ့အိမ်တိုင်းကို ဖောက်မှာမဟုတ်ပါဘူး။ သူ့အတွက် အမြတ်အစွန်း များများရမယ့်အိမ်ကို ကြိုးစားပမ်းစား ဖောက်မှာပါ။ ဒီသူခိုးရမယ့် အမြတ်အစွန်း ကတော့ ပုခုံးပေါ်က အပွင့်တို့၊ လုပ်ပိုင်ခွင့်တို့ ဖြစ်မယ်ထင်တယ်။
ကိုတာတေတော့ သူခိုးသုတေသန စာတမ်းတစောင် ပြုစုရင်ကောင်းမလား စဉ်းစားမိတယ်။ လမ်းကြိုလမ်းကြား ထမီရုတ်တဲ့ သူခိုးကနေ ... ဟို မဆလ ခေတ် ကဗျာတပုဒ်ထဲကလို ပန်ကာအောက်က သူခိုး (ခုတော့ အဲကွန်းခန်း ထဲက သူခိုးပေါ့) နောက် အခု ခေတ်ပေါ် အင်တာနက်ပေါ်က သူခိုးတွေအထိ စာရင်းပြုစု ချင်သေးတယ်။
အဲ ... အင်တာနက် ပေါ်က သူခိုးကတော့ မဆိုးဘူး ဆိုရမယ်။ သူက တကိုယ်တော် ငတက်ပြားလို သူခိုးမျိုး မဟုတ်ဘူး။ အဖွဲ့နဲ့ ခိုးတာ။ နောက်တော့ သူခိုးအားပေးတွေလည်း ရှိသေးတယ်။ ခိုးတဲ့သူ အားတက်အောင် လုပ်ပေးတဲ့သူတွေပေါ့။
ကြိုပြောထားပါမယ် ... ဒီစာကိုဖတ်ပြီး သူခိုးများနဲ့ သူခိုးအားပေးများ ဆတ်ဆတ်ခါ နာနိုင်ပါတယ်။ အလုပ်မရှိ ၁၀၉၊ ၁၁၀ သူခိုးအားပေးများအနေနဲ့လည်း ရန်လာတွေ့နိုင်ပါတယ်
အရေးထဲမှာ ငိုအားထက် ရယ်အားသန်ဆိုသလို တိုင်းချစ်ပြည်ချစ် သူခိုးအားပေးတယောက်က ရှိသေးတယ်။ ကိုယ်တော်ချော သူခိုးအားပေးက မမေဆွိကို ဗျူးတော်မူပါတယ်။ မမေဆွိ ဖြေတာကိုတော့ နားလည်ပေးလို့ရပါတယ်။ ဘာကြောင့်ဆိုတော့ သူက အသားလွတ် သေလိုက်ရတဲ့ သူကိုး။ သူ့ခမျာ တခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် သေရရှာတာ ...။ (မမေဆွိရေ ... ဧရာဝတီက ရေးတာ မဟုတ်ပေမယ့် ဧရာဝတီ ဝက်ဘ်ဆိုက်ကို ခိုးဝင်ပြီး တင်လိုက်တဲ့ သူခိုး ကိုယ်စား ဝမ်းနည်းကြောင်း ပြောပါရစေ)
ဒီကိုယ်တော်ချော ဗျူးဆရာက ဧရာဝတီက မဟုတ်ပါဘူးလို့လည်း ရှင်းပြီးပြီ။ အဲဒါကိုမှ မရသေးဘဲ အချွန်နဲ့ မတဲ့ မေးခွန်းတွေ မေးရုံ မကဘူး အဲဒီသတင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်းကော မြန်မာပိုင်းမှာပါ တင်တယ်ဆိုပဲ ... လုပ်ပုံ။ ဒီလူက သူခိုး အားပေးတင် မဟုတ်ဘဲ ... သူကိုယ်တိုင် သူခိုးအဖွဲ့ထဲ ပါနေလား မသိပါဘူး။ ပြီးတော့ ရှိသေးတယ် ဧရာဝတီရဲ့ ပင်တိုင်ဆောင်းပါးရှင် ဗွိုင်အိုလက်ချိုရေးတဲ့ သတင်းပေါ့နော် တဲ့ ... ဗွိုင်အိုလက်ချိုကတော့ ဧရာဝတီမှာ လုပ်တုန်းက ခုလောက် နာမည်မကြီးဘူး ... ထွက်ပြီးမှပဲ နာမည်က ပိုကြီးရတယ်။
ဦးရှံစား လေသံနဲ့ ပြောရရင် ... “အိုင်ဆေး ကိုသိန်းမောင်ရေ ... အမှုသွား အမှုလာအရတော့ ဒီလူက သူခိုးအဖွဲ့ ထဲမှာ ပါတဲ့သူဖြစ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ ခိုးတင်တဲ့သူခိုးကလည်း ဧရာဝတီမှာ ဗွိုင်အိုလက်ချို မရှိတော့တာ မသိသလို ... ဒီ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးကလည်း ဗွိုင်အိုလက်ချို ဧရာဝတီမှာ မရှိတော့တာ မသိဘဲကိုး ... ဟုတ်စ” လို့ ဆိုရမယ် ထင်ရဲ့။
နောက်ထပ် သူခိုးအားပေးတွေကတော့ နာမည်တပ်မပြောတော့ပါဘူး မမေဆွိရဲ့ facebook မှာ ဝင်ဖတ်ရင် တွေ့မှာပါ။ ဘယ်တုန်းကတည်းက ဒီသူခိုးအားပေးတွေက ဧရာဝတီကို တောက်ညင်ကပ်နေကြလည်း မသိဘူး ပေါ့လေ။ ဒီသတင်းတွေတင် မကဘဲ ဧရာဝတီဝက်ဘ်ဆိုက်ကြီး တခုလုံးပါ ဖြုတ်ပစ်ရမှာ ဆိုလားဆိုရဲ့၊ ဧရာဝတီ နာမည်နဲ့ ဆိုက်ကို ဖျက်လိုက်တော့ သံလွင်ဆိုပြီး အသစ်လုပ် ဆိုတာလည်းပါသေး၊ ဝက်ဆိုက် မလုပ်ဘဲ ကြွက်ဆိုက်လုပ် ဆိုတာကော ... ။
အင်း ... တို့လူလေးများ ဆိုသလေး ... ဆိုတာနဲ့ အိပ်ငိုက်နေရာကနေ ကမန်းကတန်း ထပြီး ဝေလေလေ လုပ်တတ်တဲ့သူတွေ တော်တော်များမှန်း ကိုတာတေ အခုမှပဲ သိတော့တယ်။ အင်းလေ သူတို့ကို လူမသိ သူမသိ ဖြစ်နေရာကနေ ... ဒီလို ထအော်လိုက်တော့ ငါ့နာမည် လူသိရောဆိုပြီး လုပ်တဲ့သူတွေလည်း ပါမှာပါ။ သူတို့ကိုယ်သူတို့တော့ သူခိုးအားပေးဖြစ်မှန်းမသိ ဖြစ်နေရတာ မသိရှာပေဘူး။
အုတ်ကာဆိုလား ထရံကာဆိုလား တယောက် ရှိသေးတယ် ... ဧရာဝတီက မေဆွိကို တောင်းပန်ရမယ်တဲ့။ မယောင်ရာဆီလူး ဝေလေလေ ဝင်လုပ်တာပါ။ အမယ်မင်း အဲဒီလို သူခိုးတွေ ထပ်မလာဘူးလို့ မပြောနိုင်တော့ ဧရာဝတီအနေနဲ့ သတင်းအလုပ် မလုပ်ဘဲ တောင်းပန်နည်း တောင်းပန်ဟန်တွေပဲ ထိုင်ကျင့်နေရတော့မယ့် အပေါက်။
ကိုင်း ... ဘယ်သူခိုးက အပွင့်ဘယ်နှပွင့်တက်လို့ ဘယ် သူခိုးအားပေးက ဘယ်လို နာမည်ကြီးသွားလဲတော့ မသိဘူး ကိုတာတေတော့ ... အလုပ်ပျက် အကိုင်ပျက် အအိပ်ပျက်နဲ့ ... ဒီစာကို ရေးနေရပြီ။ အောက်မှာ သရော်စာလို့ တပ်ရင်လည်း ဒါသရော်စာမှ မဟုတ်တာဆိုပြီး ၁၀၉၊ ၁၁၀ ဝင်လုပ်ကြဦးမယ်။ ဟာသ ဆိုရအောင်လည်း ... ဟွန်း ရယ်လည်း မရယ်ရဘဲနဲ့ ဆိုပြီး လုပ်ဦးမှာဆိုတော့ ဘယ်ခေါင်းစဉ်အောက်မှာ ထည့်ရမလဲ ဆိုတာ စဉ်းစားရတာကိုက အလုပ်တလုပ် ... ဒီတော့ ဧရာဝတီက ခေါင်းစဉ်ခွဲအသစ်တခု တပ်လိုက်မှ အေးမယ်ထင်တယ် ... သူခိုး မေတ္တာစာ ... လို့။
မစ္စတာ ဦးတာတေ
မိတ်ဆွေ ဟတ်ခံရတယ်ဆိုလဲ ဟတ်ခံရတယ်ပေါ့ဗျာ.. ဒါပေမယ့် အနည်းဆုံးတော့ မမေဆွိ စိတ်အနှောက်ယှက်ဖြစ်တဲ့ အတွက် တောင်းပန်သင့်တယ် ခင်ဗျားတို့ ဟတ်ခံထိတယ်ဆိုတာလဲ ရှင်းပြပေါ့။ အခုလို မျိုး မတောင်းပန်နိုင်ဘူးဆိုတာကတော့ မျက်နှာလွှဲ ခဲ ပစ်တာမျိုးပဲ။ ခင်ဗျားတို့ မတင်ပေမယ့် ခင်ဗျားတို့ web site security မကောင်းလို့ ဖြစ်တာလေ ခင်ဗျားတို့မှာ အနည်းဆုံးတော့ တာဝန်ရှိတယ်။ ရူးချင်ယောာင်ဆောင် မနေစမ်းပါနဲ့ ဧရာဝတီဆိုတာ သိက္ခာရှိတယ်ဆိုတာတော့ ပြသင့်တယ်။