ကျနော် ပထမဦးဆုံး အဖမ်းခံရတာ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့။ စက်တာဘာ ၅ ရက်နေ့မှာ ၇၅ ကျပ်တန်တွေ သိမ်းတယ်ဆိုပြီးတော့ မဆလ က ကြေညာတယ်။ ကျနော်တို့ စက်တင်ဘာ ၆ ရက်မှာ ကန့်ကွက်စာတွေတင်တယ်။ ကျောင်းသား ၂၁ ယောက်လက်မှတ်ထိုးတယ်။ အထူးသဖြင့် RIT က များတယ်၊ စက်မှုကျောင်းသားတွေပေါ့။
၇ ရက်နေ့မှာ ကျနော်တို့ အဖမ်းခံရတယ်။ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်။ အဲဒီကနေပြီးတော့ ၁၉၈၈ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြန်လွတ်တယ်။ မတ်လမှာ ဖုန်းမော် ကျဆုံးသွားတယ်။ ၁၆ ရက်နေ့ တံတားနီ အရေးတော်ပုံဖြစ်တယ်။ ၁၇ ရက်နေ့မှာ ကျနော် ထပ်အဖမ်းခံရတယ်။ ရာဇူးထဲမှာပဲ၊ ပင်မ တက္ကသိုလ်ထဲမှာ အဖမ်းခံရတယ်။
အဲဒီကနေ တခါ ဆဲဗင်း ဇူလိုင်မှာ ပြန်လွတ်တယ်။ ပြန်လွတ်ပြီးတော့ ကျနော်တို့ ထောင်ကျခဲ့တဲ့လူတွေ အကုန်လုံးက ရွှေတိဂုံဘုရားမှာ တွေ့ကြပြီးတော့ ရှေ့ဆက်ပြီး နိုင်ငံရေးလုပ်တော့မယ်ပေါ့။ ဒီမဆလ အစိုးရပြုတ်အောင် ချကြမယ်ပေါ့။ ၈၈ ကြီးဖြစ်လာတယ်။
အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းတာက ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့။ နဝတ ပေါ့၊ သူတို့ကိုယ်သူတို့ နာမည်ပေးပြီးမှာ သိမ်းတယ်။ အဲတုန်းက ဗိုလ်ချုပ်မှူးကြီးစောမောင်။ သူတို့အာဏာသိမ်းပြီးတော့ ကျနော်တို့ ဒီဘက်ထွက် ပြေးတယ်။ ထွက်ပြေးတော့ ကျနော် ဘန်ကောက်ရောက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် မိသားစုနဲ့အတူ နေတယ်။
နောက် နယ်စပ်ဘက်ပြန်လာပြီးတော့ ABSDF ရဲ့ ကျောင်းသား တပ်မတော် ထူထောင်တော့ ကျနော် အဖွဲ့ဝင်ဖြစ်လာတယ်။ အဲဒီကနေ ကျနော် အထူးသင်တန်းတွေ တက်တယ်။ ပြည်တွင်းကို ဝင်လိုက်ထွက်လိုက်နဲ့။ ABSDF တာဝန်နဲ့ ကျနော်သွားနေတာ လျှို့ဝှက် စာရွက်စာတန်းတွေ သယ်သွားတယ်။ ဆိုတော့ ဟိုကနေ ပြန်ပြီးယူလာတာတွေ ရှိတယ်။ အဲဒီလိုနဲ့ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကျနော်ကို ဖမ်းမိသွားတယ်။ ကျနော့်ဆီမှာ သေနတ်ပါတယ်။ လက်ပစ်ဗုံး တလုံးလည်း ရှိတယ်။
ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖမ်းပြီးတော့ စစ်ကြောရေးမှာ တောက်လျှောက်နေလိုက်တာ မတ်လ ၇ ရက်နေ့မှာ ကျနော့်ကို တရားရုံး ခုံရုံး တင်လိုက်တယ်။ သေဒဏ်ချလိုက်တယ်။ အဲဒီအချိန်မှာ သီရိလင်္ကာက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒေါက်တာ ဝါပိုလာ ရာဟုလာ၊ တောင်အဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ အဲဒီ ဘာသာရေးခေါင်းဆောင်တွေ၊ တခြားအဖွဲ့အစည်းတွေ အကုန်လုံးက ကွပ်မျက် ခြင်းမပြုဖို့ နအဖကို မေတ္တာရပ်ခံကြတယ်။
အဲဒီလိုနေရင်းနဲ့ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်။ နအဖရဲ့ အမျိုးသား ညီလာခံ စတော့မယ်။ အဲဒီအထိမ်းအမှတ်နဲ့ ပေးလိုက်တော့ ကျနော် သေဒဏ်ကနေ အနှစ် ၂၀ ပြောင်းသွားတယ်။ ကျနော် ကုလသမဂ္ဂနဲ့ တခြားမီဒီယာတွေကို စာထုတ်တာကို မိသွားတဲ့ အတွက် ၁၉၉၄ ခုနှစ်မှာ ကျနော့်ကို စစ်ခွေးတိုက်ထဲ ထည့်လိုက်တယ်။ ပြစ်ဒဏ်တိုက်ထဲ။ အဲဒီကနေ ကြိုးတိုက်ထဲ ပြန်ထည့်။
ကြိုးတိုက်ကနေ ထောင်ပြောင်းတယ်။ ထောင်ပြောင်းတော့ ကျနော် တောင်ငူထောင်ကို ရောက်သွားတယ်။ ၁၉၉၄ ခုနှစ်။ ၁၉၉၇ ရောက်လာတော့ နဝတ ကနေ နအဖ နာမည်ပြောင်းတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးတယ်။
ကျနော်ကိုလည်း ထောင်အာဏာပိုင်တွေက တရားဝင် အသိလာပေးတယ်။ ကျနော် အနှစ် ၂၀ ကနေ ၁၀ နှစ် ဖြစ်သွားတယ်။ ၂ လ အကြာ၊ ဖေဖော်ဝါရီလ၊ အဲဒီမှာ ကျနော်နဲ့အတူ သေဒဏ်ကျခဲ့တဲ့ တခြားအမှုတွေလည်းပါတယ်။ ရာဇဝတ်မှုတွေလည်း အကုန်လုံးလွတ်သွားကြတယ်။
ကျနော်အလှည့်ရောက်လာတော့ ဗဟိုထောက်လှမ်းရေးအမိန့်နဲ့ ၁၀ ကနေ အနှစ် ၂၀ ပြန်ချတယ်လို့ တရားမဝင် ပြောတယ်။ တရားမဝင် ကြေညာတယ်။ ဟိုဘက်မှာ ခံစားခွင့် ရှိတယ်။ ဒီဘက်မှာ တရားမဝင် တိတ်တိတ်ကလေး ထောင်ထပ်ချတယ်။ နှစ်ပြန်တိုးတယ်။ အဲဒါ မကျေနပ်လို့ ကျနော် အစာငတ်ခံ ဆန္ဒပြတယ်။ ၈ ရက်ကြာတယ်။
အဲဒီ အကြောင်းကြောင့် ကျနော့်ကို တောင်ငူထောင်ကနေ ကလေးထောင်ကို ပို့လိုက်တယ်။ ကြားမှာ မန္တလေးမှာ ၃ ည အိပ်ရတာတို့၊ မုံရွာထောင်မှာ ၁ ည အိပ်ရတာတို့ ရှိတာပေါ့လေ။ ကလေးထောင်မှာနေရင်းနဲ့ ငှက်ဖျားကလည်း တော်တော်ဆိုးတယ်ဗျ၊ ဝန်ထမ်းတွေပါသေတာ။
၂၀၀၂ ခုနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တယ်။ အဲဒီအချိန်မှာ ကျနော်ထောင်ထဲမှာ။ အဲဒီကာလမှာ ICRC ကို ဝင်ထွက်ခွင့်ပြုနေတယ်။ ကျနော်တို့နဲ့ တွေ့ခွင့်ပေးပြီးတော့ သူတို့ Register လုပ်တယ်။ ကျနော်တို့ အဲဒီကာလမှာတောင်မှ ထောင်အာဏာပိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကြားမှာ ပြဿနာတွေ အများကြီး ရှိတယ်။ နောက်ဆုံး ကျနော်တို့ မခံနိုင်တော့ အစာငတ်ခံ ဆန္ဒပြတယ်။ အခု ဒီဘက်ရောက်နေတဲ့ NLD-LD ကိုမြင့်ထွန်း ပါတယ်။ အတူတူ အစာငတ်ခံ ဆန္ဒပြတာ ၂၁ ရက်ကြာတယ်။ တော်တော်လေးကို ခံကြရတာပေါ့။
အဲဒီအကြောင်းကြောင့် ကျနော်ကို ထောင်ထပ်ပြောင်းတယ်။ ဒီတခါပြောင်းတော့ အဖော်မပါတော့ဘူး။ ဘယ်နိုင်ငံရေးအကျဉ်းသားမှ မရှိတဲ့ထောင်၊ အိန္ဒိယနယ်စပ်ကနေ ထိုင်းနယ်စပ်ပို့လိုက်တယ်။ မိုင်းဆတ်ထောင်ကို ပို့လိုက်တယ်။ ကျနော့်တယောက်တည်း။
မိုင်းဆတ်ထောင် မရောက်ခင် တောင်ကြီးထောင်မှာ ၂၅ ရက် ထားပြီးတော့ Special Torture ပေးတယ်။ ညဉ်းပန်းနှိပ်စက်မှု။ အဲဒီအချိန်မှာ အခု ချင်းမိုင် မှာရှိနေတဲ့ ကိုအောင်လတ်တို့ ဘာတို့ တောင်ကြီးထောင်မှာရှိတယ်။ သူတို့ကို အကုန်တွေ့တယ်။ သူတို့ witness ပဲ။ ICRC ဝင်ထွက်နေတဲ့ အချိန်မှာတောင် နှိပ်စက်မှုတွေ လုပ်တယ်။ အိပ်စရာမရှိဘူး။ စားစရာမရှိဘူး။ အဲလိုဘာတခုမှ မပေးတဲ့အပြင် ကျနော်ထောင်ပြောင်းတော့ ကျနော့်ထောင်ဝင်စာ မရှိဘူး။
မိသားစုကို ကျနော်သေပြီးလို့ ကျနော်ကို သပိတ်သွတ်ပြီးပြီ၊ အဲဒီအတွက် ထောင်ဝင်စာ မရှိတော့ဘူးဆိုပြီး ကျနော့် မိသားစုလာတော့ လိမ်ပြောတယ်ဗျာ။ ဒီလူမရှိတော့ဘူး၊ သီဟ ဒီထောင်မှာ မရှိတော့ဘူး၊ ကြိုက်တဲ့နေရာမှာ သွားရှာဆိုပြီး မိသားစုက တခြားနေရာမှာသွားရှာ၊ နောက်ဆုံး သေပြီလို့ ဆုံးဖြတ်ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအရ ကျနော်ကို ဈပန ဘာညာ လုပ်ပြီးပြီ။
အဲဒီကနေပြီးတော့ ကျနော် ၂၅ ရက် Torture ပေးပြီးတော့ တောင်ကြီးကနေ မိုင်းဆတ်ကို ပြောင်းတယ်။ အဲဒီရက်ကို ကျနော်မှတ်မိတယ်။ ၂၀၀၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ကျနော်ကို မိုင်းဆတ်ထောင်ကို ရောက်တယ်။ အဲဒီမှာ ဘာမှမလုပ်တော့ဘူး၊ အဖော်လည်း မရှိတော့ဘူး။ တိုက်ခန်း ၄ ခန်းနဲ့ သီးသန့်တလုံးရှိတယ်။ ဘယ်သူနဲ့မှ ဆက်သွယ်ပြောဆိုလို့ မရတော့ဘူး။ ကျနော်တယောက်တည်းပဲ။ အဲ ၄ ခန်း စလုံး ကြိုက်တဲ့ အခန်းနေလို့ရတယ်။ အဲဒီမှာ ကျနော် ၂၀၀၂ ကနေ ၂၀၀၈ လွတ်တဲ့အထိ ကျနော် နေခဲ့ရတယ်။
ကျနော့်နဲ့ အမှုတွဲမှာ ၁ တရားခံ ကျနော် အရင်ဆုံးလွတ်ပြီး ကျန်တဲ့လူတွေက မလွတ်တဲ့လူတွေရှိသေးတယ်။ ဖြစ်ပုံက ခင်ညွန့် ထောက်လှမ်းရေးတွေ ထောင်ကျ၊ ပြုတ်ပြီးဖြစ်တဲ့အချိန်၊ နောက်တက်လာတဲ့လူတွေက မသိတော့ဘူးတဲ့။ ဘာကြောင့်မို့လဲဆို အရေးကြီးတဲ့ ဖိုင်တွေ အကုန်လုံးကို အရင်ထောက်လှမ်းရေးတွေ ဖျက်ဆီးသွားလို့တဲ့။ ပြောမယ်ဆိုရင် နအဖအနေနဲ့ ကျနော်က မလွှတ်သင့်တဲ့လူ။ ဒါပေမယ့် ကျနော့်ကို လွှတ်လိုက်တယ်။
စက်တင်ဘာ ၂၃ ရက်နေ့ ၂၀၀၈ ခုနှစ်မှာ ကျနော့်ကို လာပြောတယ်၊ ကျနော့်ကို လွှတ်ပြီဆိုတဲ့အကြောင်း။ ကျနော် ပထမတော့ မယုံဘူးလေ။ ဒါပေမယ့် နောက်ဆုံးတော့ တကယ်ဖြစ်နေတယ်။ ဒါပေမယ့် ကျနော် ရန်ကုန်ပြန်စရာ မရှိဘူး။ လေယာဉ်မရှိဘူး။ အင်္ဂါနေ့ဖြစ်နေတယ်။
နောက်ဆုံး ကြာသပတေး ရောက်လာ၊ လေယာဉ် Cancel ဖြစ်တယ်ဆိုတော့ ကျနော်က မနေနိုင်တော့ဘူး။ သောကြာနေ့ မနက်မှာ မိုင်းဆတ်ကနေ တာချီလိတ်ကို ပို့တယ်။ ရန်ကုန် Airway နဲ့ ကျနော့်ကို ပို့လိုက်တယ်။ ရန်ကုန်ရောက်တဲ့အခါမှာ နောက်ရက်မှာ စနေနေ့ပေါ့။
သောကြာနေ့မှာ ကျနော် ရန်ကုန်ရောက်တယ်။ ကျနော့် သမီးလေးကို ကျနော်မမြင်ဖူးဘူး။ ၁၈ နှစ်ပြည့်တော့မှာ အဲဒီအချိန်မှာ။ သမီးက အောက်တိုဘာ ၁ ရက်နေ့မွေးတာ။ ကျနော် စက်တင်ဘာ ၂၃ လွှတ်တော့ သမီးမွေးနေ့ ကပ်နေပြီ။ ကျနော်ရောက်တော့ ကျနော့် အမျိုးသမီး ဆုံးသွားပြီဆိုတာ အဲဒီကျမှ ကျနော်သိရတယ်။
သမီးက ကျနော်နဲ့ အရမ်းစိမ်းတာဗျာ။ သမီးလေးက ကျနော် ဇနီးဘက်က မိသားစုနဲ့ အတူနေတယ်။ သမီးဆီက ပြန်လာတဲ့အခါကျတော့ အိမ်မှာ ထောက်လှမ်းရေးတွေ ရောက်နေပြီ။ အေးလွင်ဆိုတာ ၈၈ ကျောင်းသား။ နအဖ နဲ့ပေါင်းတယ်။ သူနဲ့ ပူးပေါင်းဖို့၊ ဆောင်းပါးတွေ ရေးဖို့၊ ကျနော်မှားတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် မှားယွင်းတဲ့အကြောင်း၊ နအဖ ကြင်နာတဲ့အကြောင်းတွေ ကျနော့်ကို ရေးခိုင်းတယ်။
အဲဒါဆို ကျနော့်ကို အခန်းတို့ဘာတို့ ကားတို့ဘာတို့ အကုန်ပေးမယ်။ စီးပွားရေးသာလုပ်၊ နိုင်ငံရေးမလုပ်နဲ့၊ လုပ်ရင်းလည်း သူတို့နဲ့ ပေါင်းလုပ်၊ လုပ်ပေးမယ်။ အဲဒါကို ၁၄ ရက်တိတိ ကျနော်အိမ်ကိုလာပြီး ၂ ပတ်လောက် ပြောတယ်။ ကျနော်က မလုပ်နိုင်ဘူးလို့ ငြင်းတဲ့အချိန်မှာ အဲဒါဆိုရင် ခင်ဗျားက နိုင်ငံရေးဆက်လုပ်မှာလား၊ တခြားလူနဲ့ ပေါင်းမှာလားလို့ မေးတယ်။ အဲဒါ ကျနော့်ကိုယ်ပိုင်အခွင့်အရေး၊ ကျနော်လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူး။ ခင်ဗျားတို့ ဖမ်းချင်ဖမ်း၊ မဖမ်းရင်နေလို့ ပြောလိုက်တယ်။ ဒါနဲ့ သူတို့ နောက်နေ့မလာတော့ဘူး။
အဲဒီနောက် ကျနော် NLD ရုံးကို သွားတယ်။ NLD ရုံးက တာဝန်ရှိတဲ့လူနဲ့ သွားတွေ့တယ်။ အဲအချိန်မှာ မင်းကိုနိုင်အပါအဝင် ဌေးကြွယ်တို့ ထောင်မကျသေးဘူး၊ တရားရုံး ရင်ဆိုင်နေတဲ့အချိန်။ ကျနော်က လွတ်ခါစအချိန်၊ ဘာမှလုပ်လို့မရဘူး။ တချို့သူငယ်ချင်းတွေက ပြေးနေရတယ်၊ ပုန်းနေရတယ်။
အဲဒါ နောက်ဆုံး တနေ့ကျတော့ ကျနော့်ကို ကိုယ်ထိလက်ရောက် ရန်ရှာဖို့အထိ ဖြစ်လာတယ်။ ဖြစ်လာတော့ ကျနော်လည်း အဲဒါတွေ အကုန်လုံးကို ဘီဘီစီ၊ ဗီအိုအေ၊ RFA မီဒီယာတွေကို အကုန်ပြောတယ်။ ကျနော် တခုမှ မချန်ထားဘူး။ ဒီလို ကျနော်ဖြစ်နေတာဆိုတာကို ပြောပြတယ်။ အခြေအနေက ပိုဆိုးတယ်။ နောက်ဆုံးမှာ သူငယ်ချင်းတွေရော၊ ပါတီက တာဝန်ရှိတဲ့လူတွေကရော လစ်တော့၊ ထွက်ပြေးတော့၊ မဟုတ်ရင် ဒုက္ခရောက်တော့မယ်ဆိုပြီး နောက်ဆုံးမှာ ထိုင်းရောက်တယ်။
ထိုင်းရောက်တော့ UNHCR ရှိတယ်ဆိုလို့ သွားတယ်။ မထူးခြား၊ မထူးခြား။ ကျနော့်ကို အတွေ့တောင်မခံဘူး။ ၁၆ ကြိမ်မြောက်မှာ ကျနော်တွေ့ခွင့်ရတယ်။ ၂ နာရီလောက် နားထောင်တယ်။ သူတို့ ဘာမှ လုပ်မပေးနိုင်တဲ့အကြောင်းနဲ့ စောင့်ပါ၊ ကျနော် ဘယ်သူဘယ်ဝါဆိုတာ သိပါတယ်၊ စောင့်ပါဆိုပြီး ဒီကနေ့အထိ စောင့်လိုက်တာ ဘာမှမထူးခြားဘူး။
ကျနော် Identity ပျောက်နေတယ်။ Stateless ဖြစ်နေတယ်။ နိုင်ငံမဲ့နေပြီ။ ကျနော် နိုင်ငံရေးဆက်လုပ်မယ်။ အဲဒါပါပဲ။ ကျနော့်ဇာတ်လမ်းပါပဲ။
၂၁ ရာစုခေတ်ကြီးထဲမှာ မြန်မာပြည်ကထောင်က အရက်စက် အယုတ်မာဆုံးနဲ့၊ အကောက်ကျစ်ဆုံး အထူးသဖြင့် နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တဲ့နေရာ၊ အသေသတ်တဲ့နေရာတခုပါပဲ။
ဒီလိုပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် ခဲ့ရတဲ့ သူတွေ အတွက် ကျန်တဲ့ပြည်သူတွေ ဘာလုပ်သင့်သလဲ စဉ်းစားကြပါ။ လူတစ်သန်း ဆန့် တဲ့ ထောင်မရှိပါဘူး။ လူတစ်သန်းမရင်းရဘူး။ တိုင်းပြည်ကောင်းသွားမယ်။ မြန်မာဆိုရင် ထိုင်းလောက်မှာ လက်မထောင်နိုင်ရင်တောင် ရင်းရတာတန်တယ်။ အခုတော့ ထိုင်းလို နိုင်ငံမှာတောင် မြန်မာဆိုတာနဲ့ ခွေးလောက်တောင် တန်ဖိုးအထားမခံရဘူး။ ခွေးအစိုးရ အုပ်ချုပ်မှတော့ မြန်မာတွေ ခွေးဖြစ်ကုန်တာ မဆန်းဘူး။ လူထုအုံကြွမှု့ ကြီးစတဲ့အခါ အားလုံးဝင်ပါကြရပါမယ်။