မကြာသေးခင်က ပြင်သစ်မှာ ရိုက်ထားတဲ့ပုံ။ စားသောက်ဆိုင်ရှေ့  ဗုဒ္ဒရုပ်ပွားတော်။
အနောက်နိုင်ငံတွေမှာ၊ အာရှနိုင်ငံတချို့ မှာ ဒါမျိုးတွေ ရိုးနေပြီ။ ဆရာတင်မိုးက ဗုဒ္ဓနှင့်တွေ့ ဆုံခြင်း ဆိုတဲ့ ကဗျာတပုဒ် ရေးထားသေးတယ်။ ဆရာကြီးကတော့ ဘာသာရေးအမြင်နဲ့ မဟုတ်ဘဲ သူခံစားမိတဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေတွေကို ရေးသွားတာပါ။
အဲဒီကဗျာကို ဖတ်ရတဲ့ ဒေါက်တာသန်းထွန်းက သူဟာ ကဗျာဆရာ မဟုတ်ပေမယ့် တင်မိုးကဗျာဖတ်မိလို့ ရေးလိုက်အုံးမယ် ဆိုပြီး ဂေါတမရေ မပြန်လေနဲ့-- ဆိုပြီး ကဗျာ ရေးခဲ့ဖူးပါသေးတယ်။
ဆရာကြီးတွေကတော့ ရုပ်ပွားတော်တွေ ဟိုဆိုင် ဒီဆိုင်ထဲ ရောက်နေတာနဲ့ ပတ်သက်ပြီး ရေးကြ ဖွဲ့ကြပြီးပါပြီ။
ဧရာဝတီဝိုင်းတော်သားတချို့ကရော ဒါကို ဘယ်လို မြင်ကြပါသလဲ။ ရုပ်ပွားတော်ကို အလှဆင်ပစ္စည်းအဖြစ် သုံးနေကြတာ ဘာပြောချင်သလဲလို့ မေးဖြစ်ပါတယ်။ သူတို့ ဖြေကြတာတွေကို စုစည်းပေးလိုက်ပါတယ်။
သူ့ဆိုင်ကို စိတ်ဝင်စားအောင် လုပ်တာပဲ။ ဆိုင်ရှင်က ဗုဒ္ဓဘာသာ ဆိုရင်တော့ မထားသင့်ဘူး။ သူ တခြားဘာသာဝင်မို့ ထားတာ ဖြစ်မှာပေါ့။
သန်းထိုက်ဦး၊ သတင်းထောက်
ထားချင် ထားပေါ့။ ထိုင်းက ဆိုင်တွေမှာလည်း မြင်ဖူးနေတာပဲ။ စိတ်ထဲ ဘယ်လိုမှ မခံစားရဘူး။ ဆင်းတုတော် ထုနေချိန်မှာတောင် ကျော်ခွပြီး ထုနေရတာပဲ။ အနေကဇာ တင်မထားရင် ဘာမှ မဖြစ်ဘူး။
အိုင်တီသားကြီး၊ ၀က်မာစတာ
ဘာသာရေးနဲ့ ဆိုင်တော့ အကဲဆတ်တဲ့ အကြောင်းအရာ ဖြစ်တယ်။ သတိထားရမယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဒါက ဘာမှ မဖြစ်ဘူးပေါ့။ ဘာသာရေး ကိုင်းရှိုင်းသူ၊ ရှေးရိုးဆန်သူ ဆိုရင်တော့ ဒါဟာ စိတ်ဆင်းရဲစရာ ဖြစ်လိမ့်မယ်။ လက်ခံကြမှာ မဟုတ်ဘူး။
ဘယ်သာသာကိုမဆို တဦးနဲ့တဦး အပြန်အလှန် လေးစားမှု ရှိသင့်ပါတယ်။ ဒါမှ ကမ္ဘာကြီး ငြိမ်းချမ်းမှာပေါ့။
ကိုစိုး၊ စာတည်း
(၁) ဘုရားပုံသုံးသည် ဆိုရာဝယ် ဂေါတမ ဗုဒ္ဓရုပ်တုက ရှေးဟောင်းပစ္စည်းအနေနှင့် ရောင်းကြတော့ ရှေးဟောင်းပစ္စည်းလို သဘောထားကာ ရောင်းချ၊ ဝယ်ယူ၊ သုံးစွဲနေကြသည် ထင်ပါသည်။
(၂) ဘုရားရုပ်က တမျိုးတည်းမရှိ၊ ပုံမျိုးစုံ ဖြစ်နေတော့ ဘုရားမျိုးကွဲတယ် နိုင်ငံခြားသားတွေက ထင်ကြသလား မသိ။
(၃) ရုပ်ရှင်တွေထဲ ဘုရားရုပ်တုကို အကျီချိတ်စရာ အဖြစ် လှေခါးအနီးထားတာလည်း မြင်ဖူးပါသည်။
(၄) အယ်လ်ကေးဒါးတွေက အာဖဂန်က ရပ်တော်မူဘုရားကြီးတွေကို လောင်ချာပစ်ပြီး ဖြိုတော့ ဗုဒ္ဓဘာသာဝင်တွေ ရင်နာဖူးကြသည်။ သီတဂူ ဆရာတော်ကြီးပင် အင်တာဗျူးမှာ ပြောဖူးသည်။ ဘင်လာဒင်ကို အမေရိကန် ဝင်သတ်တော့ ထိပြီလို့ ဗုဒ္ဓဘာသာဝင်တွေက စိတ်နာနာနဲ့ ပြောတာ ကြားရဖူးသည်။
(၅) မြန်မာသချိုင်းတွေက လက်ဝါးကတ်တိုင် သုံးသည်။ ရန်ကုန်က ဆယ်မီနာကြီးတခုမှာ ခရစ်ယာန်များက သူတို့ လက်ဝါးကတ်ကိုင်ကို အလွဲသုံးပါသည်ဟု ဝေဖန်ဖူးသည်ကို မြင်ခဲ့ရပါသည်။
(၆) ဗုဒ္ဓဘာသာဝင်တွေက လူအေးတွေ ဖြစ်သည်ဟု မြင်သည်။ တော်ရုံလည်း အသံထွက်ကြသည် မဟုတ်။ အင်တာနက်မှာ ခုနပြောသလို ကိစ္စ မလျော်တာသုံးတာ လှုံ့ဆော်မှပဲ ထပြောကြတာ မြင်ရသည်။
(၇) ဘာသာရှိသူရော မရှိသူပါ သူတပါး ယုံကြည်မှုကို လေးစားသဖြင့် စော်ကားသမှု မပြုကြစေလိုပါ။
ခက်ထန်၊ စာတည်း
ဗုဒရုပ်ပွားတော်တွေကို တစ်ခြားလူတွေက အလှထားတာဟာ သူတို့ဘာသာ သူတို့ သာသနာ မဟုတ်တာ တကြောင်းလည်း ဖြစ်နိုင်တယ် ထင်ပါတယ်။
နောက် တန်ဖိုးထားလို့ မြတ်နိုးလို့ ထားတာလည်း ဖြစ်နိုင်ပေမဲ့ သူနေရာနဲ့သူမဟုတ်ဘဲ ကလပ်တို့ ဘာတို့မှာ ထားတာကတော့ Globalization မှာလူတွေ စိတ်ပိုင်းဆိုင်ရာ အမြင် တော်တော် ချို့ယွင်းလာကြပြီလို့ မြင်ပါတယ်ခင်ဗျား။
ပီတာအောင်၊ ၀က်မာစတာ
ဗုဒ္ဓရုပ်ပွားတော်တွေကို အလှဆင်ပစ္စည်းအဖြစ် သုံးတယ် ဆိုတာ
ကတော့ ဘာသာရေးဖြစ်နေတော့ နည်းနည်း ပြောဖို့ခက်ပါမယ်။ ကိုယ်တိုင်က ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ ဒီလို အလှဆင်အဖြစ်သုံးတာက အများဆုံးက အနောက်နိုင်ငံတွေမှာပါ။ အနောက်နိုင်ငံတွေမှာ ဘာသာတရား လေးစားသူတွေကတော့ ဒီလိုမလုပ်ပါဘူး။
ဘာသာရေးအရ အထွဋ်အမြတ်ထားတာ မဟုတ်ပေမယ့် အမှတ်တရ အနေနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ တလေးတစား သပ်သပ်ရပ်ရပ် ထားတတ်တဲ့သူတွေကိုလည်း မြင်ဖူးပါတယ်။ သူတို့ပြောတာကတော့ ဒီလိုပဲ အမှတ်တရအနေနဲ့ တလေးတစားတော့ ထားတယ်။ အနေကဇာ တင်ထားတာ မဟုတ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အထွဋ်အမြတ်ကြီး ထားတယ်တော့ မဟုတ်ဘူးပေါ့ လို့ ပြောပြကြပါတယ်။
ဗုဒ္ဓရုပ်ပွားတော်တွေကို နိုက်ကလပ်လို နေရာမျိုး ထားတာကတော့ ဘာသာတရားတခု၊ ယုံကြည် ကိုးကွယ်မှုတခုကို လေးစားတဲ့အနေနဲ့ ဒါမျိုး မလုပ်သင့်ဘူးလို့ မြင်ပါတယ်။
ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ ဘယ်တိုင်းနိုင်ငံသား ဖြစ်ဖြစ် အခု ရာစုနှစ်တွေမှာ ကိုယ်ကျင့်တရား၊ စာရိတ္တ၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ အမြင်တွေ ချို့တဲ့လာတာတော့ အသေအချာပါ။
ဗုဒ္ဓရုပ်ပွားတော်တွေ ထုလုပ်တယ် ရောင်းချတယ် ဆိုတာက ဗုဒ္ဓဘာသာ ထွန်းကားတဲ့တိုင်းပြည်ကပဲ ထုလုပ်၊ ရောင်းချကြတာပါ။ ထိုင်းနိုင်ငံမှာ၊ ဗုဒ္ဓဂါယာမှာ ဒီတိုင်း ဈေးတန်းမှာ ရောင်းနေကြတယ်။ Souvenir, Souvenir ဆိုပြီး အော်ရောင်းကြတယ်။ ဂါယာလို နေရာကို ရောက်လာတဲ့ နိုင်ငံခြားသားကတော့ အမှတ်တရ ဆိုပြီး ၀ယ်မှာပဲ။ သူတို့ကို ဒါက အထွဋ်အမြတ်ပါ။ ဟိုလိုမထားသင့် ဒီလိုမထားသင့် ဆိုတာ ဘယ်ဈေးရောင်းတဲ့သူကမှ မရှင်းပြကြဘူး။
ဝယ်တဲ့သူရှိလို့ရောင်းတာလား၊ ရောင်းတဲ့သူရှိလို့ ၀ယ်တာလား ဆိုတာကတော့ စဉ်းစားစရာပါ။
ဇာနည်မာန်၊ သတင်းထောက်
ထားလို့ ရတယ်။ ပြဿနာ မရှိဘူး။ ဆိုင်ရှင်က ဗုဒ္ဓဘာသာ ဖြစ်ဖြစ် ခရစ်ယာန်ဘာသာဝင်ပဲ ဖြစ်ဖြစ် သိပ် ပြဿနာ မရှိပါဘူး။ ဆင်းတုတော်ရှေ့ ပေါက်ကရ မလုပ်ရင် ပြီးတာပဲ။
အောင်အောင်၊ ၀က်မာစတာ
အဲ ဒီ လို မ ရို မ သေ တွေ လုပ် နေ လို့  မွတ် ဆ လင် တွေ နဲ့  သတ် နေ ကြ တာ ။ သူ တို့  ခ ၇စ် ယန် ယေ ၇ှူ ကို အဲ့  ဒိ လို ထား ရင် ရော ဘယ် လို နေ မ လဲ ။ စာ တတ် ပေ တတ် ဆ ရာ တွေ ကန့်  ကွတ် သင့်  တယ် ။ ခ ရစ် ယန် ဘာ သာ ၀င် တွေ ထဲ က နား လည် သူ တွေ လဲ ဒိ အ ပြု အ မူ ကို တား မြစ် သင့်  ပါ တယ် ။