ကမ္ဘာမှာ ဘယ်နိုင်ငံက ပျော်စရာအကောင်းဆုံး ဖြစ်မလဲ။
အဖြေကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ် တဲ့။
ဒါ မြောက်ကိုရီးယား အစိုးရ မကြာသေးခင်က ထုတ်ပြန်တဲ့ စစ်တမ်းကို ကိုးကားထားတာပါ။
ကြီးမြတ်သော မြောက်ကိုရီးယားခေါင်းဆောင်ကြီးတွေက အခုမှ ဧပရယ်ဖူးလုပ်တာလို့ မထင်လိုက်ပါနဲ့။ အမှန်တကယ်၊ တရားဝင်၊ အတည်အတံ့၊ လူသိရှင်ကြား ထုတ်ပြန်တဲ့ ရလဒ် ဖြစ်ပါတယ်။
ပျော်စရာအကောင်းဆုံး နိုင်ငံတရုတ် ရဲ့ နောက်မှာ မြောက်ကိုရီးယား၊ ကျူးဘား၊ အီရန်၊ ဗင်နီဇွဲလား တို့ လိုက်ပါတယ်။ အေးချမ်းသာယာတဲ့နိုင်ငံ ၅ ခုပေါ့ဗျာ။
အမေရိကန်၊ တောင်ကိုရီးယားတို့ကတော့ နောက်ဆုံးမှာ ရှိနေပါတယ် တဲ့။ အီတလီသတင်းဌာန Corriere Della Sera က သောကြာနေ့မှာ သို့ကလို သတင်းပို့ပါတယ်။
ဆက်ရေးထားတာက တရုတ်ပြည်ဟာ စစ်တမ်းမှာ အမှတ် ၁၀၀ ရတယ်ဆိုပြီး မြောက်ကိုရီးယားရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါသတဲ့။ မြောက်ကိုရီးယားက ၉၈ မှတ်ပဲ ရလို့ ဒုတိယအဆင့်နဲ့ ကျေနပ်ရ ဆိုပဲ။
တောင်ကိုရီးယားက ၁၈ မှတ်ပဲ ရလို့ အဆင့် ၁၅၂ ကို ရောက်သွားရှာတယ်၊ အမေရိကန် ဆိုရင် အဆင့် ၂၀၃ တဲ့။
"စစ်တမ်း ရလဒ်ကို အမေရိကန်တွေဆီ ပို့လိုက်စမ်းပါကွာ၊ ဒါမှ ဒီကောင်တွေ နည်းနည်းပါးပါး ခံစားသွားရအောင်" လို့ တရုတ်ပြည်က တယောက် မှတ်ချက်ပေးတာကို Facebook မှာ တွေ့လိုက်ရပါတယ်။
မြန်မာပြည်က အဆင့် ဘယ်လောက် ချိတ်မလဲ မသိရသေးပါ။ သိရင် လက်တို့ပါအုံး လို့ ကိုရီးယားစာ ဖတ်တတ်သူများ၊ အင်တာနက်မှာ ရှာဖွေရေး ကျွမ်းကျင်သူများကို မေတ္တာရပ်ခံပါရစေ။
စစ်တမ်းက စိတ်ချရပါ့မလား။ အင်း - ယုံရမှာပါ။
သူ့ကိုယ်သူ နံပတ် ၁ နေရာမှာ မထားဘူး ဆိုတော့ မြောက်ကိုရီးယားရဲ့ စစ်တမ်းက သမာသမတ်ကျမယ်လို့ ယူဆနိုင်ပါတယ်။
ကဲ -သွားကြမလား ပျော်ရွှင်ခြင်းနိုင်ငံတွေဆီကို။
ကိုးကား - http://www.ynetnews.com/articles/0,7340,L-4078010,00.html
မြန်မာပြည်ကဆဌမဗျို့..ထိပ်ဆုံးငါးနိုင်ငံပဲ ဖော်ပြပေးတာမြောက်ကိုရီးယားမှာ ပုံနှိပ်မှင်ရှားလို့ပါ။