ဧရာဝတီမှာ အင်္ဂါနေ့က ဖော်ပြခဲ့တဲ့ ရှေးဟောင်းဘုရားသတင်းကို စာဖတ်သူ အများအပြားက တုန့်ပြန်ထားပါတယ်။ တုန့်ပြန်ချက်တွေထဲက တခုကို အခုလို တွေ့ရပါတယ်။
ကျွန်တော့်အနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ ဖြစ်လိုပါသည်။ တိုင်းရင်းသားများ အားလုံးထဲတွင် ဗမာနှင့် ရခိုင် လူမျိုးများမှာ ဘာသာစကား တူခြင်း (သို့သော်လည်း အသံထွက် ကွဲပါသည်) မျိုးနွယ်တူခြင်း တို့ကြောင့် မူလရင်းမြစ်မှာ လူမျိုး တစ်မျိုးတည်း ဖြစ်ပါသည်။ မနုဿဗေဒ ပညာရှင်များလည်း လက်ခံကြပါသည်။
အတိတ်မှ ဖြစ်ပျက်ခဲ့သည်များကို မငြင်းခုန်စေလိုပါ။ သမိုင်းဆိုသည်မှာ သူ့ဘက် ကိုယ့်ဘက် ပြောမှ မှန်ပါမည်။
မှန်ပါသည်။ ဘိုးတော် ဘုရားလက်ထက်တွင် မြန်မာတို့ စစ်နိုင်သဖြင့် ဗုဒ္ဓဘာသာများလည်း ဖြစ်၍ ကိုးကွယ်လိုခြင်းကြောင့် လည်းကောင်း၊ စစ်နိုင်သော အထိမ်းအမှတ် အဖြစ် လည်းကောင်း မဟာမြတ်မုနိ ဘုရားကြီးကို ပင့်ဆောင်ယူခဲ့ပါသည်။
ထို့အတူ ဘုရင့်နောင် မင်းတရားကြီး နတ်ရွာစံပြီးနောက် မြန်မာ နိုင်ငံတော်ကြီး အစိတ်စိတ် အမွှာမွှာ ပြိုကွဲခဲ့သည့် အခါတွင် တောင်ငူဘုရင်၏ ဖိတ်ခေါ်မှုကြောင့် ရခိုင်စစ်သည်တို့ ချီတက်လာပြီး ဟံသာဝတီ ပဲခူးနန်းတော်ကြီးကို မီးတင်ရှို့၍ နန်းတွင်း အဖိုးတန် ရတနာများ အားလုံးကို ယူဆောင် သွားခဲ့ပါသည်။ (မှတ်ချက်။ ဘုရင့်နောင်၏ နန်းတော် အမိုးများမှာ ရွှေသား ပကတိ ဖြစ်ပါသည်။)
ယခု မဟာမြတ်မုနိ ဘုရားကြီး ပရဝုဏ်တွင် ရှိသော ကြေးနတ်ရုပ်ကြီးများနှင့် ခြင်္သေ့ကြီးများမှာ မူလက ဘုရင့်နောင် မင်းတရားကြီး၏ နန်းတော်မှဖြစ်ပါသည်။ ထိုကြေးရုပ်ကြီးများကို ထိုစဉ်က ရခိုင် စစ်သည်တို့ စစ်နိုင်သော အထိမ်း အမှတ်အဖြစ် ယူဆောင်သွားပြီး ရခိုင် ဘုရင့် နန်းတော်တွင် နှစ်ပေါင်းများစွာ ထား၍ ဂုဏ်ယူခဲ့ကြပါသည်။
ဘိုးတော်ဘုရား ရခိုင်ပြည်ကို အောင်မြင်သော အခါမှ ထိုကြေးရုပ်ကြီးများနှင့် တကွ ဘုရားကြီးကိုပါ နေပြည်တော်သို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
အမုန်းပွားစေရန် မရည်ရွယ်ပါ။ ထိုစဉ်က ဘုရင့်နောင် မင်းတရားကြီး၏ မြေးတော် ခင်မနှောင်းကိုပါ ရခိုင်ဘုရင့် မိဖုရား အဖြစ် ရခိုင်ပြည်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။
တစ်မြေတည်း နေထိုင်ခဲ့သဖြင့် ပဒေသရာဇ် အရင်းခံ အားပြိုင်မှုများမှာ ရှေးယခင်က ရှိခဲ့ပါသည်။ ထို့ကြောင့် ထိုသမိုင်းထဲမှ အမုန်းကြွေးများ၊ ဒဏ်ရာ ဒဏ်ချက်များကို လက်ရှိအချိန်တွင် ဖော်ထုတ်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မပျက်ပြားစေသင့်ပါ။
လေးစားစွာဖြင့်
လေလွင့်လှိုင်း
အခု ပြောတာက ဗမာတိုင်းရင်းသား ဖြစ်နိုင်ပါတယ်။ ကြေးရုပ်ကြီးတွေရဲ့ နောက်ခံသမိုင်းနဲ့ မဟာမြတ်မုနိ ရုပ်ပွားတော်ရဲ့ နောက်ခံသမိုင်းကို ထပ်တူပြုလို့ မရပါ။ ကြေးရုပ်ကြီးတွေဟာ ဘာယုံကြည် ကိုးကွယ်မှုနဲ့မှ ပတ်သက်မနေပေမယ့် ရုပ်ပွားတော်ကြီးကတော့ ဒေသခံတို့ရဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်နေပါတယ်။ အခုလို မှတ်ချက်ပြု ပြောလာတာကိုက အကယ်၍များ မန္တလေးက ရုပ်ပွားတော်မြတ်ကြီးကို ရခိုင်ကို ပြန်ပင့်ခဲ့ရင် ဆိုတဲ့ ပူပန်မှုက ဖြစ်လာတယ်လို့ ယူဆနိုင်ပါတယ်။ အဲသလို ဆိုရင်လည်း နှစ်ပေါင်းများစွာ ကိုးကွယ် ပူဇော်လာကြတဲ့ ဒေသခံရခိုင်တိုင်းရင်းသားများရဲ့ အပူကို စာနာစေလိုပါတယ်။ ရခိုင်နဲ့ ဗမာဟာ အတူတူပဲဆိုရင် ဘာဖြစ်လို့များ ရခိုင်က ဘုရားကို ဗမာဒေသကို ပင့်ဆောင်သွားရသလဲ ဆိုတာ စာရေးသူ ကာယကံရှင် ဒီစာကို မရေးခင် စဉ်းစားပေးသင့်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ စကားကျွံခဲ့ရပြီ။ ရခိုင်ဒေသခံတို့ဟာ အဲဒီစိတ်ကြောင့် အမြဲတမ်း ပူပန်ခဲ့ရ ပူပန်နေကြတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို ဖြေခဲ့ကြ ဖြေသိမ့်နေကြပါတယ်။ အဲဒါကတော့ ရခိုင်တွေရဲ့ ပါးစပ်ရာဇ၀င်မှာ ငါတို့ဆီက ရုပ်ပွားတော်အစစ်ကြီးဟာ ဗမာပြည်ကို ပင့်ဆောင်ခံသွားရတာ မဟုတ်၊ ရခိုင်မှာပဲ ကျန်နေခဲ့တယ် ဆိုတာပါပဲ။ အခုမှတ်ချက် ရေးသူဟာ ရခိုင်လူမျိုးတစ်ဦး ဖြစ်သလို အဲဒီကိစ္စ (မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကို ရခိုင်သို့ ပြန်လည်ပင့်ဆောင် ရေး)ကို အမြဲတမ်း စဉ်းစားနေခဲ့သူပါ။ ကျွန်တော့်လိုပဲ ရခိုင်တစ်မျိုးသားလုံး ထပ်တူ ရှိကြပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ အားလုံး သဘောပေါက်ကြမှာပါ။ ဒါကြောင့် စာဖတ်သူတွေ လေးစားရတဲ့ ဧရာဝတီဘလော့ဂ်အနေနဲ့ ဒီလို ပြဿနာ ဖြစ်နိုင်တဲ့ ခေါင်းစဉ်မျိုးကို ရှောင်သင့်ပါတယ်။
(နန်းတော်အမိုးက ရွှေတွေ ယူတယ် ဆိုတာကတော့ စွပ်စွဲတဲ့အဆင့်ကို ရောက်နေပါပြီ။ ထိုင်းတွေကလည်း ရွှေတိဂုံစေတီကြီးကို လာလာ ဖူးပြီး အဲဒီက ရွှေတွေက ဘုရင့်နောင် ယိုးဒယားက ယူသွားတဲ့ ရွှေတွေလို့ စွပ်စွဲနေကြတာပါပဲ။ အဲဒါတွေက ယုံကြည် ကိုးကွယ်မှုတွေနဲ့ မဆိုင်တဲ့ကိစ္စပါ။ အဲဒါကို သမိုင်းပညာရှင် သုတေသီတွေက အခါအခွင့်သင့်တဲ့အခါ ရှင်းပါလိမ့်မယ်။)