ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဇော်ဝင်းရှိန်အား ကာမ လိမ်လည်မှုနဲ့ စွဲဆိုထားမှုကို ကျေအေးပေးလိုက်ပါပြီ။
ပန်းဖြူရဲ့ ရှေ့နေ ဦးယုတင်က “ပန်းဖြူကိုယ်တိုင် ရုပ်သိမ်းလွှာတင်တာပါ။ လျှော်ကြေးယူတယ်လို့တော့ မကြားပါဘူး။ သူ့သဘောထားနဲ့သူ ကျေအေးလိုက်တာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က တရားလို ပန်းဖြူမှ အမှုကျေအေး ရုပ်သိမ်းလွှာကို တာမွေမြို့နယ်၊ ခရိုင်တရားရုံးမှာ တင်ခဲ့ပါတယ်။
ပန်းဖြူအား ခွင့်လွှတ်နားလည်ပေးပါရန် ဇော်ဝင်းရှိန်က ကိုယ်တိုင် လာရောက် တောင်းပန်ခဲ့တဲ့အတွက် ယခုကဲ့သို့ ကျေအေးခဲ့တာ ဖြစ်တယ်လို့ တရားရုံးကို တင်ပြတဲ့ ရုပ်သိမ်းလွှာမှာ ဖော်ပြထားပါတယ်။
ပန်းဖြူရဲ့အမှုကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့လို့ ဗဟိုအထိ ဆက်တက်ခဲ့ပါတယ်။
ပုဒ်မ ၄၁၇ နဲ့ ဇော်ဝင်းရှိန်ကို ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး အဲဒီ ဥပဒေ ပုဒ်မ ၄၁၇ က ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည် မှုများနဲ့ သက်ဆိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပါတယ်။ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ပါတယ်။
ပန်းဖြူနှင့် ဇော်ဝင်းရှိန်တို့မှာ ယခင်က သူငယ်ချင်းများ ဖြစ်ကြပြီး ၂၀၀၂ ခုနှစ်မှာ သမီးရည်းစားဘ၀သို့ ရောက်ရှိခဲ့ကာ အောင်မြင်မှုရမှသာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း၊ ၂၀၀၈ ခုနှစ် လက်ထပ်ဖို့ စီစဉ်ချိန်မှာ ပြဿနာဖြစ်ပြီး လမ်းခွဲခဲ့တာလို့ ပန်းဖြူကတော့ ပြောထားပါတယ်။
ပန်းဖြူက “အရိပ်” ရုပ်ရှင် ဇာတ်ကားနဲ့ ၁၉၉၇ မှာ အကယ်ဒမီ ရခဲ့ပါတယ်။
ဟိန်းသူ
အရင်က နှစ်ဦးသဘောတူ လုပ်ချင်ရာ လုပ်ကြပြီးတော့ အဝေမတည့်မှ ပြဿနာ ထရှာတယ် ... ဟား ဟား