ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို သွားနေတယ် ဆိုတာ တယ်မှန်တာကိုး။ ခေတ်မမီဘူး ဘယ်သူပြောမလဲ HIV ဆိုလည်း HIV လိုက်တာပဲ၊ ဘီပိုး၊ စီပိုး ဆိုလည်း ပိုးလိုက်တာပဲ။ ကြက်ငှက်တုပ်ကွေး ဆိုပြန်တော့လည်း နောက်မကျစေရဘူး ... မြန်မာက ကမ္ဘာကို အမီလိုက်ပြီးသား။ သူက တခုတောင် ပိုသေး ... ကြက်သားဈေးတွေကျတော့ ဝယ်စားလိုက်ကြတဲ့ မြန်မာတွေ ... ရောဂါဖြစ်နေတဲ့ ကြက်ကို ကျက်အောင်ချက်စားရင် လူကို မကူးစက်ဘူးဆိုတာကို ပညာပေးစရာတောင် မလိုဘူး ... အလိုလိုကို သိနေတာ။ အဲဒီလောက်ကို ခေတ်မီတာပါ။
နောက်တခါ ဝက်နားရွက်ပြာ ဖြစ်ပြန်ရော ... မြန်မာ မပါလို့ ဘယ်ဖြစ်ပါ့မလဲ။ ဝက်တွေလည်း နားရွက် ပြာလိုက်တာပဲ (တကယ်လို့ မပြာရင်တောင် နားရွက်တွေကို ဆေးဆိုးချင်ဆိုးဦးမှာ) ဟော ... အဲဒီမှာ ဝက်သားဈေးတွေ ကျပြန်တော့ ဝယ်စားကြပြန်ရော ... ဆရာဝန်က ကျက်အောင်ချက်စားလို့ရတယ်လို့ ပြောတာနောက် ... မြန်မာတွေ ခေတ်မီပုံများကတော့ လိုက်ရင်တောင် မမီလောက်ဘူး။
ကဲ အခုလာပြန်ပြီ အီကိုလိုင် တဲ့ ... ဥရောပမှာ အန္တရာယ်အကြီးအကျယ် ပေးနေတဲ့ပိုး ... တဲ့ ... လာထားပဲ။ ဘယ် အိမ်နီးချင်း နိုင်ငံမှ မတွေ့ခင် မြန်မာကွ ဆိုပြီး အရင်တွေ့တယ်ဆိုတာကို ဦးတာလေ။ ကိုတာတေ ဒီလို ပြောတော့ အဝှာတို့က ဆောင်ပုဒ်အသစ်တောင် ထုတ်ချင်မလား မပြောတတ်ဘူး “ကမ္ဘာ့ရောဂါ မြန်မာကို လွှမ်းရမည်” ဆိုပြီးတော့ပေါ့။ ဖုန်းဆက်မေးကြည့်တဲ့ အိမ်ရှင်မတွေကတော့ ပြောပါတယ် ... သူ့ဘာသာ အီကိုလိုင်လိုင်၊ အီကိုလာလာ ... အီကိုဂွတ်ဖို့ အရေးကြီးတယ်တဲ့ ...။ စီးပွားရေးကောင်းဖို့၊ ကုန်ဈေးနှုန်း ကျဖို့ကို ပြောတာ ထင်ပါရဲ့ ... အိမ်ရှင်မတွေကတော့ ဝက်နားရွက်ပြာတို့ ကြက်တုပ်ကွေးတို့လောက် အဲဒီ အီကိုလိုင်ကြီးကို စိတ်မဝင်စား အားပါဘူး။ ဟိုဟာတွေကမှ ဈေးကျလို့ စားလို့သောက်လို့ရသေးတယ် မဟုတ်လား။ ဒါကြီးက စားလို့လည်းမရ၊ ဘာကြီးမှန်းလည်းမသိ။
ဒါပေမယ့် ကိုတာတေကတော့ ဂုဏ်ယူတယ် ... ဘောလုံးကို ဘယ်သူနဲ့ကန်ကန် ဘယ်လောက်ပဲရှုံးရှုံး ... ရောဂါတော့ တို့အရင်ဦးတယ်ဟေ့လို့ ကြွေးကျော်လို့ရတာပေါ့ ... ဟုတ်ဘူးလား။
တာတေ
ရောဂါပိုးတွေ့တာ ဟာသလုပ်စရာ မဟုတ်ပါ