သီတလ
ဇွန်လကုန်ခါးနီးမှာ အစိုးရသတင်းစာကနေပြီးတော့ “ပြည်ထဲ ရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ဖတ်ရတယ်။ NLD ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ ပြောတာပါပဲ။
ဒီလို အကြောင်းကြားတဲ့နေရာမှာ အစိုးရ ကိုးကားထားတာတွေကတော့ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်က ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရယ်၊ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်
အမှတ် (၉၇/၂၀၁၀) ဆိုတာတွေပါဘဲ။ ဒီဥပဒေတွေ ဒီကြေညာချက်တွေဆိုတာဟာ ယူနီဖောင်ဝတ် ယူနီဖောင်ချွတ် စစ်အာဏာရှင်တွေ သူတို့အာဏာ သက်ဆိုးရှည်ဖို့ တပ်ဆင်လိုက်ကြတဲ့ လက်နက်တွေသာ ဖြစ်လို့ ကျွန်တော်တော့ စိတ်မ၀င်စားဘူးဗျာ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို လုံးဝပျောက်ကွယ်သွားအောင် NLD ဆိုတာကို အမြစ်ပါမကျန် တူးဖြိုဖျက်ဆီးပစ်နိုင်အောင် ပြည်သူလူထုကို စစ်ဖိနပ်အောက်မှာ ပြားပြားမှောက်နေအောင် တလျှောက်လုံး လုပ်လာခဲ့ကြတာဆိုတော့ ခုလိုမျိုး အကြောင်းကြား စာပေးပို့တယ်ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မဆန်းပါဘူး။ တချိန်ချိန်မှာ ဒီလို ဖြစ်လာမယ်ဆိုတာ မျှော်လင့်လို့ရပါတယ်။ ဒါတွေကို ဝေဖန်နေမယ်ဆိုရင်လဲ မစင်ပုံကို လက်နဲ့ကိုင်ပြသလိုမျိုး ဖြစ်နေမှာပါ။
ကျနော်စိတ်ဝင်စားတာက ဒီကိစ္စအပေါ်မှာ ဒေါ်စု ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါ။ တကယ့်တကယ် ဒေါ်စုရဲ့ တုံ့ပြန်ချက်ကို ဖတ်လိုက်ရတော့ ကျနော် တော်တော်ကိုပဲ အားမလို အားမရ ဖြစ်သွားပါတယ်။ ဘယ်နှယ့်ဗျာ၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို့ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့တဲ့ NLD ပါတီ ခေါင်းဆောင်တယောက်က ဒီစစ်ကျွန်ပြုရေး ဥပဒေကြီးကိုများ ပြန်ပြီး ကိုးကားနေရတယ်လို့။ ကိုးကားတာမှ ပုဒ်မ တစ်ခုတည်းတောင် မဟုတ်ဘူး။ ပုဒ်မ-၄၀၉၊ ပုဒ်မ-၄၀၇၊ ပုဒ်မ-၄၄၆ ဆိုပြီး သုံးခုကြီးများတောင်။ အသေးစိတ်သိချင်ရင်တော့ http://burmese.nldburma.org/media-press-release/press-release/352-letter-to-home-minister-ko-ko.html
မှာ ၀င်ဖတ်ကြည့်ဗျာ။
ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်တို့လို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ကို လက်မခံလို့ ကန့်ကွက်မဲပေးပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ မဲမပေးဘဲ နေခဲ့တဲ့ သာမန်အရပ်သား တယောက်က အကြောင်းတစုံတရာကြောင့် ကိုယ်လက်မခံခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကိုပဲ ကိုးကားပြီး ပြောမယ်ဆိုရင် သူ့အရိုးနဲ့ သူ့ပြန်ထိုးတာပဲလေလို့ နားလည်ယူလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်စုလို NLD ခေါင်းဆောင်တယောက်က ဒါကြီး ပြန်ကိုးနေတာဟာ အမြင်မတော် ဆင်တော်နဲ့ ခလောက်လို ဖြစ်နေမလားပဲ။ နောက်ပြီး စစ်တပ်တမတ်သားက လွှတ်တော်ထဲမှာ အချောင်သက်သက် နေရာဝင်ယူနိုင်အောင် ဖန်တီးထားတဲ့ စစ်ကျွန်ပြုရေးဥပဒေကြီးကို သွားပြီး ကိုးကားနေတာဟာ သွယ်ဝိုက်သောနည်းအားဖြင့် ဒါကြီးကို ထောက်ခံရာ ရောက်မနေပေဘူးလား။
ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ ရည်မှန်းချက်ဟာ ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး နိုင်ငံတကာရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်ထွန်းကာဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ရောက်အောင်သွားမယ်ဆိုရင် ဒီစစ်ကျွန်ပြုရေး အခြေခံဥပဒေကြီး တည်ရှိနေသေးသရွေ့တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်က သူတို့အလိုကျ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံ ဆိုတာကြီးနဲ့ရော ဒါကြီးကို အကြောင်းပြုပြီး ထုတ်ထားတဲ့ ဥပဒေတွေ၊ အမိန့်တွေ၊ ကြေညာချက် ဆိုတာတွေနဲ့ရော ဒီမိုကရေစီအင်အားစုတွေအပေါ် အကြောင်းပေါ်တိုင်း ဖိနှိပ်နေမှာပါ။ ဒါကို ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေဘက်ကလည်း အကြောင်းပေါ်လာတိုင်း ဒါကြီးကို လက်မခံနိုင်ပါဘူး ဆိုတာကို ငြင်းဆန်ကြဖို့တော့ လိုမယ်ထင်ပါတယ်။
ဒါကြီးကို လက်မခံနိုင်တဲ့အတွက် ဒါကြီးကနေတဆင့် ပေါက်ဖွားလာတဲ့ ဥပဒေ ဆိုတာကိုတွေရော၊ ကြေညာချက် ဆိုတာတွေကိုရော လက်မခံနိုင်ပါဘူးဆိုပြီး ငြင်းဆန်တာဟာ အကြမ်းဖက်တာ မဟုတ်ပါဘူး။ အကြမ်းမဖက်သောနည်းနဲ့ တိုက်ပွဲဝင်နေတာပါ။ စစ်အာဏာရှင်ဆိုတာကတော့ သူတို့ ထုတ်ထားတဲ့ ဖိနှိပ်ရေးဥပဒေတွေ၊ ဖိနှိပ်ရေး ကြေညာချက်တွေနဲ့ ဆန့်ကျင်ရင် အာဏာဖီဆန်တယ်လို့ပဲ ယူဆမှာပါ။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက ဒါတွေကို ထည့်တွက်နေစရာ မလိုပါဘူး။ ဒါကို ထည့်တွက်စဉ်းစားပြီး သူတို့ထုတ်ထားတဲ့ ဥပဒေတွေနဲ့ ညီပါကြောင်း အသနားခံနေ ကြမယ်ဆိုရင်တော့ ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေဦးမှာပါ။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက်ထဲမှာ တရားဥပဒေစိုးမိုးရေးဆိုပြီး အကြောင်းအရာတပ်ထားသလို “တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးထား လိုက်နာခြင်းသာ ဖြစ်ပါသည်” ဆိုပြီးတော့လည်း လုပ်ထည့်လိုက်ပြန်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် စာထဲမှာ ပါတဲ့ “ဥပဒေပါ ပြဋ္ဌာန်းချက်” ဆို တာဟာ ကျနော်တို့ အော့နှလုံးနာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ ဖြစ်နေပါပေါ့လား။ ဘုရား … ဘုရား … လို့သာ တ မိတော့တယ်။ တကယ်တော့ တရားဥပဒေ စိုးမိုးရေးဆိုတာ အာဏာရှင်ရဲ့ လက်သုံးစကားပါ။ ဒီစကားကို ကိုင်ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အားလုံးကို ဖိနှိပ်ခဲ့တာပါ။
ဒါကို ကျနော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်စုက အာဏာရှင် လက်သုံးစကားနောက်လိုက်ပြီး အာဏာရှင်ရဲ့ ဥပဒေတွေကို အလေးထားနေမယ်ဆိုရင်တော့ ပါတီပြန်ပြီး မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်၊ ပြီးတော့ စစ်အာဏာရှင်ရဲ့ စစ်ကျွန်ပြုရေးဥပဒေအတိုင်းသာ တသဝေမတိမ်း လျှောက်လှမ်းသွားပါတော့လို့သာ အကြံပြုရတော့မလို ဖြစ်နေပါပြီခင်ဗျား။
ဇူလိုင်လ ကုန်တာမြန်လိုက်တာ အခုမှ၉ရက်ပဲရှိသေးတယ် ဆရာရယ် သေချာလဲ လုပ်ပါအုန်း ရေးချင်ဇောနဲ့ လောကြီးသွားတယ် ထင်ပါ့