ထန်းပင် ထန်းတောတို့  ဝေစည်နိုင်ဦးမည်လား

Saturday, September 3, 2011



'






ဇာနည်မာန်


“၀ုန်း” ခနဲ မြည်သံနဲ့အတူ လဲကျသွားတဲ့ ထန်းပင်၊ အလန့်တကြား အော်မြည်ပျံပြေးတဲ့ ငှက်တွေ၊ လှိမ့်တက်လာတဲ့ ဖုန်လုံးကြီးတွေကို စိတ်မသာမယာ ငေးကြည့်ပြီး ဦးတင်မြ တယောက် သက်ပြင်းရှည်ကြီး ချရင်း ..

“ဟူး … ထန်းပင်တွေလည်း တော်တော်များများ ကုန်ပါပြီ။ တအုံးအုံးနဲ့ လှဲနေကြတော့တာပဲ” လို့ ဆံပင်ဖြူဖြူတို့ကြားကနေ နဖူးထိ စီးကျလာတဲ့ ချွေးတွေကို ခပ်နွမ်းနွမ်းပုဝါတခုနဲ့ သုတ်ပြီး ညည်းတွားလိုက်ပါတယ်။

မြန်မာပြည်အလယ်ပိုင်း အထက်အညာဒေသ မကွေးတိုင်း၊ ထန်းလျက်ပေါတဲ့ ပခုက္ကူခရိုင် မြိုင်ဒေသရဲ့ ထန်းတောတွေနား၊ ထနောင်းပင်ရိပ်အောက်က ထန်းလက်တွေနဲ့ ဆောက်လုပ်ထားတဲ့ သူ့တဲလေးရဲ့အတွင်းဖက်၊ ဖျာကြမ်းတချပ်ပေါ် သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ အရောင်မထွက်တော့တဲ့ အညာစောင်နွမ်းနွမ်း၊ ခေါင်းအုံးမည်းညစ်ညစ်နဲ့ အိပ်ရာရဲ့ မျက်နှာချင်းဆိုင်က ထန်းလျက်ဖိုဘေးမှာတော့ သူ့ရဲ့ ဇနီးသည်ဟာ ယောင်းမတချောင်းနဲ့ မွှေရင်း၊ ချွေးတလုံးလုံးနဲ့ အလုပ်တွေရှုပ်နေပါတယ်။

“ဟိုး ၇၄၊ ၇၅ ခုနှစ်လောက်ကနဲ့စာရင် အပင်တွေက တော်တော်နည်းသွားပြီ။ နောက်ဆို ထန်းပင်တောင် ရှိပါ့ဦးမလားပဲ” လို့ သူက ညည်းပါတယ်။

သူညည်းနေရတဲ့ အကြောင်းရင်းကတော့ သူတို့ဒေသတ၀ိုက်က ထန်းတောပိုင်တွေဟာ ထန်းပင်တွေကို ခုတ်ပြီးရောင်းတာတွေ တဖြည်းဖြည်း များလာတာကြောင့်ပါပဲ။


လွန်ခဲ့တဲ့ နှစ် ၅၀ ၀န်းကျင်တုန်းမှာတော့ ယာတဧကမှာ ထန်းပင် အနည်းဆုံး ၁၅ ပင်ကနေ ၇၀၊ ၈၀ အထိ ရှိနေရာကနေ အခုဆိုရင် ၅ ပင်ကနေ ၂၀၊ ၃၀ လောက်အထိပဲ အများဆုံး ရှိတော့တယ်လို့ သူက ဆိုပါတယ်။

ဒီလိုခုတ်နေကြတဲ့ အဓိက အကြောင်းရင်းကတော့ ထင်း လိုအပ်မှုများနေတာရယ်၊ ထန်းတက်လုပ်ငန်းကို လူငယ်တွေ စိတ်ဝင်စားမှု နည်းလာတာတွေကြောင့်လို့ သူက ဆိုပါတယ်။
ထန်းလျက်အစား ကြံသကာကို အစားထိုးတာကြောင့် ထန်းလျက်အသုံးနည်းလာကြတယ်၊ ထန်းလျက်ကြိုရာမှာ ကုန်ကျတဲ့စရိတ်နဲ့ ပြန်ရတဲ့ငွေ မကာမိဖြစ်ပြီး ထန်းလျက်ဖိုတွေ စီးပွားရေးကျဆင်းရတယ်
ဆိုတာကလည်း ဟောတပင်၊ ဟောတပင် ခုတ်နေကြရတဲ့အကြောင်းရင်းတခုပါပဲ တဲ့။

ထန်းသမားတွေရဲ့ နဂိုရှိရင်းစွဲဘ၀ကိုက ဆင်းရဲနွမ်းပါးကြတာကြောင့် စီးပွားတိုးတက်ဖို့ ထန်းပင်တွေ၊ ထန်းတောတွေကို စွန့်ခွာပြီး ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေ၊ ကျောက်တူးတဲ့နေရာတွေအပြင်
မလေးရှားလို နိုင်ငံတွေအထိ သွားရောက်စွန့်စား အလုပ်လုပ်ကြတာ တနှစ်ထက်တနှစ် များလာလို့ ထန်းတောမှာ ထန်းတက်မယ့်လူငယ်တွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

သူက “ထင်းတွေရှားတယ် ဆိုတာထက်လေ ထန်းလျက်က ဈေးမကောင်းတော့၊ လူငယ်တွေက ထန်းမတက်ဘဲနဲ့ မလေးရှားသွားကြတာ များလာတာ။ သန်သန်မာမာ ထန်းတက်မယ့် လူငယ်တွေက မရှိတော့ အဲ့ဒီမှာတင် ထန်းပင်က အပိုတွေဖြစ်နေပြီးတော့ ဒါလည်း တကြောင်းပေါ့လေ။ နောက်ပြီးတော့ အခု ထင်းအတွက် ထန်းပင်ထုတ်ပြီး ခုတ်ရောင်းကြတာပေါ့လေ” လို့ ပြောပြပါတယ်။

ထန်းလျက်ကြိုရာမှာ လောင်စာအတွက် ထင်းကိုပဲ အဓိကထားသုံးနေရတာမှာ ထင်းဈေးကြီးတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး ထန်းလျက်ဈေးဟာ တက်လာတဲ့ ကုန်ဈေးနှုန်းကို မမှီတာတွေဟာလည်း ထန်းတက်သမားတွေ၊ ထန်းလျက်ကြိုသူတွေအဖို့ ဒီလုပ်ငန်းကို စိတ်ဝင်စားမှု လျော့နည်းလာစေတဲ့ အချက်တခု ဖြစ်ပါတယ်။

“ထန်းလျက်ကျိုရတာလည်း ထန်းလျက်ဈေးနဲ့ ထင်းဈေးနဲ့ ဘာနဲ့ဆိုတော့ အရင်လိုမှမကိုက်တော့ဘဲနဲ့။ အခင်းတွေထဲက ရရာ ကောက်ပြီး ထင်းလုပ်နေရတာ။ နဂိုတုန်းကတော့ ထန်းလျက်တပိဿာ ဆန်တပြည်ဆို ထန်းသမားက မကြောက်ဘူးရယ်။ အခုက ၂ ပိဿာနဲ့ ဆန်တပြည်နဲ့ ညီနေတဲ့ အခုနှစ်တွေက ဆယ်စုနှစ်လောက် ဖြစ်လာတယ်။ ထန်းလျက်အသုံးလည်းနည်းတယ်ပေါ့။ ထန်းလျက်ဈေးကလည်း မရှိဘူးပေါ့။ အဲ့လိုတွေ အကုန်စုံကျတာ” လို့ ဦးတင်မြက ရှင်းပြပါတယ်။

မြိုင်မြို့နယ်ပတ်ဝန်းကျင်က ရွာတွေမှာတော့ ထင်းအတွက် ပဲစင်းငုံရိုးခြောက်တွေကို သုံးကြသလို သက်တန်းကျ၊ ပိုးကျတဲ့ ထန်းပင်ကြီးတွေကို ခုတ်လှဲပြီး ထင်းအတွက် သုံးလေ့ရှိပါတယ်။ အခု အခြေအနေမှာကတော့ ထန်းသီးလှိုင်လှိုင်သီးနေဆဲ ဖြစ်တဲ့ ထန်းပင်ပျိုတွေကိုပါ ခုတ်ရောင်းလာကြတာလို့ ဆိုပါတယ်။

ထန်းသီး၊ ထန်းရည်လှိုင်လှိုင်ထွက်တဲ့ တပို့တွဲ၊ တပေါင်း၊ တန်ခူးလတွေဟာ ထန်းသမားတွေအဖို့ ထန်းဖိုရာသီချိန်ဖြစ်ပြီး ထန်းလျက်ဈေးကောင်းတယ် ဆိုရင်တော့ ထန်းသမားတွေ ငွေရွှင်ကြတဲ့အချိန်တွေပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၀မှာ ထန်းလျက်လုံးကြမ်း တပိဿာကို ကောက်ဈေး ၇၀၀ ကျပ်ကနေ ၇၅၀၊ ထန်းလျက်ဖြူ တပိဿာကို ကောက်ဈေး ၇၅၀ ကနေ ၉၀၀ အထိ ဈေးပေါက်ခဲ့ပြီး ပြန်ရောင်းဈေးကတော့ တပိဿာကို အနည်းဆုံးကျပ် ၁၀၀၀ အထိ စံချိန်တင် တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ထန်းလျက်ဈေး စံချိန်တင်တက်ခဲ့တာကြောင့် ထန်းသမားတွေ ငွေရွှင်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ကောက်ဈေးက အမျိုးအစားအလိုက် အနည်းဆုံး ၂၅၀ ကျပ် ကနေ ၇၀၀ ကျပ် အထိပဲ ရှိတော့တာကြောင့်၊ ဆန်တပြည် အနည်းဆုံး ၉၀၀ ကနေ ၁၂၀၀ အထိ ပေးဝယ်နေရတဲ့ အခါမှာတော့ စားဝတ်နေရေး အဆင်မပြေဖြစ်ကြရတယ်လို့ ဆိုပါတယ်။

ဦးတင်မြရဲ့ ဇနီးသည်က “ပြီးခဲ့တဲ့နှစ်က ထန်းလျက်ဈေးကောင်းလိုက်တော့ အရမ်းပျော်ကြတယ်လေ။ အခုတော့ မကိုက်တော့ဘူး။ တောင်သူကလည်း မိုးခေါင်တော့ ဘာမှ မရဘူးလေ” လို့ ပြောပါတယ်။

အညာက ထန်းသမားတွေဟာ ထန်းတောတွေအောက်က ယာမြေတွေမှာ ပဲစင်းငုံ၊ ပဲတီစိမ်း အစရှိတဲ့ပဲတွေကို စိုက်ပျိုးလေ့ရှိပေမယ့် ရာသီဥတု ဖောက်ပြန်နေတာကြောင့် ထွက်လာတဲ့ပဲကို ရောင်းရငွေဟာ သူတို့တွေဘ၀ တ၀မ်းတခါး လှနိုင်တယ် ဆိုရုံပဲ ရှိတယ်လို့ ဆိုပါတယ်။

ထန်းပင် ပင်စည်တွေကို ပန်းအိုးလို အလှဆင်ပစ္စည်းအဖြစ် ဟိုတယ်တွေ၊ တိုက်တာတွေမှာ ခမ်းခမ်းနားနား သုံးဖို့ နိုင်ငံရပ်ခြားတွေကပါ မှာယူလာကြတဲ့ အခါမှာတော့ အညာဒေသက ထန်းတောတွေကို ခုတ်လှဲရောင်းချဖို့ တွန်းအားတွေ ပိုဖြစ်လာပါတယ်။

ထန်းပင်ကို ခုတ်လှဲပြီး မခြောက်ခင် ၂ ရက်နဲ့ ၃ရက်အတွင်းမှာ ပင်စည်အောက်ပိုင်း ၅ ပေကနေ ၇ ပေအထိကို သေချာဖြတ်တောက် သန့်စင်၊ ရွေပေါ်ထိုး အချောသပ်ပြီး အရောင်တင်လိုက်တဲ့အခါ လှပတဲ့ အသွင်အပြင် ရှိတာမို့ ဟိုတယ်ကြီးတွေ၊ အဆင့်မြင့်နေအိမ်တိုက်တာတွေမှာ ပန်းအိုးအဖြစ်၊ အလှဆင်တိုင်လုံးတွေအဖြစ် အသုံးပြုကြပါတယ်။ ဒီထန်းပန်းအိုးကြီးတွေကို တရုတ်နိုင်ငံက အများဆုံး မှာယူကြတယ်လို့ သိရပါတယ်။

ဒီလို နိုင်ငံရပ်ခြားကို တင်ပို့ဖို့၊ နွားတင်းကုပ်ဆောက်ဖို့၊ နွားစားခွက်လုပ်ဖို့ ဂိုဒေါင်လိုနေရာတွေမှာ ထုတ်တန်း၊ ရက်မ စတာတွေ လုပ်ဖို့အတွက် ထန်းပင်တွေ ခုတ်လှဲရောင်းမယ် ဆိုရင် ထန်းပင် တပင်ကို အနည်းဆုံး ကျပ်တသောင်းကနေ နှစ်သောင်းအထိ ရတတ်ကြတယ်လို့ ထန်းသမားတွေက ပြောပါတယ်။ ထင်းအတွက်နဲ့ ရောင်းမယ်ဆိုရင်တော့ အနည်းဆုံး ကျပ် ၄ ထောင်ကနေ ၇ ထောင်လောက်ပဲ ရတာကြောင့် နိုင်ငံခြား ပို့ဖို့အတွက် ပိုရောင်းလိုနေကြတယ်လို့ ဆိုပါတယ်။

ဒီလို ထန်းပင်တွေခုတ်တဲ့အပေါ် သက်ဆိုင်ရာ သစ်တောဦးစီးဌာနကလည်း ကန့်သတ်တာတွေမရှိတာကြောင့် ဒီလို အလွန်အကျွံခုတ်တာတွေ ဖြစ်လာပြီး ထန်းတောတွေ တုံးသွားမှာကို စိုးရိမ်တယ်လို့ ဦးလှမောင်က ဆိုပါတယ်။

“ထန်းပင်ဆိုတော့ သစ်တောက မဆိုင်ဘူးထင်တယ်။ ဘာမှ ကန့်သတ်တာ မရှိဘူးလေ။ အပင်တွေက နည်းသွားလိုက်တာ ဆိုတာ။ အသစ်ပြန်စိုက်လည်း ထန်းပင်က အနှစ် နှစ်ဆယ်၊ အစိတ်လောက်မှ ဖြစ်တာလေ” လို့ သူက ပြောပါတယ်။

ထန်းပင်ဟာ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ အများစု ပေါက်ရောက်ကြပြီး အပင်ရဲ့ ဖွဲ့စည်းမှုဟာ အပြင်ဖက်မှာ အပွသားနဲ့ အလယ်မှာ အူတိုင် ပါတာကြောင့် ရေသိုလှောင်နိုင်မှု မြင့်မားပြီး ရာသီဥတုဒဏ်ခံတဲ့ အပင်ဖြစ်တာကြောင့် အထက်အညာဒေသအတွက် စိမ်းလန်းစိုပြေဖို့ အားထားရတဲ့ အပင်တမျိုးပါ။ အထက်အညာဒေသဘက်တွေ အပြင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့ဖက်မှာလည်း ထန်းပင်၊ ထန်းတောတွေ ပေါက်ရောက်နေတာကိုလည်း တွေ့နိုင်ပါတယ်။

ထန်းစေ့ကနေ ထန်းပင် စိုက်တဲ့အခါ တနှစ်ကြာမှ အပင်ပေါက်ထွက်ပြီး အပင်တက်ရာမှာလည်း တနှစ်ကို ၆ လက်မကနေ ၁ ပေအထိပဲ အများဆုံးတက်တယ် လို့ ဆိုပါတယ်။ ဦးလှမောင်ကတော့ တနှစ်ကို ကြက်မတ၀ပ်စာ တက်တယ်လို့ ဆိုပါတယ်။ အရွယ်ရောက် ထန်းတပင်ရဲ့ အမြင့်ဟာ ပေ ၆၀ ကနေ ၈၀ အထိ ရှိတတ်ပြီး သက်တမ်းကတော့ နှစ် ၁၀၀ ကနေ ၁၅၀ အထိရှိပါတယ်။

ထန်းဖိုနဲ့ထန်းမ ၂ မျိုးရှိပါတယ်။ ထန်းပင်အဖိုက ထန်းနို့ချောင်းကို လှီးပြီး စိမ့်ထွက်လာတဲ့ ထန်းရည်ချိုတွေကို ခံယူကြသလို ထန်းမပင်ရဲ့ ထန်းသီးခိုင်ကနေ ထန်းရည် ခံယူကြပါတယ်။ ထန်းရည်ခါးကိုတော့ အခါးဖောက်ထားတဲ့ သူတို့အခေါ် အလျင်အိုးနဲ့ ခံယူကြပါတယ်။

ထန်းရည်ချို၊ ထန်းရည်ခါး၊ ထန်းလျက်၊ ထန်းသီးမုန့်၊ ထန်းပင်မြစ်စတဲ့ စားဖွယ်ရာတွေအပြင်၊ ထန်းလက်တွေနဲ့ ထိုင်ခုံ၊ ထန်းခေါက်ဖာစတဲ့ အသုံးအဆောင်တွေ၊ ကလေးတွေကစားစရာ ထန်းဖူးငါးရုပ်၊ ငှက်ရုပ်စတာတွေ၊ အမိုးအကာတွေပေးတဲ့ ထန်းပင်ကြီးတွေကို ထိန်းသိမ်းကြဖို့ ထန်းပင်တပင်ဖြစ်ဖို့ ဆယ်စုနှစ်တခုလောက် အချိန်ယူရတာမို့ ထန်းပင်တွေကို လူငယ်တွေ၊ ဒေသခံတွေ တန်ဖိုးထားတတ်ဖို့ လိုနေသလို လောင်စာ လိုအပ်မှုအတွက်ကိုလည်း နည်းလမ်းရှာ ဖြေရှင်းသင့်နေပြီလို့ ထန်းသမားကြီးတွေက ဆိုပါတယ်။

“ညောင်ဦးဖီးတို့ ထန်းပင် တပင်ကနေ တပင် ခုန်ကူးတယ်ဆိုတာ ထန်းတောထဲ ထန်းပင်တွေ ပင်ချင်းကပ် အရွက်ချင်းထပ်နေတာကိုးဗျ။ အခုက ထင်းပြဿနာဗျာ။ ထင်းမရှိတော့ ရှိရာခုတ်၊ ထန်းပင်တွေပါခုတ်၊ ရောင်း။ ဒါနဲ့ပဲ တဖြည်းဖြည်း တောတွေက ပြုန်းပြီး ရာသီဥတုတွေက ဖောက်ပြန်လာတယ်။ ရာသီဥတု ဖောက်ပြန်တော့ သီးပင်စားပင်တွေ မဖြစ်၊ အကုန် ထိခိုက်ကုန်တော့တာပေါ့” လို့ ဦးလှမောင်က ပြောပါတယ်။

ဦးတင်မြတယောက် ကတော့ “ကျနော်တို့ ငယ်ငယ်ကတော့ဗျာ၊ ဒီ မြိုင်ဖက် ၀င်လာပြီ ဆိုရင် ထန်းပင်ထန်းတော ဆိုတာ ညို့မှိုင်းနေတာဗျာ။ ထန်းခလက်တဲသစ်လေးတွေထဲ ၀င်ထိုင်လိုက်ရင် အနံ့လေးကို မွှေးနေတာဗျ။ ထန်းလျက်ဖိုတွေ ဆိုတာလည်း ထန်းလျက်နံ့တွေကို သင်းလို့။ ထန်းတောထဲ ထန်းခလက်တဲလေးထဲထိုင်၊ ထန်းလျက်လေးနဲ့ ရေနွေးကြမ်းလေးနဲ့မြည်း။ တကယ့် စည်းစိမ်ဗျ။ အခုတော့ ထန်းပင်တွေက ပါးလာ၊ နောင်ဆို ဒီလိုမှ နေရပါ့မလားပဲ” လို့ ညည်းတွားနေပါတော့တယ်။ ။





'

3 comments :

  1. WASP17 said... :

    ကြာလေ မတွေးဝံ့စရာ ကောင်းလေပါဘဲလား..ထန်းတောတစ်ခုရောက်လို့ ထန်းတက်နေတဲ့သူဆီကနေ အခါးရည်ဝယ်ဘူးတယ်.ထန်းတက်ဆရာက မရောင်းဘူး..သူတို့ ရောင်းနေကျဈေးထက် ၃ ဆပိုပေးပြီးတောင်းတောင်းပန်ပန်နဲ့ဝယ်သောက်ဘူးပါတယ်.တော်တော်ကောင်းတယ်..စစ်တာကိုး..သူတို့က မရောင်းတဲ့အကြောင်းက...ရောင်းဘို့ အတုက အဆင်သင့်..အတုထဲကို အစစ်ရည်ဖောက်ထည့်ဘို့ မလောက်မှာစိုးလို့ မရောင်းတာတဲ့ဗျာ..

  1. Anonymous said... :

    (ထန်းပင်၊ ထန်းတော လွမ်းမောစရာပဲ ရန်ကုန်သူရယ် .. ရန်ကုန်သူရယ် ..)
    ကျုပ်တို့မြန်မာပြည်ကြီး အရင်လို သဘာဝ ရေမြေတောတောင်တွေ၊ သစ်ပင်ပန်းမန်တွေ၊ တောတွင်းတိရစ္ဆာန်တွေနဲ့ အတူ ခေတ်မီဖွံဖြိုးတဲ့နိုင်ငံဖြစ်အောင်တည်ဆောက်ဖို့ အရည်အချင်းရှိ၊ စိတ်ကောင်းရှိတဲ့ စီမံခန့်ခွဲသူတွေလိုအပ်ပါတယ်။

  1. Anonymous said... :

    နောက်ဆို ထန်းလျက်တောင် စားရပါအုံးမလားမသိဘူး။ အစာမကြေရင် / စားတာများသွားလို့ ဗိုက်တအား တင်းနေရင် ထန်းလျက်ခဲလေး တစ်ခဲ လောက်စားလိုက်ရုံ နဲ့ ရင်ကို ချောင်ပြီး ကောင်းသွားရော။ အမြဲတမ်း ထန်းလျက် ကို ဆောင်ထားရတယ်။ ဒီလို ဆောင်းပါးမျိုး လေး ဖတ်ရတာ အင်မတန် ဧရာဝတီကို ကျေးဇူးတင် ပါတယ်။ နောက်ဆို မြန်မာပြည်လည်း အခွံဘဲ ရှိရင်းနဲ့ ရှိတဲ့ လူငယ်တွေ အကုန် တိုင်းပြည် အပြင်ကို ထွက်ရင်းနဲ့ လူမျိုးပါပျောက်ရင်းနဲ့ တိုင်းပြည်လည်း ပျောက်တာနဲ့ အတော်ဘဲ ဖြစ်မှာဘဲ :(((

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved