သန်မာကြံ့ခိုင်တဲ့ လူ့ဘောင်ဆီသို့ လှမ်းရာဝယ် (အပိုင်း - ၂)
Monday, September 19, 2011
အေးနှင်းညို
အပိုင်း (၁) ဖတ်ရန်
အခုလက်ရှိ ကိုယ်ရောက်နေတဲ့ အရပ်ဒေသက လူမှုရေး အလုပ်လုပ်ချင်တာရယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ လူမှုရေးလုပ်ငန်းတွေမှာ သူတို့ ဘာလို လုပ်ဆောင်ကြသလဲဆိုတာ သိချင်လို့ အဲဒီအသင်းရဲ့ နွေရာသီ လုပ်အားပေးအစီအစဉ်မှာ ပါဝင်လုပ်ဆောင်ဖြစ်တာပါ။
အဲဒီအသင်းရဲ့ အင်တာနက်စာမျက်နှာမှာ လုပ်အားပေးလုပ်ချင်တဲ့အကြောင်း စာရေးပြီး ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်ကို ဖြည့်ပေးလိုက်ပါတယ်။ ၂ ပတ်လောက်အကြာမှာ သူတို့အသင်းကနေ ကိုယ့်ဆီကို စာပြန်လာပါတယ်။ စာထဲမှာ သူတို့ဆီမှာ လုပ်အားပေးလုပ်ချင်တဲ့အတွက် ကျေးဇူးတင်တယ်၊ လုပ်အားပေးလုပ်နိုင်ဖို့အတွက် ၃ ရက် သင်တန်းတက်ရမှာဖြစ်တယ်၊ ပထမဆုံး သင်တန်းရက်မှာ အင်တာဗျူးလုပ်မယ်၊ အဲဒီ အင်တာဗျူးမှာ အောင်ရင် လုပ်အားပေးခွင့်ရမယ် ဆိုတဲ့အကြောင်းတွေ ရေးထားပါတယ်။
ဒါနဲ့ ပထမဦးဆုံး သင်တန်းတက်ရမယ့်ရက်မှာ သွားတက်ပါတယ်။ နေ့လည်ပိုင်းမှာ အဲဒီလူမှုရေးအသင်းက ဒါရိုက်တာအဖွဲ့ဝင်တွေက အင်တာဗျူးပါတယ်။ အင်တာဗျူးမှာ သူတို့အသင်းအကြောင်းကို ဘာတွေသိလဲ၊ ဘာတွေကြောင့် လုပ်အားပေးလုပ်ချင်တာလဲ၊ ကိုယ်လုပ်အားပေးရမယ့် သူကိုရော ဘာတွေလုပ်ပေးနိုင်မယ်လို့ ထင်လဲ၊ ကိုယ့်ရဲ့ ဝါသနာက ဘာလဲ၊ ဒီလုပ်အားပေးလုပ်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးရဖို့ မျှော်လင့်သလဲဆိုတဲ့ မေးခွန်းမျိုးတွေကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် မေးပြီး လုပ်အားပေး လုပ်ခွင့်ရမယ်ဆိုရင် သူတို့က ဆက်သွယ်မယ်ဆိုတဲ့ အကြောင်းပြောပြီး အင်တာဗျူးကို လက်စသတ်လိုက်ပါတယ်။
လုပ်အားပေးလုပ်မယ့်သူတွေဟာ ရာဇဝတ်မှုကျူးလွန်ခြင်းမျိုး မရှိရပါဘူး။ အဲဒါကို သိရှိဖို့အတွက် နိုင်ငံကူးလက်မှတ်နဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းကို ပုံစံစာရွက်မှာ ဖြည့်ပေးရပါတယ်။ အဲဒီပုံစံစာရွက်တွေကို ပြည်ထဲရေးဌာနဆီ ပို့ပြီး ရာဇဝတ်မှူကျူးလွန်ခြင်း ရှိမရှိကို စစ်ဆေးခံကြရပါတယ်။ ရာဇဝတ်မှု မကျူးလွန်ဖူးကြောင်း ထောက်ခံစာရရှိမှသာ လုပ်အားပေးလုပ်ခွင့်ရပါတယ်။
အဲဒီသင်တန်း ၃ ရက်မှာ ၁၅ ယောက် တအုပ်စုခွဲပြီး အားကစားနည်းတွေ၊ ကိုယ်ကိုယ်တိုင်က မသန်းစွမ်းတဲ့လူအဖြစ် ဟန်ဆောင်ခိုင်းပြီး ကျန်တဲ့လူတွေက ကိုယ့်ကို ကူညီမှုပေးတာမျိုးတွေကို လက်တွေ့လုပ်ဆောင်စေပါတယ်။ နောက် စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးမျိုး အခြေအနေတွေကို ရေးထားတဲ့ စာရွက်စာတမ်းတွေကို ဝေငှပေးပြီး အဲဒီအပေါ်မှာ အပြန်အလှန် ဆွေးနွေးကြပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ ကိုယ့်ပတ်ဝန်းက အခြေအနေ၊ ကိုယ်တွေ့ဖူး ကြုံဖူးတဲ့ အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေး ကြရပါတယ်။
တခါ လိင်ပိုင်းဆိုင်ရာ ပညာပေးရေးအကြောင်းလည်း ထည့်သွင်းဆွေးနွေးကြရပါတယ်။ ဒီ မသန်းစွမ်းသူတွေထဲမှာ အရွယ်ရောက်ပြီးသား ယောက်ျား၊ မိန်းမတွေပါတဲ့အတွက် သူနဲ့ကိုယ့်ကြား စည်းထားမှုတွေရှိဖို့။ နောက် သူတို့က စည်းကျော်လာရင် ဘယ်လိုမျိုး ရှောင်လွဲရမယ်ဆိုတာမျိုးတွေ ပါဝင်ပါတယ်။ နောက် လုပ်အားပေးလုပ်မယ့်သူတွေကို လုပ်အားပေးလုပ်နေစဉ်အတွင်းမှာ လည်ပင်းဟိုက်တဲ့ အင်္ကျီ ဘောင်းဘီ အကျပ်၊ စကပ်အတိုတွေ မဝတ်ဆင်ဖို့လည်း အထူးသတိပေးပါတယ်။
တဦးနဲ့တဦး နှုတ်ဆက်တဲ့ ပုံစံတွေကအစ သင်ကြားပေးပါတယ်။ အနောက်နိုင်ငံရဲ့ ထုံးစံအရ တယောက်နဲ့တယောက်တွေ့ရင် လက်ဆွဲ နှုတ်ဆက်တတ်ကြသလို တဦးနဲ့တဦး ဖက်ပြီးနှုတ်ဆက်တတ်ကြပါတယ်။ အဲဒီ ၂ မျိုးထဲက လက်ဆွဲနှုတ်ဆက်တာမျိုးကိုပဲ ခွင့်ပြုပါတယ်။ တကယ်လို့ မသန်းစွမ်းတဲ့ သူတွေက ဖက်ပြီးနှုတ်ဆက်ဖို့ ကြိုးစားလာရင် ဘယ်လိုပုံစံမျိုးနဲ့ ရှောင်ရမယ်ဆိုတာက အစ ၂ ဦး ၂ ဖက် အဆင်ပြေအောင် လက်တွေ့ပြပြီး သင်ကြားပေးပါတယ်။
တခါ လုပ်အားပေးလုပ်ပေးတာကို လက်ခံမယ့်သူတွေထဲက တဝက်လောက်က စကားမပြောတတ်သူတွေ ဆိုတော့ လက်ဟန်ခြေဟန်နဲ့ စကားပြောပုံမျိုးတွေကိုလည်း သင်ကြားပေးသလို ပုံစံဖော်ရုပ်ပုံတွေပါတဲ့ စာရွက်စာတမ်းတွေကိုလည်း ဝေငှပေးပါတယ်။ ဒီတော့ လုပ်အားပေးလုပ်မယ့်သူတွေက လုပ်အားပေးမလုပ်ခင်မှာ ဗဟုသုတအဖြစ် လေ့လာချင် လေ့လာနိုင်ကြပါတယ်။
သင်တန်းနောက်ဆုံးရက်ရဲ့ မနက်ပိုင်းမှာ ကိုယ်လုပ်ပေးရမယ့်သူရဲ့ ကိုယ်ရေးအကျဉ်းကို ပေးသလို ကိုယ်နဲ့အတူ လက်တွဲလုပ်ရမယ့် ကိုယ့်လုပ်ဖော်ကိုင်ဖက် နာမည်ကိုလည်း ပြောပြပါတယ်။ သင်တန်း ၃ ရက်တာအတွင်းမှာ ခင်ပြီးသားသူတွေလည်းဖြစ်၊ အခုလည်း အတူတွဲပြီး လုပ်အားပေးလုပ်မယ့်သူဆိုတာ အတိအကျသိတော့ သင်တန်းနောက်ဆုံးရက်မှာ ကိုယ့်ရဲဘော် ရဲဘက်က ဘယ်သူဖြစ်တယ်ဆိုတာမျိုး ခံစားရပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာတော့ ကိုယ်အားပေးလုပ်ပေးရမယ့်သူက သူ့မိဘ၊ အုပ်ထိန်းသူနဲ့အတူ ကိုယ်တွေရှိတဲ့ သင်တန်းခန်းမကို လာပြီး ကိုယ်တွေ အားလုံးကို လာပြီး မိတ်ဆက်ကြပါတယ်။
သင်တန်းပြီး နောက် ၂ ပတ်ရဲ့ တနင်္လာနေ့ မနက် ၁၀ နာရီ မှာတော့ လုပ်အားပေးလုပ်ပေးမယ့် လုပ်အားပေးတွေနဲ့ လုပ်အားပေးလက်ခံမယ့် အဖွဲ့ဝင်တွေ စတွေ့ပြီး နွေရာသီ လုပ်အားပေး ၂ ပတ်တာ အစီအစဉ်ကို စတင်လုပ်ကြပါတော့တယ်။ (ဒီမသန်စွမ်း လူငယ်လူရွယ်တွေ အားလုံးကို အဲဒီ လူမှုရေးအသင်းကနေ သူတို့အသင်းရဲ့ အဖွဲ့ဝင် (member) တွေလို့ ခေါ်စေပါတယ်။) ဒီလုပ်အားပေး ၂ ပတ်တာအတွင်းမှာ အဖွဲ့ဝင်တွေဆီကနေလည်း သင်စရာတွေ ၊ သူတို့နားလည်ပေးစရာတွေ အများကြီးရလိုက်ပါတယ်။
ဥပမာ - ကော်ဖီ၊ လက်ဖက်ရည် ဖျော်တဲ့နေရာမျိုးမှာဖြစ်ဖြစ် ထမင်းကျွေးတဲ့နေရာမှာ သွားတန်းစီတာမျိုးဖြစ်ဖြစ် သူတို့က ကိုယ်တိုင်လုပ်ဆောင်ချင်ကြပါတယ်။ လက်ဖက်ရည် ကော်ဖီဖျော်တဲ့နေရာမှာ အပူလောင်နိုင်လို့ သူ့တို့ကို မလုပ်ခိုင်းရင် မလုပ်တတ်မှာ စိုးရသလို သူ့တို့ဟာသူတို့ တာဝန်မယူနိုင်တဲ့သူတွေဖြစ်မှာ စိုးတဲ့အတွက် သူတို့ လုပ်တာတွေရဲ့ဘေးမှာ ကြည့်ပေးတာမျိုး ၊ လိုအပ်မှ ဝင်လုပ်ပေးတာမျိုးက ပိုကောင်းပါတယ်။ နောက်သူတို့က ကိုယ်တွေအတွက် ဖျော်ပေးတာမျိုးလည်း လုပ်ကြပါတယ်။ တကယ်လို့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ပြီးမြောက်သွားပီဆိုရင် လက်ခုပ်တီးတာမျိုး၊ လက်မထောင်ပြတာမျိုးနဲ့ သူ့တို့ရဲ့ပြုံးရွှင်တဲ့ မျက်နှာပေးကို တွေ့ရတာကလည်း ကိုယ်လို လုပ်အားပေးလုပ်နေသူတွေအတွက် ဝမ်းသာစရာမြင်ကွင်းပါပဲ။
မသန်စွမ်းတဲ့လူတိုင်းလိုလိုမှာ ကိစ္စတော်တော်များများကို ကိုယ်တိုင် လုပ်ချင်စိတ်တွေ အလွန်ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ လူသားတွေဖြစ်နေတဲ့အတွက်ပါ။ ဒါကြောင့်လည်း သူတို့လုပ်နိုင်မယ်ထင်တဲ့ ကိစ္စမျိုးတွေမှာ သူတို့ကိုယ်တိုင် လုပ်ဆောင် ချင်ကြတာပါ။ အဲဒါကို လုပ်ခွင့်မသာရင်ဖြစ်ဖြစ်၊ လုပ်ခွင့်ရပေမယ့်သူတို့ မလုပ်နိုင်ခဲ့ရင် တခါတလေမှာ တယူသန်၊ တဇွတ်ထိုး ဆန်တတ်ကြပါတယ်။ အဲဒါကိုလည်း အပြစ်ပြောလို့တော့ မရပါဘူး။ သူများလုပ်နိုင်တဲ့အလုပ်ကို ဘာကြောင့် လုပ်ခွင့်မရတာလဲ၊ ဖြစ်အောင်မလုပ်နိုင်တာလဲ တွေးမိတဲ့အခါမှာ သူတို့မှာ ထိန်းချုပ်မှုအားတွေ မရှိတော့ဘဲ အော်တာ ဟစ်တာ ထွက်ပြေးတာတွေ လုပ်လာကြပါတယ်။
နောက်ထပ် အတွေ့အကြုံတခုကတော့ သူတို့နဲ့ တပတ်ကို တရက် လန်ဒန်မြို့ထဲက အပန်းဖြေတဲ့နေရာတွေ၊ ပြတိုက်တွေကို သွားကြရပါတယ်။ အဲဒီအခါ အများပြည်သူသုံး မြေအောက်ရထားတွေ၊ ဘတ်စကားတွေ စီးကြရပါတယ်။ ဘူတာတွေ၊ ဘတ်စ်ကားပေါ်တွေရောက်တာနဲ့ ခရီးသွားလက်မှတ်စစ်တဲ့ စက်တွေကို လက်မှတ်ပြရမှာလည်း အားလုံးရဲ့လက်မှတ်တွေကို သူတို့ကပဲ တာဝန်ယူပြီး ဆောင်ရွက်ပေးချင်ကြပါတယ်။ ဒါက ဘာကို ပြချင်သလဲဆိုတော့ သူတို့ကလည်း တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီး လုပ်ပေးပါတယ်၊ သူတို့မှာလည်း အဲဒီလို အစွမ်းအစရှိပါတယ်လို့ ဖော်ပြနေသလိုမျိုး မြင်မိပါတယ်။
မြန်မာပြည်က ဘတ်စကားတွေပေါ်မှာ ရဟန်းသံဃာများအတွက်သာဆိုတဲ့ စာတွေ ရေးထားတဲ့ ခုံတွေ ရှိသလိုမျိုး လန်ဒန်က ရထားတွေ၊ ဘတ်စ်ကားတွေပေါ်မှာလည်း မသန်းစွမ်းသူများ၊ ကိုယ်ဝန်ဆောင်ထားသူများ၊ မတ်တပ်ရပ်ဖို့ အခက်အခဲရှိသူတွေ အတွက်ဆိုပြီး ဆင်းရ၊ တက်ရလွယ်ကူတဲ့နေရာတွေက ခုံတွေကို စာရေးပြီးကို သီးသန့်ထားကြပါတယ်။
တကယ်တမ်း အဲဒီခုံတွေမှာ သူတို့တတွေက သိပ်မထိုင် ချင်ကြပါဘူး။ အဲဒီခုံတွေရဲ့နောက်မှာ ထိုင်ခုံအလွတ်ရှိရင် အဲဒီနေရာအလွတ်မှာ ထိုင်တတ်ကြပါတယ်။ သူတို့ တက်လာတာမြင်လို့ အဲဒီထိုင်ခုံမှာ ထိုင်နေတဲ့ ရိုးရိုးသာမန်လူတွေက သူတို့ကို နေရာပေးမယ်ဆိုရင်တော့ ကျေးဇူးတင်တဲ့မျက်နှာနဲ့ အဲဒီခုံမှာ ဝင်ထိုင်တတ်ကြပါတယ်။ လူပေါင်းစုံနေတဲ့ လန်ဒန်မြို့မှာ တချို့က မသန်စွမ်းတွေအတွက်ထားတဲ့ ခုံတွေမှာ ထိုင်နေပြီး ခုံနေရာဖယ်မပေးချင်တဲ့အတွက် သူတို့တက်လာတာကို မမြင်သလို လုပ်နေတဲ့အခါမှာ သူတို့တတွေဟာ နေရာအလွတ်ရှိရာ နောက်ဆုံးခုံအထိ သွားထိုင်တာမျိုး လည်း ရှိပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ သူတို့ တတွေက တမင်အခွင့်အရေးယူတတ်တဲ့သူတွေ မဟုတ်သလို သူများကို သူတို့အတွက်နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်မှာကို အင်မတန် စိုးရိမ်ရှာသူတွေလို့ မြင်မိပါတယ်။
အဲဒီ လူမှုကူညီရေးအသင်းရဲ့မှာ အမြဲလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကလေးတွေ ဖြစ်တဲ့ လုပ်ဖို့ မဖြစ်နိုင်လို့ပါ … မလုပ်နိုင်တာမဟုတ်ပါဘူး (Enable Not Disable)၊ နောက်တခုကတော့ သဘောထားကြီးတဲ့ လူအဖွဲ့အစည်းလား၊ ဟုတ်တယ်ဆိုရင် ကျနော်တို့ကို ဝင်ခွင့်ပြုပါ (Big Society? Let Us In) ဆိုတဲ့ စကားလေးတွေအတိုင်း မြန်မာနိုင်ငံမှာလည်း မသန်စွမ်းတဲ့သူတွေကို နားလည်မှုအပြည့်ပေးတဲ့ လူအဖွဲ့အစည်းနဲ့ သူတို့ကို စာနာမှုပေးမယ့် လူမှု့အဖွဲ့အစည်းတွေ မိုးဦးကျမှိုတွေလို အပြိုင်အဆိုင် ထွက်ပေါ်လာဖို့ မျှော်လင့်ရင်း …။
1 comments :
  1. Anonymous said... :
    ကျွန်တော်တောသားတစ်ယောက်ဖြစ်ပါတယ် ရေလုပ်ငန်းနှင့်ပတ်သက်ပြီးတော့လည်းအတွေ့အကြုံဗဟုသုတရှိပါသည်၊၊ပြောစရာအကြောင်းတွေ့လာသဖြင့်
    ပြည်သူလူထုအကျိုးငှားရေးသားလိုက်ခြင်းဖြစ်ပါတယ်။အကြောင်းကတော့ ၄-၉-၂၀၁၁ရက်နေ့အင်တာနက်စာမျက်နှာပေါ်တွင်တွေ့လိုက်ရတဲ့ “မြန်မာအစိုးရ ရခိုင်ပြည်နယ်ပေါ်ခွဲခြားဖိနှိပ်နေကြောင်းပြည်သူ့လွှတ်တော်တွင်ဆွေးနွေးခဲ့သည့်အကြောင်းအရာတစ်ခုကသက်သေပြ ဟူသည့်ခေါင်းစဉ်ဖြင့်ပြောသူ၏ဓါတ်ပုံနှင့်တကွ မဟုတ်မအပ် ရေးသားဖော်ပြထားသောကြောင့်ဖြစ်ပါသည်၊ ၄င်းအပြင် ယခင်ကလည်းဂျာနယ်များတွင် အဆိုပါပုဂိုလ်နှင့်ဗျူချက်များကို အတော်များများမြှောက်ပင့်ဖော်ပြကြသည်ကိုလည်းတွေ့ရဖတ်ရပါသည်။
    ယခုဖော်ပြထားသည့်ခေါင်းစဉ်ကိုပင်ကြည့်ပါဘယ်လောက်များတိုင်းရင်းသားစည်းလုံးညီညွှတ်မှုကိုအနရာယ်ပြုသည့် အသုံးအနှုံးမျိုးဖြစ်ပါသည်၊ ရေးသားသူပြောသူ ၏စိတ်ရင်းအမှန်ကိုဖော်ပြနေသကဲ့သို့ဖြစ်ပါသည်။
    ယနေ့လွှတ်တော်များမှဆွေးနွေးချက်များ အဆိုပြုချက်များ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း အငြိမ်းစားတစ်ဦးပီပီ မပြတ်လေ့လာလရှိပါသည်။ အချိုထင်သာမြင်သာသည့်ပြောင်းလဲမှုများရှိသကဲ့သို့လုပ်ဆောင်ဆဲရှိသည်များကိုလည်းတွေ့ရပါ၏ မည်သို့ဆိုစေကာမူ ယခုကဲ့သို့အချိန်တိုကာလအတွင်း တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာအေါာင် တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်အစိုးရအပေါ် မချီးကျူးဘဲမနေနိုင်ပါ သို့သော်လည်း မျက်မှန်း စိမ်းတပ်ကာ ပြည်သူ့များအဖို့မှာမူ အဖြူရောင်ကိုမြင်တွေ့နိုင်မည်မဟုတ်ပါ၊့  ကဲ့သို့ဆင်ခြင်းမဲ့စွာပြောဆိုခြင်းသည် မိမိပြည်နယ်သူ ပြည်နယ်သားများ၏ အကျိုးထက်လူထုအားဆန့်ကျင်ဘက်အဖြစ်မျိုးမြင်စေရန်ဆောင်ရွက်သည့်မှားယွင်းသောဦးဆောင်မှု (misleading)သဘွယ်ဖြစ်နေသည်ကိုတွေ့ရှိရပါသည်။
    ပင်ချိန်ရွယ်ခဲ့သူ အဆင့်မြင်ပညာတတ်ကျွမ်းသူ၏ သင်္ကေတဘွဲ့ကိုနာမ်မရှေ့တွင်တပ်ဆင်ထားသူမှ
    ငါးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့်တွေကို ပြည်နယ်အစိုးရကိုလွှဲပေးလိုက်ပြီးလို့ပြောပေမယ့် ဥပဒေပြုရေးက ပြည်နယ်အစိုးရလက်မှာမရှိဘူး ဟုပြော်ဆိုချက်မှာ ကျွန်တော်တို့နိုင်ငံအတွက် အသက်သွေးကြောတစ်မျှအရေးကြီးသည့်ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေ့လာရာ မနှံစပ်ရာဖြစ်နေသဖြင့် ပါဝင်တီဝင်တစ်ဦးအနေဖြင့်ကျွန်တော်ရှက်မီပါတော့သည်၊အခြေခံဥပဒေပုဒ်မ(၁၈၈)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါကိစရပ်များနှင့်စပ်လျဉ်း တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် တစ်စိတ်တစ်ဒေသ အတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည် ဟု အတိအလင်းဖော်ပြထားပြီး ဥပဒေပြုနိုင်သည့်ကိစရပ်များမှာ ပုဒ်မ ၂၅၄(စ)ပါ ရေချိုငါးလုပ်ငန်း ဟုပါရှိသဖြင့် တင်ဒါငါးဖမ်းကွက် ဘုံငါးဖမ်းကွက်များတွင် လိုက်စင်ဖြင့် လုပ်ကိုင်နေသည့် ငါးလုပ်ငန်းများစီမံခန့်ခွဲခွင့်ဥပဒေပြုခွင့်တို့မှာ သက်ဆိုင်ရာပြည်နယ်/တိုင်းလွှတ်တော်များတွင် သင့်တော်သလို့ ဥပဒေပြုခွင့်ရှိပြီးဖြစ်ပါသည်။
ှု ကဲ့သို့ အရေးကြီးသည့်အခြေခံဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုပင်မသိသည့်ပါတီဥကဌဆိုသူမှာ လှမ်းဘုံလေသံနှင့်ပြောရလျှင် အံ့ရော အံ့ရော ပါဘဲဗျာ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved