ခေတ်ပေါ်ဂီတ ရေစီးကြောင်း

Sunday, September 4, 2011




-






ဓာတ်ပုံ - enotes.com

နိုဝင်ဘာ ၁၄၊ ၂ဝဝ၂ ရက်စွဲဖြင့် ဧရာဝတီ အင်တာနက်စာမျက်နှာတွင် ရန်နိုင်ဝင်း ရေးသားခဲ့သော ဆောင်းပါး ဖြစ်သည်။

မြန်မာနိုင်ငံမှာ ခေတ်ပေါ်ဂီတရယ်လို့ သတ်သတ်မှတ်မှတ် စည်ပင်ထွန်းကားလာခဲ့တာ အခုဆိုရင် ဆယ်စုနှစ် ၃ ခု လောက်တော့ ရှိနေပါပြီ။ ၁၉၇ဝ ပြည့်လွန် ကာလတွေတုန်းကတော့ စတီရီယိုသီချင်းလို့ပဲ အများက ခေါ်ခဲ့ကြပါတယ်။ အမှန်က ‘စတီရီယို’ ဆိုတာဟာ ၁၉၄ဝ ခုနှစ်လောက်က စတင်ပေါ်ပေါက်လာတဲ့ အသံဖမ်းစနစ် တစ်ခုသာ ဖြစ်ပါတယ်။ နည်းပညာအသိအမြင် ခေတ်နောက်ကျ ကျန်ရစ်နေတဲ့ နိုင်ငံ ဖြစ်လေတော့ အသံဖမ်းစနစ်ကိုပဲ ဂီတ အမျိုးအစားတစ်ခု၊ ဂီတဟန်တစ်ခု ဖြစ်သယောင် လွဲမှားခေါ်ဆိုခဲ့ကြတာပါ။ ဒါကို နားလည်လာကြတဲ့အခါမှာတော့ စတီရီယိုသီချင်းလို့ခေါ်ရင် သိပ်ကို ခေတ်နောက်ကျသွားပြီဆိုတာ သိလာကြပါပြီ။

ကျနော်တို့နိုင်ငံမှာ ခေတ်ပေါ်ဂီတကို စတင်မြည်းစမ်းခဲ့ဖူးသူတွေဟာ အခုအချိန်မှာ လူကြီးသူမတွေ ဖြစ်နေကြပါပြီ။ ခေတ်ပေါ်ဂီတကို မိတ်ဆက်ပေးခဲ့၊ လမ်းထွင်ခဲ့ကြသူတွေလည်း ဒီနေ့ဒီအချိန်မှာ နောက်မျိုးဆက်လူငယ်တွေကို နေရာပေးနေကြရတဲ့အချိန် ရောက်နေပါပြီ။ ဘယ်ခေတ်မှာမဆို လူငယ်ဆိုတာကတော့ စူးစမ်းလေ့လာချင်တဲ့သူတွေ၊ တီထွင်ဆန်းသစ်ချင်တဲ့သူတွေပါ။ လမ်းဖွင့်ပေးရမှာပဲ၊ နေရာပေးရမှာပါပဲ။ လူငယ်တွေ အဲဒီလိုတီထွင် ဆန်းသစ်ရင်းနဲ့ပဲ ခေတ်ပေါ်ဂီတလို့ဆိုတဲ့ Modern Music ရေစီးကြောင်းဟာ ခေတ်အဆက်ဆက်စီးဆင်းခဲ့တာပါ။

ခေတ်ပေါ်ဂီတဟာ နိုင်ငံတကာမှာ ဘာ့ကြောင့်များ အခုလောက်ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားနေသလဲဆိုတဲ့ အကြောင်းရင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဂီတရဲ့စည်းချက်၊ နရီ (Beat, Rhythm, Tempo) ဆိုတာတွေကို လူ့နှလုံးခုန်သံနဲ့ ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် ဘာတွေတွေ့ရမလဲ။ စည်းချက် မှန်မှန်သွားနေတာကြောင့်မို့ ရှင်သန်နေတဲ့သဘောကို တွေ့နိုင်ပါတယ်။ တစ်ခါ နရီ အနှေးအမြန်၊ အနိမ့်အမြင့်၊ အရှိန်အဟုန် ပြောင်းလဲတာနဲ့အမျှ လူ့နှလုံးသားရဲ့ ဟဒယ လှုပ်ရှားဖြစ်တည်တဲ့ သဘောကိုလည်း တွေ့နိုင်ပါတယ်။ ဂီတဟာ ဖန်တီးရှင်လူသားတွေရဲ့ အချိန်မျဉ်းကြောင်းပေါ်က ရှင်သန်ပြောင်းလဲမှုနဲ့အတူ လိုက်လျောညီထွေ စီးဆင်းလာတယ်လို့ ပြောနိုင်ပါတယ်။ ကျောက်ခေတ်၊ ကြေးခေတ်တွေမှာ ရှိခဲ့တဲ့ဂီတဟာလည်း သူ့ခေတ်နဲ့သူထွန်းကားခဲ့၊ လှည်းခေတ် လှေခေတ်မှာ ရှိခဲ့တဲ့ ဂီတဟာလည်း သူ့ခေတ်နဲ့သူ ထွန်းကားခဲ့တဲ့သဘောပါပဲ။ ကျနော်တို့ခေတ်မှာရော ဘယ်လိုဂီတမျိုးတွေ ထွန်းကားခဲ့ပါသလဲ။ ကျနော်တို့ခေတ်လို့ပဲ ပြောရဦးမှာဖြစ်တဲ့ နှစ်ဆယ်ရာစုမှာ ဒီနေ့ခေတ်ပေါ်ဂီတထွန်းကားခဲ့တာပါ။ လျှပ်စစ် (Electronic) ဟာ နှစ်ဆယ်ရာစုကမ္ဘာကြီးကို ထူးထူးခြားခြားပြောင်းလဲစေခဲ့သလိုပဲ ဂီတရေစီးကိုလည်း တဟုန်ထိုး တိုးတက်ပြောင်းလဲစေခဲ့ပါတယ်။

၁၉ဝ၆ ခုနှစ်မှာ ပထမဆုံး လျှပ်စစ်တူရိယာတစ်မျိုး ပေါ်ပေါက်ခဲ့ပါတယ်။ ပထမဆုံးလျှပ်စစ်ဂစ်တာကိုတော့ ၁၉၃၁ ခုနှစ်ကျမှ တီထွင်နိုင်တာဖြစ်ပြီး ‘ဆင်သီဆိုက်ဇာ’ဆိုတဲ့ သံစုံတူရိယာကို ၁၉၅၂ ခုနှစ်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့အသုံးပြုနေကြတဲ့ အပေါ့စားဆင်သီဆိုက်ဇာကတော့ ၁၉၇ဝ ခုနှစ်ကမှ ပေါ်လာတာပါ။ အဲဒီလို လျှပ်စစ်ကို အသုံးပြုတီးမှုတ်နိုင်တဲ့ ဂီတတူရိယာတွေကို တီထွင်လာနိုင်ရာကနေ (ဂန္ထဝင်ဂီတစာရင်းထဲမှာမပါဝင်သေးတဲ့) ဂီတ တူရိယာ၊ ဂီတဟန်၊ ဂီတအမျိုးအစားတွေအတွက် အနာဂတ်လမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ Ragtime, Blues, Jazz ဆိုတဲ့ ဂီတတွေကနေ Rock n' Roll ဂီတရေစီးသစ်တစ်ခု စတင် ဖြစ်ထွန်းလာတာနဲ့အတူ ခေတ်ပေါ်ဂီတလို့ဆိုတဲ့ Modern Music ထွန်းကားလာတာပါပဲ။ ဒီနေ့ ဆိုရင် ကွန်ပျူတာ နည်းပညာထွန်းကားလာတာကြောင့် Techno Music ဆိုပြီး ဂီတအမျိုးအစားအသစ်တွေတောင် ပေါ်နေပါပြီ။

နှစ်ဆယ်ရာစုဟာ တီထွင်ဖန်တီးမှုအသစ်တွေ အမြောက်အမြားပေါ်ထွက်လာတဲ့ ရာစုနှစ်တစ်ခုဖြစ်ရုံတင် မကသေးပါဘူး။ အားလုံးသိပြီးတဲ့အတိုင်း နှစ်ဆယ်ရာစုမှာ ကမ္ဘာစစ်ကြီးတွေဖြစ်ခဲ့တယ်၊ နိုင်ငံသစ်တွေ အများကြီးပေါ်ထွန်းခဲ့တယ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးသန်းသွားလာမှုတွေ အရင်ရာစုနှစ်တွေထက် ပိုပြီးများလာတယ်၊ ရေကြောမြေကြော ကျုံ့လာတယ်၊ ယဉ်ကျေးမှုအမျိုးမျိုး ကူးလူး ဆက်ဆံခွင့် ပိုပြီး ရလာကြတယ်။ အချုပ်ပြောရရင် လူတွေဟာ ကိုယ့်ရဲ့အစဉ်အလာ သမားရိုးကျ ပုံစံအဟောင်းတွေနဲ့တင် ရှင်သန်ကျေနပ်မနေကြတော့ဘဲ မိမိတို့နေထိုင်ရာ ကမ္ဘာကြီးနဲ့ပတ်သက်လို့ အရင်ထက်ပိုပြီးသိမြင်လာကြတယ်၊ ပိုပြီး စူးစမ်းလာခဲ့ကြပါတယ်။ ဂီတနဲ့ပတ်သက်လို့ရှာဖွေ စူးစမ်းသူများအတွက်ကတော့ နိုင်ငံတကာကမ္ဘာကြီးကို ပိုမိုဖြန့်ကြက်ရှုမြင်နိုင်ဖို့ ခေတ်ပေါ်ဂီတရေစီးကြောင်းက တွန်းပို့လိုက်သလို ဖြစ်ခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွင်းမှာ ဂီတဟန်သစ်တွေ၊ တီထွင်ဆန်းသစ်တာတွေ ထုနဲ့ထည်နဲ့ပေါ် ထွက်လာပါတယ်။

ခေတ်ပေါ်ဂီတရဲ့သဘောက လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ ခံစားမှုကို မဖုန်းကွယ် မလျှို့ဝှက်သလိုဘဲ တချိန်တည်းမှာ ပြင်းပြင်းရှရှဖော်ကျူးနိုင်ဖို့အားထုတ်တယ်၊ ပေးချင်တဲ့ရသကို တိုက်ရိုက်ပေးဖို့ကြိုးစားတယ်။ ဒီသဘောကို ခေတ်ပေါ် ဂီတဟန်အမျိုးမျိုးမှာ တွေ့နိုင်ပါတယ်။ Country, Popular, Rock, Funk, Rap, Hip Hop စတဲ့ ဂီတတွေဟာ နှစ်ဆယ်ရာစုအတွင်း အစီအရီပေါ်လာခဲ့တဲ့ ခေတ်ပေါ်ဂီတရေစီးကြောင်းပါပဲ။

ဒီဂီတဟန်အားလုံးဟာ တစ်ဦးတစ်ယောက် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံ လူမျိုး တစ်မျိုးတည်းကစပြီး တီထွင် ဖန်တီးလိုက်တဲ့ ဂီတအမျိုးအစားတွေတော့ မဟုတ်ပါဘူး။ ဆိုခဲ့ပြီးသလို နှစ်ဆယ်ရာစု လူသားများရဲ့ မိမိတို့ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ ဖြန့်ကြက်စူးစမ်းမှုအသစ်တွေကြောင့် ပေါ်ထွက်လာခဲ့တာပါ။ အနောက်တိုင်း ဂန္ထဝင်ဂီတ (Classical Music) ဟာ ဥရောပရဲ့ ဂီတယဉ်ကျေးမှုအဆီအနှစ် ဖြစ်မယ်ဆိုရင် ဒီနေ့ ခေတ်ပေါ်ဂီတရဲ့ ရှေ့ပြေး Jazz ဂီတကို ဘယ်လိုသတ်မှတ်ကြပါမလဲ၊ အာဖရိကလူမည်းတွေရဲ့ အမွေအနှစ်လို့ ပြောရမယ် မဟုတ်ပါလား။

တကယ်တော့ ဘယ်လူမျိုးက ပိုယဉ်ကျေးတယ်၊ ပိုမြင့်မြတ်တယ် စသဖြင့် ပြောဆိုဖို့ထက် ကျနော်တို့လူသားတွေ ဘယ်ခေတ်မှာ ပိုယဉ်ကျေးလာတယ်၊ ပိုတိုးတက်လာတယ်လို့ပြောဆိုကြရင် သင့်တော်မယ်လို့ ထင်မြင် ယူဆမိပါတယ်။ ခေတ်ပေါ်ဂီတရဲ့သဘောကိုက နိုင်ငံတကာရဲ့ ဂီတဟန်တွေ ပေါင်းစပ်ပြီးမှ ဖြစ်လာရတာပါ။ ဥရောပ ဂန္ထဝင်ဂီတစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့၊ နေရာမရခဲ့တဲ့ ကမ္ဘာ အနှံ့က တူရိယာပစ္စည်းတွေ၊ တေးသွားအဖွဲ့အစပ်တွေ၊ စာသားအဖွဲ့အနွဲ့တွေ အားလုံး ရောနှောပေါင်းစပ်မှုတွေနဲ့အတူ နှစ်ဆယ်ရာစုရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေက ခေတ်ပေါ် ဂီတကို မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာ့လူငယ်ထုအကြားမှာ ရေပန်းစားနေတဲ့ Hip Hop ဂီတဆိုရင် ကျနော်တို့မြန်မာလူမျိုးတွေရဲ့ သင်္ကြန်သံချပ်တိုင်တဲ့ဟန်ကို အတုယူပြီး ပေါ်လာတယ်လို့တောင် ပြောသူကပြောကြတာကို ကြားဖူးပါတယ်။ တကယ်တမ်း မဟုတ်ရင်တောင်မှ ဒီလိုဂီတဟန်အမျိုးမျိုး၊ ဖွဲ့စပ်ပုံအမျိုးမျိုးဟာ ခေတ်ပေါ်ဂီတ ရဲ့ နိုင်ငံတကာ ဖြန့်ကြက်မှုသဘောကို ဆောင်နေတယ်လို့ ပြောနိုင်ပါလိမ့်မယ်။

ကျနော်တို့နိုင်ငံမှာ ခေတ်ပေါ်ဂီတဟန်အမျိုးမျိုး ရှိနေပါပြီ။ ဘယ်ဟန်တွေက အားကောင်းတယ်၊ ဘယ်အမျိုးအစားတွေက လွမ်းမိုးတယ် ဆိုတာကတော့ အတိအကျ ပြောလို့မရနိုင်သေးပါဘူး။ အစုံအလင် မဟုတ်ပေမယ့် နိုင်ငံတကာမှာ ခေတ်စားခဲ့တဲ့ Country, Blues, Pop, Rock, Rap, Hip Hop အစရှိတဲ့ သီချင်းမျိုးတွေရှိတယ်လို့ပဲ ပြောနိုင်ပါတယ်။ သက်တမ်းမကြာသေးတဲ့ ဂီတဖြတ်သန်းမှုအရရော၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းအားအရပါ နိုင်ငံတကာအဆင့်ကို ဦးတည်နိုင်ဖို့ အချိန်အတော်လေး လိုပါလိမ့်ဦးမယ်။ ဂီတနည်းပညာပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ဆီက လူငယ်တွေအတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့၊ ဖန်တီးဖော်ထုတ်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်မယ်ဆိုရင်တော့ အလားအလာ ရှိနိုင်ပါတယ်။

ခေတ်ပေါ်ဂီတရေစီးကြောင်းမှာ ထည့်သွင်းလေ့လာသင့်တဲ့ အချက်တစ်ခုကတော့ လူငယ်တွေအပေါ် သက်ရောက် လွှမ်းမိုးမှုပါပဲ။ ဒီဆောင်းပါးအစမှာပြောခဲ့သလိုပဲ လူငယ်ဆိုတာက စူးစမ်းလေ့လာချင်သူတွေ၊ တီထွင်ဆန်းသစ်ချင်တဲ့ သူတွေ ဖြစ်လေတော့ ခေတ်ပေါ်ဂီတရဲ့သဘောလက္ခဏာရပ်တွေဟာ လူငယ်တွေအပေါ် အင်မတန်ကိုဆွဲဆောင်နိုင်စွမ်း ရှိတာတွေ့ရပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ သူတို့ခေတ် သူတို့ပတ်ဝန်းကျင်နဲ့ တစ်ထပ်တည်း တစ်သားတည်း ဖြစ်ချင်လုပ်ချင်တဲ့စိတ်မျိုး ရှိတတ်ကြပါတယ်။ သူ့ခေတ်နဲ့သူ နာမည်ကြီးတဲ့ အနုပညာသမားတွေကို ကြည့်ပြီး အဲဒီပုဂ္ဂိုလ်တွေလိုဖြစ်ချင်ကြတယ်။ အနိမ့်ဆုံး အဲဒီပုဂ္ဂိုလ်တွေ ဝတ်စားဆင်ယင်ပုံ၊ နေထိုင်ပြောဆိုပုံစတဲ့ ဖက်ရှင်ကို အတုယူတတ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်ပေါ်ဂီတရေစီးကြောင်း စပြီးအရှိန်ယူလာချိန် ၁၉၇ဝ တဝိုက်က လူငယ်အချို့ရဲ့ ဝတ်စားဆင်ယင်ပုံ ဖက်ရှင်တွေဟာ ဥရောပမှာ အဲဒီခေတ်အခါက နာမည်ကြီးခဲ့တဲ့ Rock n' Roll အဖွဲ့တွေကနေ ကမ္ဘာပတ်ပြီး ရောက်လာတာပါ။ လွတ်လပ်ချင်တဲ့၊ ဆန်းသစ်ချင်တဲ့ စိတ်သဘာဝအရ မြန်မာလူငယ်တွေ အတုယူခဲ့ ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်၊ စူးစမ်းခွင့် နယ်ပယ် ကျဉ်းမြောင်းလှတဲ့ အဲဒီခေတ်တုန်းကတော့ လူငယ်အတော်များများဟာ ဖက်ရှင်နယ်ပယ်က ကျော်ပြီး မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးခံခဲ့ကြရတာကို တချို့မှတ်မိ ကြမှာပါ။ တဖြည်းဖြည်းနဲ့ ခေတ်ပေါ်ဂီတ အခြေခိုင်ချိန်လောက်ကျတော့ အဲဒီကိစ္စတွေ အတန်အသင့်လျော့ပါးသွား ခဲ့ပါတယ်။

ဓာတ်ပုံ - the guardian

ကျနော်တို့နိုင်ငံမှာ ဒီခေတ်ပေါ်ဂီတ ဘာကြောင့် ထွန်းကားလာရသလဲလို့မေးလာရင် ကျနော်ကတော့ သူ့ခေတ်နဲ့သူ လူငယ်တွေရဲ့ ခံစားမှုတွေ၊ ရင်ထဲမှာကိန်းအောင်းနေတဲ့ဆန္ဒတွေကို တစုံတရာ ကိုယ်စားပြုနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ပဲ ဖြေချင်ပါတယ်။ အဲဒီခံစားမှုတွေ ဆန္ဒတွေကတော့ ‘လူငယ်တွေ ဘာဖြစ်ချင်နေကြသလဲ၊ ဘာတွေ သိချင်နေသလဲ၊ ဘာတွေ အလိုမကျ ဖြစ်နေသလဲ၊ သူတို့ရဲ့ဘဝတွေအတွက် ဘာလိုအပ်နေသလဲ၊ ဘာကို တန်ဖိုးထားကြသလဲ၊ ဘယ်လိုအိပ်မက် မက်ကြသလဲ’ ဆိုတာတွေပဲ ဖြစ်ပါတယ်။ အနာဂတ်ရေစီးကြောင်းမှာလည်း လူငယ်တွေရဲ့ နှလုံးသားကို ဒါမှမဟုတ် ရင်ခုန်သံကိုအစာကျွေးနိုင်မယ့်၊ အာဟာရဖြစ်စေနိုင်မယ့် ဂီတမှန်ရင်တော့ ဆက်ပြီးရှင်သန်နိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။ အဲဒီလို ရှင်သန်နိုင်မယ့် ဂီတဟန်၊ ဂီတအားမာန်တွေ ဖန်တီးနိုင်ဖို့ကတော့ လက်ရှိ မြန်မာနိုင်ငံက ခေတ်ပေါ်ဂီတလောကရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာရေး ကောင်းနေဖို့ လိုအပ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ နှလုံးသားကို ထွင်းဖောက်တိုးဝင်လာနိုင်မယ့် ခေတ်ပေါ်ဂီတမျိုးကိုတော့ လူငယ်တွေက လက်ခံကြမှာအမှန်ပါပဲ။ ။





-

7 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံမှ ရှက်ဖွယ် ကော်ပီအဆိုတော်များ အားမနာလျှာမကျိုးတိုင်း .. နင်းကန်ခွ ဆိုထားသော အနောက်တိုင်း မူရင်းသီချင်းစစ်စစ်များကို အရသာရှိရှိ ခံစားနားဆင်နေပါသည်။

  1. Anonymous said... :

    IC = International Copy ... ရွှေငွေနဲ့ ဂုဏ်တွေ ဘာညာတွေ မရှိလည်း ကော်ပီဆိုနိုင်ပါတယ် တသက်လုံး ...http://www.youtube.com/watch?v=eXT9V8RY_1I&feature=youtu.be

  1. Anonymous said... :

    သမ္မတကြီး ဦးသိန်းစိန်ကို YouTube ဖွင့်ပေးပြီး အင်တာနက်တွေ မြန်ပေးဖို့ တောင်းဆိုရမယ်။ နို့မို့ဆို သူတို့သီချင်းတွေ လိုလို နဲ့ ဖီလင်ကြီးတွေ နှစ်ပိသာလောက်နဲ့ တက်ဆိုနေတဲ့ သူတွေရဲ့ မူရင်းသီချင်းတွေကို မြန်မာပြည်ကသူတွေ သိစေချင်လို့ပါ။

  1. ဆောင်းပါးရှင် တင်ပြခဲ့သလို နိုင်ငံတကာက ဂီတမှာ ဂီတ ဖွဲ့စည်းပုံ စည်းကမ်းကိုယ်စီ၊ နည်းစနစ်၊ အသံစဉ်၊ ဒေသအလိုက် ကွဲပြားခြားနားတာတွေ နဲ့ လူမျိုးစုတွေအလိုက် အင်မတန်ကျယ်ဝန်းပါတယ်။ အမျိုးအစား ပေါင်းစုံမှာလည်း ပရိသတ်ကိုယ်စီရှိကြပါတယ်။

    ကော်ပီသီချင်းလို့ပဲ လွယ်လွယ်ခေါ်လိုက်ကြတဲ့ နိုင်ငံခြားအသံစဉ်တခုမှာ မြန်မာစာသားထည့်ဆိုတာက နိုင်ငံတကာက ဂီတကို ခံစားခြင်း တမျိုးပါပဲ။ အဲဒီ ကော်ပီသီချင်းတွေတိုင်းကလည်း စာသားတွေကို မရမက ထည့်ထားလို့ ဖြစ်ကတတ်ဆန်း အတုံးလိုက် အတစ်လိုက်ဖြစ်နေတာချည်းမဟုတ်ပါ။

    အမြောက် အမြားထဲက ဥပမာ တချို့ကိုတင်ပြပါလိုက်ပါတယ်။ စကားလုံးရွေးခြယ် ဖွဲ့စည်းပုံနဲ့ မြန်မာ အဆို အတီး ပညာရှင်တွေရဲ့ လက်ရာတွေက မူရင်းတွေထက် မညံ့ကြောင်းကို တွေ့ရပါလိမ့်မယ်။

    ဒေါက်ဒေါက် ဘယ်သူလဲ (ဟန်တင်)
    Knock, Knock Who’s There? (Mary Hopkin) (Composers- Carter and Stephens)

    ဂီတာကြိုးလေးပြတ်သွာားတယ် (မြန်မာပြည် သိန်းတန်)
    Killing Me Softly with His Song (Roberta Flack) (Composers- Charles Fox and Norman Gimbel)

    ဒီမိုကရေစီသီချင်း (? နိုင်မြန်မာ-ရေးတဲ့သူကို အမှတ်မှားနေရင် ပြင်ပေးကြပါ)
    Dust in the Wind (Kansus) (Composer-Kerry Livgren)

    ဂီတချစ်သူ

  1. Anonymous said... :

    ကော် ပီ ဆို တော့ ဘာ ဖြစ် လို့ လဲ /တီး တော့ ရော ဘာ ဖြစ် လဲ ။မင်း တီး နိုင် လား

  1. မောင်ကောင်း said... :

    ကော်ပီတွေအကြောင်း တော်ကီတွေပစ်နေမယ့်အစား ကိုယ်ပိုင်စတီရီယိုတေးသံသာလေးတွေ ဖန်ဆင်းနိုင်တော့ ပိုကောင်းတာပေါ့ဗျာ၊ အတိုင်းထက်အလွန်ပေါ့ ကော်ပီဆိုတော့လဲကော်ပီပေါ့ မူရင်းကောင်းမှ မိတ္တူလဲကောင်းတာလေဗျာ :) မောင်ကောင်းကတော့ တေးဂီတဆို အကုန်ကြိုက်တယ်

  1. Anonymous said... :

    ကော်ပီဆိုတာဘာဖြစ်လဲလို့ပြောတဲ့အကိုကော်ပီဆိုတော့
    နိုင်ငံတကာကိုချမပြရဲဘူးပေါ့

    အဲဒီဒေါ့နိုင်ငံခြားကအနုပညာရှင်များလာရင်စောင်းကြီးတကား မယ်ဒလင်ကြီးတဒင်နဲ့ရှေးသိချင်းကြီးတွေ ဂန္တဝင်သီချင်းတွေပဲဆိုပြနေကျရတာပေါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved