ပြည်ပရောက်တောအုပ် ရေးသားသည်
http://blueskyforest.blogspot.com/2011/10/blog-post_13.html
မင်းသား စိတ်ပျက်နေတယ်။ တောင်းတာက တခြား။ ရတာက တခြား။ လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ မင်းသားခေါင်းကုတ် အကြံထုတ်နေတယ်။ သူ့နာမည်က ဘန်ကီမွန်း။ ကုလသမဂ္ဂမှာ အတွင်းရေးမှုးချုပ်အဖြစ် သရုပ်ဆောင်တယ်။
မြန်မာပရိတ်သတ်တွေက ကိုရီးယားရုပ်ရှင်ဆို ဘာပဲလာလာ အသေအလဲ ကြိုက်ပြီး အသားကုန်အားပေးတော့ ပရိတ်သတ်တွေကို မင်းသားဘန်ကီမွန်းက ကျေးဇူးတင်ကြောင်း တုံ့ပြန်ဖို့ အကြိမ်ကြိမ် ကြံတယ်။ ကိုရီးယားနိုင်ငံရဲ့ကိုယ်စား သူ့မှာ တာဝန်အပြည့်အ၀ရှိတယ်လို့ ခံယူထားတယ်။ သူက “ကု-ချုပ်”အဖြစ်လည်း သရုပ်ဆောင်နေရတာ မဟုတ်လား။
ကြေညာချက် ထုတ်တယ်။ အစည်းအဝေးခေါ်ပြီး ပြောတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်။ လူကိုယ်တိုင်ခေါ်တွေ့ပြီး ပြောတယ်။ သူများနဲ့တဆင့် ပြောခိုင်းတယ်။ တယ်လီဖုန်းကတဆင့် ပြောတယ်။ မတရား အဖမ်းခံနေရတဲ့ နိုင်ငံအရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ နည်းမျိုးစုံသုံးပြီး ဆရာဘန် အကြိမ်ကြိမ် ကြိုးစားတယ်။ မရဘူး။ အများကြီးညှစ်မှ နည်းနည်းပဲထွက်တယ်။မြန်မာအစိုးရနဲ့ ဆက်ဆံရတာ အလုပ်မဖြစ်ဘူး။ ကြာရင် လိပ်ခေါင်းရောဂါ ဖြစ်မယ်။ မင်းသားဘန်ကီ စိတ်ညစ်တယ်။
ထုံးစံအတိုင်း ဘာလုပ်ရမှန်းမသိတော့ အစည်းအဝေး ထပ်ခေါ်တယ်။ တံခါးဟအစည်းအဝေး လုပ်တယ်။ တံခါးကို ပိတ်ထားတော့ အပြင်ကလူတွေက အထဲမှာ ဘာတွေလုပ်နေမှန်း မသိရဘူး။ တမျိုးထင်မှာစိုးလို့ တံခါးကို ဟပြီး အစည်းအဝေးကျင်းပတယ်။
အစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ဆရာဘန်က ခပ်ပြတ်ပြတ်ပဲ ပြောတယ်။ မြန်မာအစိုးရကို လုပ်နေကျပုံစံတွေနဲ့ ဆက်ဆံလို့မဖြစ်တော့ဘူး။ အလုပ်မဖြစ်တဲ့အကြံတွေ ငါ့ကိုလာမပေးကြနဲ့။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပါလွှတ်ပါလို့ငါတို့တွေ တတွတ်တွတ်ပြောတဲ့ကြားက လွှတ်ပေးလိုက်ရင် ဒုစရိုက်သမားတွေချည်းပဲ။ ပြီးတော့ ငါတို့အော်လို့လွှတ်ပေးရတယ်လို့ အပြောခံရသေးတယ်။ ငါတို့ကပဲ ဒုစရိုက်သမားတွေနဲ့ ပင်းပြီး လုပ်စားနေသလို ဖြစ်ကုန်ပြီ။ အကြံသစ်တွေပေးကြပါ။
ဆေးသမားတွေ။ ဘိန်းသမားတွေ။ လူသတ်သမားတွေ။ ပြည့်တန်ဆာတွေ။ သူခိုးတွေ။ လူလိမ်တွေ။ ဓါးပြတွေ။ အကြံအဖန်တွေ။ လူမိုက်တွေ။ နှစ်မစေ့ဘဲ ပြန်ပြန်လွတ်နေတယ်။ သူတို့တွေက ပြစ်မှုကျူးလွန်လိုက် မကြာခင်ပြန်လွတ်လိုက်နဲ့။ တရားဥပဒေက အာပလာဖြစ်နေပြီ။ မြန်မာပြည်မှာ အစိုးရကအစ ဒုစရိုက်သမားတွေဆိုတော့ သူတို့နဲ့ပုလင်းတူဗူးဆို့တွေကိုပဲ ပြန်လွှတ်ပေးနေတယ်။ တနိုင်ငံတ၀ှမ်းမှာ ဒုစရိုက်သမားတွေ များများလာနေပြီ။ မြန်မာဒုစရိုက်သမားတွေက “နယ်စည်းမခြား ဒုစရိုက်သမားများ” ဆိုပြီး တခြားနိုင်ငံတွေဆီ ပြန့်ကုန်ပြီ။ ဒေသတွင်းလုံခြုံရေးကိုပါ ထိခိုက်လာနေပြီ။ ဘယ်လိုလုပ်ကြမလဲ။
လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက တယောက်စ နှစ်ယောက်စ ပါနေတော့ ငါတို့ရဲ့အလုပ်သဘောအရ ကြိုဆိုရပြန်ရော။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ထပ်ပြီးစိုးရိမ်ပူပန်တယ်လို့ ပြောရပြန်ရော။ ဒီသံသရာက ဘယ်တော့ လွတ်မှာလဲ။ ငါ့ကို မြန်မာပရိတ်သတ်တွေက ကိုရီးယားမင်းသားဆိုပြီးအရမ်း အထင်ကြီးနေတာ။ ပရိတ်သတ်ကို ထိထိမိမိ ကျေးဇူးဆပ်ချင်တယ်။ အလုပ်ဖြစ်မယ့် အကြံသစ်တွေပေးကြပါ။ ဆွေးနွေးကြပါ။
တံခါးဟအစည်းအဝေးခန်းမ တခုလုံး တိတ်ဆိတ်နေတယ်။ ဘယ်သူမှ အကြံကောင်းမပေးနိုင်ကြဘူး။ ဒီချိန်မှာ ဟနေတဲ့ တံခါးပေါက်ကနေ မျက်လုံးကျဉ်းကျဉ်း တလုံးက ပေကလပ် ပေကလပ်နဲ့ ကြည့်နေတာကို မင်းသား ဘန်ကီ မြင်သွားတယ်။ အပြင်ကလူ ဘာကြည့်နေတာလဲ။ အကြံကောင်းရှိရင် ပေး။ မပေးနိုင်ရင် ကိုယ့်အလုပ်ကိုယ်လုပ်လို့ ဆရာဘန် ငေါက်လိုက်တယ်။
ဟနေတဲ့တခါးကို တွန်းဖွင့်ပြီး တရုတ်ကြီးတယောက် ၀င်လာတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်တဦးပါ။ “၀င်ကြားလျှို” လို့ခေါ်ပါတယ်။ ကု-ချုပ်ကြီး စိတ်ညစ်နေတာကို မမြင်ရက်လို့ အလုပ်ဖြစ်မယ့် အကြံအညဏ်လေး ပေးပါရစေ။ မြန်တင့်..အဲ...မြန်မာဆိုတာက ၀လို့ရဲ့ အိမ်နောက်ဖေးက မြေကွက်လေးတခုပါ။ စူလို့အီကြောင်း ၀ကောင်းကောင်း စိပါလှယ်။
ကု-ချုပ်ရဲ့ တောင်းဆိုချက်ကို ပုံစံလုံးဝပြောင်းမှ ဖြစ်မယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လုံးဝ မလွှတ်ခိုင်းပါနဲ့တော့။ နောက်တကြိမ် ကြေညာချက်ထုတ်ရင် လူဆိုးလူမိုက်ဒုစရိုက်သမားတွေကိုပဲ သီးသန့်လွှတ်ပေးဖို့ တောင်းဆိုပါ။ နိုင်ငံရေးအကျဉ်းသားတွေကို သေတဲ့အထိဆက်ပြီး ဖမ်းခိုင်းထားပါ။ ထောင်အတွင်းမှာ သူတို့ကို ညှင်းပန်းနှိပ်စက်ခိုင်းပါ။ ကျန်းမာရေး ဆိုးဝါးအောင်လုပ်ခိုင်းပါ။
ဒုစရိုက်သမားတွေကိုတော့ လူ့အခွင့်အရေးအပြည့်အ၀ပေးဖို့ တောင်းဆိုပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကိုလည်း ထောင်တွေလေ့လာတဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လုံးဝ မတွေ့ခိုင်းပါနဲ့။ ဒုစရိုက်သမားတွေရဲ့အခြေအနေတွေကိုပဲ စိုးရိမ်ပူပန်လှတဲ့အကြောင်း တဖွဖွပြောပါ။
ဒီလိုပြောင်းပြီးပြောလို့ နိုင်ငံရေးအကျဉ်းသားတွေ များများလွှတ်ပေးရင် လုံးဝစိတ်ပျက်တဲ့အကြောင်း ကြေညာချက်ထုတ်ပါ။ ကု-ချုပ်ကိုယ်တိုင် ဦးသိန်းစိန်ဆီ ဖုန်းဆက်ပြီးဒေါသတကြီးပြောပါ။ ဒုစရိုက်သမားတွေကို ဆက်ပြီးဖမ်းထားသရွေ့တော့ ကျုပ်တို့ကနိုင်ငံတကာအလိုက် စိတ်မကောင်းဖြစ်ရလိမ့်မယ့်အကြောင်း ပြောပါ။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာလို့ ဘာမှ အကျိုးမထူးဘူး။ နိုင်ငံတကာက လိုချင်နေတဲ့ ဒုစရိုက်သမားတွေကိုပဲ ချွင်းချက်မရှိ တယောက်မကျန် ချက်ချင်းလွှတ်ပေးဖို့ကိုပဲ တွင်တွင်ကြီး တောင်းဆိုနေပါ ကု-ချုပ်ကြီး။ အလုပ်ဖြစ်နီးကီးပါလိမ့်မယ်။
ကိုရီးယားမင်းသားလေး ဘန်ကီမွန်း မေးစေ့ကို ပွတ်လိုက်။ နဖူးကို သပ်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။ တရုတ်သံတမန် ၀င်ကြားလျှို ပေးတဲ့အကြံအတိုင်း လုပ်ရင် ကောင်းမလား စဉ်းစားခန်း ၀င်နေပါတယ်။ တံခါးဟအစည်းအဝေးခန်းထဲမှာတော့ ဆရာဘန်တယောက်ကလွဲပြီး ဘယ်သူမှ မကျန်တော့ပါဘူး။
အစီအစဉ်အရ မနက်ဖြန်မှာ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရဲ့သဘောထားကို ကြေညာချက် ထုတ်ရတော့မှာ မဟုတ်လား။ မြန်မြန်ဆုံးဖြတ်ချက်ချပြီး အရေးယူဆောင်ရွက်မှ ဖြစ်တော့မယ်လေ။ နယူးယောက်မြို့ရဲ့ ဆောင်းဦးပေါက်ရာသီမှာ မင်းသားလေး “ဘန်” ချွေးတွေပြန်လို့။ သူ အခု ရိုက်မယ့်ဇတ်ကားက ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဆိုလား၊ ချစ်သတ်သေ ဆိုလား ။
0 comments :
Post a Comment