တရုတ်တွေက လျော်ကြေးစကားပြောလာတာ ၀မ်းသာစရာလို့မြင်ပါတယ်။
ဘာပဲပြောပြော ပြေလည်အောင် ညှိပြီး လျော်လိုက်စေချင်တယ်။ ခုပြဿနာကို အိမ်တွင်းရေး ညီညွတ်ပြီး ဖြေရှင်းရင် ပြေလည်မယ့် ပြဿနာလို့မြင်ကြည့်ရအောင်။
အိမ်မှာ သားဆိုးသားမိုက်တယောက်က ထင်ရာစိုင်း မြေဂရန်ကိုပေါင် ဖဲရိုက်ထားလို့ (ဒီဥပမာကို ကြိုက်မှာမဟုတ်လောက်ဘူး)၊ နောက်တမျိုးပြန်ပြင်ပြောမယ်၊ စီးပွားရေးမလုပ်တတ်တဲ့ သားငနုံ့ငအ တယောက်ကို ရပ်ထဲရွာထဲက လူလည်လူရှုပ်တွေက ချောက်ချီတမျိုး၊ ချော့ချီတခါနဲ့ အိမ်ဂရန်ကို အပိုင်စီး အပေါင်ယူထားတယ် ဆိုပါတော့ဗျာ..။
“ အခြေအနေက ..မင်းတို့အိမ်ပြန်ပေးမယ် ငါတို့ငွေ ပြန်လျော် ” လို့ပြောခံရတာ..၊ ၀မ်းသာရမယ့်အခြေအနေ ဖြစ်နေပြီ။
“မင်းအသုံးမကျလို့ ဖြစ်ရတာ ဘာညာနဲ့ ညီအကိုချင်း၊ မောင်နှမချင်း ရန်ဖြစ်မယ့်အစား
ဝိုင်းဆပ်ပေးလိုက်ကြဖို့က အရေးကြီးဆုံးလို့ မြင်မိတယ်..။ တယောက်ကိုတယောက်
လက်ညှိုးငေါက်ငေါက်ထိုး ခွန်းကြီးခွန်းငယ်တွေလည်း ၀ အောင်ပြောပြီးမှတော့ ဒီငွေပူကို ဘယ်လိုဝိုင်းဆပ်ကြမလဲ.. ပြန်ချစ်ခင်စည်းလုံးကြတာ အမြတ်လို့ တွက်ကြစေချင်ပါတယ်။
ဒီအမြတ်က ဘာနဲ့မှ လဲ မရအောင် မြတ်တဲ့အမြတ်ပါ။
မြတ်လက်စ နဲ့ နောင် အရှည်သဖြင့် နှစ်ပေါင်းများစွာ တည်တံ့မယ့် အမြတ်ကြီးတွေပါ ထွက်အောင် လုပ်ဖို့ အကြံကောင်းပြုချင်ပါတယ်။
အဲဒါတွေကတော့
၁။ မြစ်ဆုံဆည်သာမက တရုတ်နဲ့ ပါတ်သက်သမျှ ဆည်တွေရော၊ ဂက်စ်ပိုက်လိုင်းကိစ္စ တွေရော၊ ဆိပ်ကမ်းတွေကိုရော အကုန်လျော်ပြီး ရပ်စေချင်တယ်။
တခြားနိုင်ငံတွေထက် တရုတ်ကနောက်ဆက်တွဲ ပြဿနာကြီးလို့ပါဗျာ။
၂။ အဲဒီလိုလုပ်ဖို့ လျော်ရမှာတွေ အများကြီးဆိုပေမယ့် ပြည်သူလူထု ရဲ့ ဆန္ဒကို လေးစားတဲ့ အစိုးရအနေနဲ့
တဆက်တည်း
နိုင်ငံရေးအကျဉ်းသားတွေကိုပါ ချွင်းချက်မရှိလွှတ်ပေးရင်၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးရင်၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲပေးရင်၊(ကြံ့ခိုင်ရေး ဟာ လွှတ်တော်တွင်း ၇၅ %
အမတ်ဦးရေ ရှိတဲ့အတွက် ဒီကိစ္စကို တတ်နိုင်ပါတယ်။
တကယ်လုပ်လိုက်ရင် သမိုင်းတွင်တဲ့ အပြောင်းအလဲ တခုကို ဦးဆောင်တဲ့ ပါတီအနေနဲ့ လူထု ရဲ့ ထောက်ခံမှုကို တကယ် ရလာပါလိမ့်မယ်။
အဲဒါတွေ ပြီးရင်..
စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းဖို့၊
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး ယူဖို့ ဆိုတာတွေ ဟာ အားလုံးက ၀ိုင်းထောက်ခံရေးသားပြောဆို ကြတာနဲ့တင် အဆင်ပြေသွားပါလိမ့်မယ်။
စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပြီးတာနဲ့ . . .ကျနော်တို့ မြန်မာတွေ အဲဒီလောက် မညံ့ပါဘူး။
တရုတ်ကို ပေးရမယ့် လျော်ကြေးလောက်ကို ခဏချင်းပြန်ဆပ်နိုင်ပါလိမ့်မယ်။
အစိုးရနဲ့ပြည်သူ တစိတ်တ၀မ်းတည်း ဖြစ်သွားရတာကိုးက အမြတ်ကြီးမြတ်တဲ့ ကိစ္စပါ။
မွန်ဂိုလီးယား အပါအ၀င် အနီးအပါး အိမ်နီးချင်း နိုင်ငံငယ်လေးတွေ ရဲ့ ဥပမာကို ယူပြီး အတွင်း စည်း အပြင်စည်း ထားရမယ့် မိတ်ဆွေ ပါ။
ကျနော်တို့ ခင်ဗျားတို့ကို ယုံပါ့မယ်။
ခင်ဗျားတို့ ရင်ဆိုင်ရမယ့် ပြဿနာတွေ ဖိအားတွေ က နည်းနည်းနောနော မဟုတ်ဘူးဆိုတာ
သိပါတယ်။
ဒါပေမယ့် ၁၉၄၆ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလ အဖွဲ့ကြီးကို သတင်းစာတွေက ရေးသားခဲ့တဲ့ အရေးအသား တခု ကို ပြန်သတိရမိပါတယ်။
“ ဖဆပလ တောင့်ထား လူထု ရှိတယ်” တဲ့။
ခုလည်း
“ သမ္မတကြီး နှင့် တကွ . . . အစိုးရတောင့်ထား လူထု ရှိတယ်..” လို့
ပြောပါရစေ။
အမျိုးသားရေးမို့ ပြတ်ပြတ်သားသား သာ ဆုံးဖြတ်ပေးပါ။
တကယ်ဆုံးဖြတ်ရင် တကယ် ထောက်ခံဖို့ အသင့်ပါပဲ။
အစိုးရ ကို ဒါ့ထက်ပို ယုံချင်ပါတယ်။ လူထုကိုလည်း ရဲရဲ ယုံကြည်လိုက်စမ်းပါ။
ပြည်သူလူထုကို ယုံကြည်မှ၊ ပြည်သူလူထုက ယုံကြည်ရမှ ပြည်သူ့အစိုးရ ဖြစ်လိမ့်မယ်။ ။
ချိုတူးဇော်
.....
မှန်တယ် အကုန်ရပ်ပစ်လိုက် ဂတ်စ် လည်း မရောင်းနဲ့  ။ တရုတ်နဲ့  ပတ်သတ်တာ အကုန်ဖြတ်၊ ဖြတ်မရတဲ့သူတွေ ရှိနေရင် (ဥပမာ ကိုသန်းရွှေနဲ့  တစ်မျိုးလုံး) တရုတ်ပြည် ပြောင်းကြ။