လားရှိုးမြို့၊အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းစည်းကမ်းအရ ကျောင်းတက် ခေါင်းလောင်းထိုးပြီးမှ ရောက်လာသည့် ကျောင်းသားများအား ၀င်ခွင့် မပေးသေးပဲ တံခါးပိတ်ထားပါသည်။ နေ့စဉ် ပြုလုပ်နေကျ ဖြစ်သည့် ကျောင်းသားများအားလုံး တန်းစီ၊ နိုင်ငံတော်အလံ အလေးပြု၊ နိုင်ငံတော် သီချင်းဆို၊ ကျောင်းသား အဓိဌာန်ဆို စသဖြင့် ဆောင်ရွက်ပြီးမှ နောက်ကျသည့် ကျောင်းသားများအား တံခါးဖွင့်ပေးပါသည်။
ထို့နောက် နောက်ကျသည့် ကျောင်းသားများ ကျောင်းဝင်းအတွင်း အမှိုက်ကောက်စေပြီးမှ တန်းစီ၊ နိုင်ငံတော် အလံ အလေးပြု စသဖြင့် ပြုလုပ်ပြီးမှ အတန်းသို့ သွားရပါသည်။
(၁၁.၁.၂၀၁၂) နေ့နံနက်က ထုံးစံအတိုင်း ကျောင်းနောက်ကျသည့် ကျောင်းသား (၂၀) ခန့် အား ထိုကဲ့သို့ပြုလုပ်ရန် ကျောင်းမှတာဝန်ကျသည့် ဆရာမများကပြောဆိုပါသည်။
ကျောင်းနောက်ကျသည့် ကလေးတစ်ဦး၏ မိခင်က " ၄င်း၏ အမျိုးသားသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း၊ မိမိတို့ အဆင့်နှင့် ထိုကဲ့သို့ မပြုလုပ်နိုင်ကြောင်း၊ အမှိုက် မကောက်နိုင်ကြောင်း၊ အမျိုးသားက လွှတ်တော်တွင် တင်ပြပြီး ဆရာမများအား အရေးယူ၍ရကြောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ၀င်တွေ့မည်" ဟုဆူညံဆူညံ ပြောဆိုပါသည်။
နောက်တစ်နာရီခန့်အကြာတွင် ထိုအမျိုးသမီးသည် ကျောင်းရှေ့ရှိ ဈေးဆိုင်တန်းတွင် " ကျောင်းအုပ် ဆရာမကြီးအား ပြောခဲ့ကြောင်း၊ မိမိသည်လည်း ရန်ကုန်လို မြို့ကြီးတွင် ကျောင်းဆရာမ လုပ်ခဲ့ဘူးကြောင်း၊ ယခုလို နယ်မြို့မှ ကျောင်းနှင့် ဆရာမများအား အထင် မကြီးကြောင်း၊ မိမိယောက်ျားသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်၍ ဆရာမများ ကျူရှင်သင်သည့်အတွက် လွှတ်တော်တွင် တင်ပြ အရေးယူနိုင်ကြောင်း" ပြောခဲ့ပါသည်။
၎င်း၏ အမျိုးသား မှာ လားရှိုးမှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ကြောင်း သိရပါသည်။
သက်တမ်းမကြာသေးသော လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူကို ကိုယ်စားပြု၊ ပြည်သူ့ အကျိုးရှေ့ရှုရမည့်အစား ယခုကဲ့သို့ လူကြားတွင် လွှတ်တော်ကိုယ်စားလှယ်…ဘာမှတ်နေသလဲ.. လွှတ်တော် မှာ တင်ပြ အရေးယူလိုက်ရမလား ဆိုတာမျိုး ဖြစ်လာ၍ နောက်ထပ် ကြောက်စရာ လူတန်းစား တစ်မျိုး ထပ်တိုး လာသလား ထင်မှတ်မိပါသည်။
Su Myat Noe
Lashio
မပြည့်တဲ့အိုးဘောင်ဘင်ခတ်တယ်ဆိုတာ ဒါပဲ..