ဝင်းဖေ
သောတရှင်များခင်ဗျား …
ကျနော်တို့ လူထုတိုက်မှာ အလုပ်လုပ်နေခဲ့ကြတာကို တင်ပြရင်း အဲဒီကာလတွေက ကာတွန်း ရေးသားမှုဆိုင်ရာ လွတ်လပ်ခွင့် အခြေအနေကလေးကို တင်ပြချင်စိတ်ပေါ်လာပါတယ်။ ဒီတုန်းက တည်မြဲ ဖဆပလ နဲ့ သန့်ရှင်း ဖဆပလ ဆိုပြီး ဖဆပလ နှစ်ခြမ်းကွဲနေချိန် ဖြစ်ပါတယ်၊
သန့်ရှင်း ဖဆပလ ကို ဦးနုနဲ့ သခင်တင်က ဦးဆောင်ပြီး တည်မြဲ ဖဆပလ ကို ဦးဘဆွေနဲ့  ဦးကျော်ငြိမ်းတို့ ဦးဆောင်ပါတယ်။ ဒါ့ကြောင့် နုတင်နဲ့ ဆွေငြိမ်းအုပ်စုလို့လည်း ခေါ်ကြပါတယ်။ ကျနော်တို့ ကာတွန်းရေးတဲ့အခါမှာ ဇာတ်ကောင်တွေရဲ့ ကိုယ်ပေါ်မှာ ဆွေတို့ ငြိမ်းတို့ နုတို့ တင်တို့ စသဖြင့် ရေးပြီး ပြောင်လှောင်ရေးသားကြပါတယ်။
အဲဒီခေတ်တွေတုန်းက ဒီလိုလုပ်ပိုင်ခွင့်တွေဟာ သတင်းစာတွေရဲ့ အခြေခံလုပ်ပိုင်ခွင့်တွေပဲလို့ တနိုင်ငံလုံးက နားလည်လက်ခံကြတဲ့အတွက် အာဏာပိုင်တွေက အရေးယူတာ ရန်ရှာတာ တားဆီးပိတ်ပင်တာမျိုးတွေ မရှိပါဘူး။ အလွန် လွတ်လပ်ပါတယ်၊ ဒါက အင်္ဂလိပ်ခေတ် တပါးကျွန်ဘဝကတည်းက ရှိခဲ့တဲ့ အစဉ်အလာ လွတ်လပ်ခွင့်တခုပါပဲ။
ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အလွန်နာမည်ကြီးခဲ့တဲ့ ကာတွန်းဆရာကြီး ဘကလေး ရွှေတလေးရဲ့ “ဘကြီးမေတ္တာတုံးရဲ့  အာဒါသမုခဒီပနီ” ကာတွန်းရုပ်ပြောင်ကွက်တွေမှာလည်း ဗြိတိသျှဘုရင်ခံရဲ့ နာမည်ကစ နိုင်ငံခေါင်းဆောင်တွေကို နာမည်တတ်ပြီး ရေးဆွဲပြောင်လှောင်ခဲ့တာပါပဲ။ ကန့်သတ်ပိတ်ပင် ချုပ်ချယ်တဲ့ ဆင်ဆာတွေ ဘာတွေ မရှိခဲ့ပါဘူး။
နောက် ဒုတိယကမ္ဘာစစ်အပြီးကာလနဲ့ မြန်မာ့လွတ်လပ်ရေး ခေတ်ဦးကာလမှာ အလွန် ထင်ရှားလွှမ်းမိုးခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းဆိုရင် သူ့ကို ဝင်ငွေခွန်ကောက်လို့ ဆိုပြီး ကန့်ကွက်တဲ့အနေနဲ့ နေ့စဉ် သတင်းစာတွေမှာ ကာတွန်းမဆွဲဘဲ ဆန္ဒပြ သပိတ်မှောက်ခဲ့ပါတယ်။ ဖဆပလ အစိုးရက ချက်ချင်း သူ့ကို ကင်းလွတ်ခွင့်ပေးခဲ့ရပါတယ်။
ဆရာကြီး ဦးဘဂျမ်းဟာ အာဏာရ ဖဆပလ ပါတီ အစိုးရကို နေ့စဉ် ဝေဖန်ပြောင်လှောင်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဖဆပလ အစိုးရဟာ ကာတွန်းပညာရဲ့ အခွင့်အရေးကို မထိပါးရဲပါဘူး။ ဟီရိသြတပ္ပ အရှက်တရား အကြောက်တရား ရှိကြပါသေးတယ်။
အဲဒီလို အခြေခံ ကာတွန်းလွတ်လပ်ခွင့်ဟာ ကျနော်တို့ခေတ် မဆလ စစ်အစိုးရမတက်ခင် ပထစ အစိုးရလက်ထက်အထိ ရှိနေပါသေးတယ်၊ ကျနော့် ဖခင် ရွှေပြည်ဦးဘတင်နဲ့ ဖဆပလ ဝန်ကြီးချုပ် ဦးနုတို့ဟာ ပုဂ္ဂိုလ်ချင်းအလွန် ခင်မင် ရင်းနှီးကြပါတယ်။ ဖခင်ကြီး သွားရာကို တကောက်ကောက်လိုက်ရတဲ့ ကျနော့်ကိုလည်း ကျောင်းသား ငယ်ဘဝကတည်းက ဦးနုက ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် လူထုသတင်းစာမှာ ကျနော် ကာတွန်းဆရာဖြစ်လာတော့ ဦးနုကို ကျနော်က ပြောင်ပြောင်တင်းတင်းပဲ ဝေဖန် ပြောင်လှောင်ရေးဆွဲတာပါပဲ။
ဦးနုရဲ့သားအကြီးနဲ့ ကျနော်က ရင်းနှီးလေတော့ ဦးနုအိမ်ကို ဝင်ထွက်ပြီး စားသောက်ပေမယ့် ဦးနုက ကျနော့်ကို မင်း ငါ့ကို လူထုသတင်းစာကနေပြီး ကာတွန်းနဲ့ ဆော်တဲ့ကောင်ပဲလို့ တခွန်းပြစ်တင်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ ကျနော့် ဖခင်ကြီးအကြောင်းကိုသာ မေးမယ်၊ တခြား အာလာပ သလာပသာ ပြောမယ်၊ ကျနော့်ကို အပြစ်မပြောပါဘူး။ သူ့ သားကြီးတောင် ကျနော့်ကို ခင်ခင်မင်မင်ပဲ ပေါင်းနေတာပါပဲ။ ကျနော် ကိုယ်တိုင်ကလည်း ဦးနုအိမ်ကို စိတ်ရှင်းရှင်းနဲ့ ဝင်ထွက်ရဲပါတယ်။ ဘာပြဿနာမှ မကြီးခဲ့ပါဘူး။
၁၉၆၂ ခုနှစ် စစ်အစိုးရ တက်လာတော့ ဘယ်လိုသဘောထားနဲ့ ဘယ်လိုအုပ်ချုပ်မယ်မှန်း မသိသေးလေတော့ နိုင်ငံရေးကာတွန်းမရေးဘဲ သာမန် ရယ်ဘွယ်ကာတွန်းတွေ ရေးပါတယ်။ ဥပမာ သတင်းစာပါ နိုင်ငံရေးအခြေအနေတွေကို လုံးဝ မကိုးကားတော့ဘဲ ပထမ တလမှာ တလလုံး “ဗုံ ” နဲ့ ပတ်သက်တဲ့ ကာတွန်းတွေ ရေးပါတယ်။ “ဗုံ” ပုံ ဒါမှမဟုတ် ဗုံဆိုတဲ့ စကားလုံးပါတဲ့ ရယ်စရာဟာသ ကာတွန်းတွေ ရေးပါတယ်။ နောက်လကျတော့ တလလုံး ရေသူမ အရုပ် ဒါမှမဟုတ် စာလုံးပါတဲ့ ဟာသတွေ ရေးပါတယ်။
ဒါကိုစစ်တပ်က သူတို့ကို ဘုံဝါဒနဲ့ပတ်သက်လို့ ဝေဖန်တယ် ဒါမှမဟုတ် ရေသူမလို ဖားတပိုင်း ငါးတပိုင်းလို့ ဝေဖန်တာပဲ စသဖြင့် မလုံမလဲ မယုံမကြည်ဖြစ်နေပါတယ်။
ဥပမာ ပင်လယ်ကမ်းခြေတခုမှာ ခြေထောက်မပါတဲ့ ရေသူမက စက်ဘီးစီးကြည့်ဖို့ ကြိုးစားနေပုံရေးပြီး ဘေးကကြည့်နေတဲ့ တံငါသည်တွေကို “ငါ့ဟာငါ ဘယ်လိုလို နင်းနင်း နင်တို့အပူလား” ဆိုတဲ့ စာတမ်းထည့်လိုက်ပါတယ် ။ “ဝ” မရှိဘဲ “ဝိ”လုပ်လို့ မရတာကို ဓမ္မဓိဋ္ဌာန် ရေးတဲ့ ကာတွန်းပါ၊ ဒီကာတွန်းကို စစ်တပ်က သူတို့ကို စောင်းပြောတယ်လို့ ထင်ပြီး အယ်ဒီတာချုပ် ဦးလေးလှကို ခေါ်ပြီး သတိပေးပါတယ်။
လူထုသတင်းစာမှာ နေ့စဉ်ပါတဲ့ကာတွန်းတွေကို ပုရပိုဒ်ခေါက်လို ဂျပ်ထူက်တွေနဲ့ ကပ်ထားပြီး မျက်စေ့ ဒေါက်ထောက် ကြည့်နေကြတယ်။ အယ်ဒီတာချုပ် ဦးလေးလှကို စစ်တပ်က နှစ်လအတွင်း သုံးလေးခါလောက်ခေါ်ပြီး သတိပေးပါတယ်၊
နောက်ဆုံး ကာတွန်းတွေဆွဲတဲ့အခါမှာ အဓိပ္ပာယ်တမျိုးပဲထွက်အောင် ရေးဖို့၊ တမျိုးထက် မထွက်စေရဘူးလို့ မန္တလေးတိုင်းမှူးက ညွှန်ကြားပါတော့တယ်။
ကျနော်က ဦးလေးလှကို တတ်နိုင်လို့ ဘာပုံမှ မပါဘဲ အစက် တစက်ပဲရေးပြီး ပြည်သူကိုပြရင်တောင် ပြည်သူတွေဆီက အမြင်အမျိုးမျိုးနဲ့  အဓိပ္ပာယ်အမျိုးမျိုး ထွက်လာမှာ ဖြစ်ကြောင်း၊ အကောင်းဆုံးကတော့ သတင်းစာမှာ ဘာကာတွန်းမှ မထည့်တော့တာက အရှင်းဆုံး ဖြစ်ပါလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
ဦးလေးလှက သူလည်း ဒီလိုပဲသဘောပေါက်ကြောင်း ပြောပါတယ်။ အဲဒီနေ့ကစပြီး ကျနော်လည်း အလုပ်ပြုတ်တော့တာပါပဲ။
မြန်မာနိုင်ငံရဲ့ ကာတွန်းဝိဇ္ဇာ ဦးဘဂျမ်းကိုယ်တိုင် အသက်ထင်ရှား ရှိနေသေးရင်လဲ ကျနော့်လိုပဲ အလုပ်ပြုတ်သွားမှာပါပဲ။
စစ်တပ်မှာ အာဏာလက်လွှတ်ရမှာကြောက်တဲ့ အကြောက်လွန်ရောဂါ ရှိပါတယ်၊ အဲဒီရောဂါနှိပ်စက်နေလို့ စစ်တပ်မှာ တခြားဝေဒနာဆိုးတွေလည်း အများကြီး ကူးစက်ပြန့်ပွားကုန်ပါတယ်၊ စစ်တပ်ကိုယ်တိုင်က ဒီလို အကြောက်လွန်ရောဂါ ရှိနေတာကိုသိပါလျက်နဲ့ မကုစားနိုင်ဘဲ မထွေးနိုင်မမြိုနိုင် ဖြစ်နေပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ၊
ကျနော် ဝင်းဖေပါ။
(ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က တဆင့် ပြန်လည် ကူးယူတင်ပြပါတယ်)
ညွှန်း - ၀င်းဖေလွယ်အိတ် ၁၇
http://moemaka.blogspot.com/2010/03/win-pe-bags-17.html
ဟုတ်ပ ဦးဝင်းဖေ။ ဗိုလ်ချုပ်ကြီးတွေ ကြောက်လိုက်ပုံများ ဘုန်းကြီးကျောင်းတွေကိုတောင် ရဲအထူးတပ်ဖွဲ့နဲ့ စောင့်ကြည့်ခိုင်းတယ်ဗျာ။ အာဏာလက်လွှတ်ရမှာ ကြောက်တဲ့စိတ်က သူတို့ကို ချောက်ချားအောင် လုပ်နေတော့ မသေမီက ငရဲကျနေသလိုဖြစ်နေတာ သနားစရာပါဗျာ။