ဦးခြံသူကြီး(Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
ဖေဖေါ်ဝါရီ(၆)ရက်နေ့ထုတ်၊ ဒီလှိုင်းစာစောင်အတွဲ(၁) အမှတ်(၄) စာမျက်နှာ(၁၄)၏ ယာဘက်ထိပ်ဆုံးတွင် နေရာ ယူထားသည်က၊ ရဲရဲတောက်အနီရောင်..။
ထိုအနီရောင်က ကျနော့်ကို ညှို့ယူဖမ်းစားလိုက်၏။ သို့ဖြင့် အနီရောင်အောက်ခံပေါ်က သတင်းတိုလေးကို ဖျတ်ခနဲ ဖတ်လိုက်မိသည်..။
မိတ္ထီလာNLDခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်၊ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည်..တဲ့.။
ကျနော့်စိတ်ထဲ ဒိတ်ခနဲနင့်သွား၏။ ကျနော့်အာရုံက ပြည်မြို့က ဒေါက်တာခင်မောင်ဝင်းဆီ၊ ဗြုံးစားကြီး ရောက်သွားသည်။ ထိုမှတဖန် ယခင်က ပြည်မြို့မှာနေခဲ့ပြီး၊ ယခု လန်ဒန်ရောက်နေသည့် ဒေါက်တာဝင်းနိုင်ဆီ၊ ဗြုံးဗြုံးဒိုင်းဒိုင်း ခုန်သွားပြန်သည်။
ဒေါက်တာဝင်းနိုင်ပြောသွားသည့် စကားလုံးတွေက၊ ကျနော့်နားဝမှာ ပလူပျံလာလေပြီ။
“ကျနော်နဲ့ခင်မောင်ဝင်းက ငွေကိုဂရုမစိုက်ဘူး။ လူနာကိုသာ ဂရုစိုက်တာ။ ဒီတော့ ငွေကြေးမချမ်းသာဘူး။ ဒါပေမယ့်..ဟဲ..ဟဲ..
ဒေါက်တာဝင်းနိုင်သည်ကား၊ တစ်ယောက်နှင့်ဆုံမိလျှင်၊ ငယ်စဉ်က လည်ပင်းဖက်ခဲ့သော ငယ်သူငယ်ချင်းပမာ၊ ရုတ်ချည်း ခင်မင်လုံးထွေးသွားတော့၏။ သည်လိုလူစားမျိုးဖြစ်လေတော့၊ ရယ်မောစရာများနှင့် ထွေးလုံးရစ်ပတ် စကားပြောတတ်သည်။
“ဟဲ..ဟဲ..လူနာဟောင်းတွေကိုတွေ့ရရင်၊ ပီတိတွေအများကြီး ချမ်းသာလာတယ်။ ပီတိကိုစား၊ အားရှိပါ၏လို့ ဆိုလေတော့..ဟဲ..ဟဲ...ကျနော်နဲ့ ခင်မောင်ဝင်းက၊ အဲဒီပီတိတွေကို တ၀တပြဲစားတာပေါ့ဗျာ။ နှစ်ယောက်စလုံး လူကောင်တွေကြီးလာလိုက်တာ..ဟဲ..ဟဲ..
ဒေါက်တာဝင်းနိုင်က ပျော်ပျော်ပါးပါးနေတတ်သူဖြစ်၍၊ ပျော်ပျော်ပါးပါး ဆက်ပြောသည်။
“ရှစ်ဆယ့်ရှစ်သပိတ်ပေါ်လာတော့၊ ကျနော်ရော, ခင်မောင်ဝင်းရော, လူထုဆီက စားထားတဲ့ပီတိအကြွေးတွေကို..ဟဲ..ဟဲ..ပြန်ဆပ်ရတော့တာပေါ့..
ဒေါက်တာဝင်းနိုင်ကပြုံးလျက်နှင့်ပင် စကားဆက်သည်။
“လူထုကလည်း လိုလိုလားလားပွဲတောင်းလာ။ ဟဲ.ဟဲ..ကျနော်တို့ သူငယ်ချင်းနှစ်ယောက်၊ မရှောင်နိုင်မရှားနိုင်ပဲ နိုင်ငံရေးဒီလှိုင်းထဲ ၀င်နွှဲရတော့တာပဲ။
နိုင်ငံရေးကိုစမိတာဟာ..ဟဲ..ဟဲ..တကယ်တော့ ကျားမြီးကို ဆွဲသလိုပါပဲဗျာ။ ဟဲ..ဟဲ..တကတည်း၊ လွှတ်လို့ကို မရတော့ဘူးဗျို့..ဟဲ..ဟဲ..”
လွှတ်လို့မရသဖြင့် နောက်ဆုံးတွင် ဒေါက်တာခင်မောင်ဝင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်၊ ဒီ/ချုပ်ရုံးသို့ လျှောက်လွှာ တင်ရတော့သည်။
ထိုစဉ်ကဒီ/ချုပ်ရုံးကို ဦးစီးနေခဲ့ကြသည်မှာ၊ မျိုးချစ်ကြီးများဖြစ်သည်။
မျိုးချစ်ကြီးများသည် အမှန်တကယ်ပင် အမျိုးကို ချစ်ကြပါ၏။ ပြည်တကြော လူတောထဲက ထွက်လာသည့် ဒေါက်တာ ခင်မောင်ဝင်းကို၊ ပယ်လိုက်သည်။ သူတို့မျိုးတူစုထဲက တစ်ဦးကို၊ မိုးပေါ်ကနေပြီး“မိုးကျရွှေကိုယ်”အဖြစ် ချပေးလိုက်သည်။
ကားလုံးပြည့် စီးကာ ဆင်းလာကြသော၊ တက်ကြွလှုပ်ရှားသူဘ၀မှ နိုင်ငံရေးသမားဘ၀သို့ တက်လှမ်းလာကြသည့် ပြည်သားတစ်စုက၊ မျိုးချစ်ကြီးများနှင့် ညှိကြသည်။ ရင်ကြားစေ့၍ မရသည်ကြောင့်၊ ပြည်သားတစ်စုရင်ကွဲကာမျက်ရည်ပေါက်ကြီးငယ်ပင် ကျခဲ့ရသည်..တဲ့။ ထိုမှတဖန် ပေါက်ကွဲကြပြန်ပြီ။
“ရလာဒ်ကတော့ဗျာ..အဲ, အများက၀ိုင်းပြီး တွန်းလိုက်လို့၊ ခင်မောင်ဝင်းခမျာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဖြစ်သွားပါရော..”
ပြည်လူထု တင်လိုက်သည့် ဒေါက်တာခင်မောင်ဝင်းက၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်..။ မိုးပေါ်ကကျလာသည့်“မိုးကျရွှေကိုယ်”က၊ NLDကိုယ်စားလှယ်..။
ဒီမိုကရေစီလိုချင်သည့် မဲဆန္ဒရှင်များခမျာ၊ အသဲကြားက မဲတစ်ပြားကို၊ ဘယ်သူ့အားပေးရပါ့။ေ၀၀ါးကုန်ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားသော ပြည်သား အချို့က၊ စိတ်ရှုပ်ပြီး မဲမပေးတော့။
အချို့ကမူ၊ မဲပေးပါ၏။ သို့သော် ပေးလှာသည့်ဆန္ဒမဲက၊ နှစ်ချမ်းကွဲသွားပြီ။ သို့ဖြင့် တစညက ‘ကော်ကောင်’အဖြစ်ဖြင့်၊ အချောင် နိုင်သွားပါရော။ သည်အဖြစ်ကို ဒေါက်တာဝင်းနိုင်က ဤသို့ နိဂုံးချုပ်လိုက်သည်။
“ပြည်သားတစ်စု တက်တက်ကြွကြွအားခဲသမျှ၊ အစောပိုင်းမှာ မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ရတယ်။ မဲအရှုံးမှာတော့၊ ချုံးပွဲချပြီးငိုကြရပါရော..ဗျာ..”
ဒေါက်တာဝင်းနိုင်၏ဖြစ်ကြောင်းရယ်ကုန်စင် နောက်ကြောင်းပြန် စကားလုံးတွေက၊ ကုန်သွားပြီ။ ကျနော့်သောတအာရုံ အနားရသွားပြီ။
သို့သော်, ပေါ့ပေါ့ပါးပါး, ရွှင်ရွှင်ပြပြ, နေတတ်သည့်ဒေါက်တာဝင်းနိုင်..။ ထိုထိုဒေါက်တာဝင်းနိုင်၏ရွှေမျက်နှာတော်မှာ၊ ကျနော်၏ စက္ခုအာရုံတွင်၊ ပြိုမရောင်မိုးရိပ်ပမာ, မဲ့မဲ့မှောင်မှောင်ဖြစ်လာသည်။ ထိုမှတဖန်, မှိန်ကာ..၊ မှိန်သည်ထက်, ပို၍, ပို၍, မှိန်, မှိန်သွားကာ၊ ဒေါ်မြင့်မြင့်အေး၏ ပုံသွင်က ပေါ်ထင်လာတော့သည်။
ဒေါ်မြင့်မြင့်အေး၏အသံကို လေလှိုင်းမှတဆင့်ကြားဖူးသည်။ ပြောပေါက်ဆိုပေါက်၊ လေယူလေသိမ်း၊ စကားလုံးအသုံးအနှုန်းတို့က စမတ် ကျလှသည်။
နောင်တွင်နော်ဝေးDVBရုပ်သံတွင် ဒေါ်မြင့်မြင့်အေးကို မြင်လာရသည်..။ ဥပဓိရုပ်သွင်ဟန်ပန်ကလည်း စမတ်ကျနေပြန်သည်။ ထို့ကြောင့်ဒေါ်မြင့်မြင့်အေးအား နံမည်ပေးလိုက်သည်။ Ms.Smart ဟူ၏။
Ms. Smart နေရာတွင်၊ ကျနော်နေကြည့်လိုက်သည်.။ ပြည်သားတို့လို မျက်ရည်ပေါက်ကြီးငယ် မကျမိသော်လည်း၊ မျက်ရည်တော့ ၀ဲမိသည်။ ရွေးကောက်ပွဲရလဒ် ထွက်အလာမှာ၊ ပြည်သားတို့ချုံးပွဲချငိုခဲ့ရသည့် အဖြစ်ဆိုးမျိုးသို့မူ မရောက်ချင်။
ဟိုယခင်မျိုးချစ်ကြီးတွေက၊ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်၊ ကိုယ့်အမျိုးတူကိုသာ၊ ကိုယ်ချစ်ခဲ့သည်။ ယခုမူ ထိုထိုဘိုးတော်ကြီးများ၊ မရှိတော့ပြီ။
ယခုရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်၊ NLDထိပ်သီးကြီး ကိုယ်တိုင်က၊ ကမကထ ပြုခဲ့ပေလိမ့်မည်။ ထိုထိပ်သီးကြီးသည်၊ မျိုးချစ်ကြီးများကဲ့သို့ မျိုးတူကိုသာ ကွက်ပြီး ချစ်တတ်သူမဟုတ်။ တိုင်းရင်းသားပြည်သူ အားလုံးကို၊ ခွဲခြားမချစ်, တူတူချစ်သည်။ လူပုဂ္ဂိုလ်ကို မကြည့်။ မူ အလုပ်ကိုသာ ကြည့်သည်။
ထိပ်သီးကြီးသည်တောင်ထိပ်ကိုရောက်နေ၍၊ အပေါ်စီးမြင်ကွင်းဖြင့် ပတ်ချာလည်ကို၊ ၀ိုင်းပတ်ပြီး ကြည့်နိုင်စွမ်းသည်။ ထို့ကြောင့်, အမြင်ကျယ်သည်။ အမြင်ကြည်သည်။
ကျွန်တော်တို့Ms.Smartတို့မှာမူ၊ တောင်ထိပ်ကို မရောက်၍ တောင်ခြေကနေ ခြေဖျားထောက်လို့သာ ကြည့်နိုင်စွမ်းသည်။ ထို့ကြောင့်, အမြင်ကျဉ်းသည်။ အမြင်ဝါးသည်။
ထိုထိုဤဤ ကြောင်းရာထွေထွေကို၊ ဘက်ပေါင်းစုံကနေ လွှမ်းခြုံကာကြည့်ရာမြင်ရာ ဆုံးဖြတ်ရာတွင်၊ ထိပ်သီးကြီးထက် ဘယ်သူကများ ပိုလို့စွမ်းနိုင်မည်နည်း။
ထိုအတွေးများဆုံးသွားသည်နှင့်၊ လွတ်လပ်ရေးမရမီက တိုင်းပြုပြည်ပြုလွှတ်တော်ဆီသို့၊ ကျွန်တော့်အာရုံမနောက ရွေ့မျောသွားလေသည်။
တိုက်ကြီးမြို့လယ်ခေါင်ပြည်လမ်းမ၏လမ်းလေးခွဆုံရာနံဘေးတွင်၊ ဂျစ်ကားတစ်စီး ရပ်ထားသည်။ ထိုဂျစ်ကားကိုလူတွေတပြုံတမကြီးက၀ိုင်းကာအုံနေကြသည်။ ဂျစ်ကား၏ခေါင်းပိုင်းရှိ အင်ဂျင်စက်အဖုံးပေါ်တွင် လူတစ်ယောက်က မတ်တတ်တက်ရပ်လိုက်သည်။
ထိုသူသည်ကား..ဗိုလ်ချုပ်အောင်ဆန်း..။
ဗိုလ်ချုပ်အောင်ဆန်းက လူထုအား အရေးတကြီးစကားပြောစရာရှိသည်။ ပြောစရာက တိုက်ကြီးမြို့သား နိုင်ငံရေးလှုပ်ရှားသူ ဗိုလ်တင်မောင်ကြီးနှင့် ပတ်သက်သည်..။ ဤသည်ကို ရှေးမီနောက်မီကျောင်းဆရာအိုကြီးက ပြောပြသည်။
“ဆရာတင်မောင်ရောဂါထလို့ဖြစ်ရတာ..”
ဆရာတင်မောင်ဟူသည်၊ ဗိုလ်တင်မောင်ကြီး၏ မူလနံမည်ဖြစ်သည်။ ကျောင်းဆရာဘ၀တွင် ကျင်လည်ခဲ့ဖူးသည်။
ဆရာတင်မောင်၏ အစ်ကိုအရင်းဖြစ်သူ ဆရာဦးချစ်တင်မှာ.၊ တသက်လုံး ကျောင်းဆရာ လုပ်သွားသည်။ ကျောင်းဆရာ ပြီပြီသသ စစ်စစ်ကြီးအဖြစ်.၊ တိုက်ကြီးတကြောတွင် ကျော်စောသည်။ ဒါတွေကို ရှေ့မီ, နောက်မီကျောင်းဆရာအိုကြီးက ပြောပြ၍ သိရသည်။
ထိုကျောင်းဆရာအိုကြီးက၊ ဇာတ်ကြောင်းစုံလင်အောင်ဆက်၍ပြောသည်။
“ဆရာတင်မောင်ရဲ့ရောဂါက၊ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲဝင်ချင်တဲ့ရောဂါ…။ ဖဆပလအဖွဲ့ချုပ်ရဲ့ တိုက်ကြီးအနောက်ခြမ်း အမတ် လုပ်ချင်တဲ့ရောဂါ..။ ဆရာတင်မောင့်အပြင် ရောဂါထတဲ့ နောက်တစ်ယောက် ရှိသေးတယ်..ရှေ့နေဦးလှဖေ..။ ဦးလှဖေက တိုက်ကြီး အရှေ့ချမ်း မဲဆန္ဒနယ်မြေကို ချိန်တယ်..”
ဆရာအိုကြီးကခေတ်လူများအားသင်ခန်းစားယူစေလိုသောဇောစိတ်ဖြင့်..၊ မမောမပမ်း ဆက်၍ပြောသည်။
“ဗိုလ်ချုပ်ကအမတ်ရောဂါသည်နှစ်ယောက်လုံးကို ဖြောင်းဖြောင်းဖျဖျနည်းနဲ့ ဆေးကုပေးတယ်။ ဦးလှဖေက နောက်ဆုတ်သွားတယ်။ ဆရာတင်မောင်ကတော့ နားမထောင်ချင်ဘူး။ ဗိုလ်ချုပ်က ဆရာတင်မောင်ကိုနားချတယ်။ နောက်ရွေးကောက်ပွဲကျမှဝင်..။ ဒီအကြိမ်မှာသခင်ကျော်ဒွန်းဝင်ပါစေ..”
ဆရာအိုကြီးကဆက်ပြောသည်မှာ၊ ဆရာတင်မောင့်အမတ်ရောဂါက၊ ငန်းငန်းတက်သဖြင့် ကျွမ်းနေပြီ။ ဗိုလ်ချုပ်၏ဖြောင်းဖျနားချသည့်ငန်းဆေးသည်ပင်လျှင် မစွမ်းတော့ပြီ။
“ဆရာတင်မောင်က၊ ဗိုလ်ချုပ်တို့ဖဆပလအဖွဲ့ချုပ်ရဲ့အမတ်လောင်းမ လုပ်ရရင်၊ တစ်သီးပုဂ္ဂလအမတ်လောင်း လုပ်မဟဲ့..တဲ့၊ တစ်ကိုယ်တော် တစ်သီးပုဂ္ဂလအမတ်လောင်းစင်ကို သူ့သဘောနဲ့သူ ဆောက်ပါလေရော..”
သို့ဖြင့်ဆရာတင်မောင်တဖြစ်လဲဗိုလ်တင်မောင်ကြီးကိုဆေးခါးကြီး တိုက်ဖို့၊ ဗိုလ်ချုပ်ကိုယ်တိုင် တိုက်ကြီးမြို့သို့ လာခဲ့ခြင်းဖြစ်သည်..။ စီးလာသည့် ဂျစ်ကားအင်ဂျင်စက်ဖုံးပေါ် မတ်တတ်တက်ရပ်လိုက်ပြီ။ လူထုအား အတိုဆုံးမိန့်ခွန်းကို ပြောချလိုက်သည်။
“တင်မောင်ကြီး..။ သစ္စာဖေါက်..။ နံပါတ်တစ်ရန်သူ..”
ကျွန်တော်ဦးခြံသူကြီး မျက်လုံးပြူးသွား၏။ ဆရာအိုကြီးက နိဂုံးစကားကိုဆိုလေပြီ။
“ဗိုလ်ချုပ်ရဲ့ဆေးခါးကြီး အစွမ်း ထက်လိုက်ပုံများ..၊ အစက ဆရာတင်မောင်..၊ နောင်ခါတော့ ဗိုလ်တင်မောင်ကြီး..၊ အထိမခံကြွေပန်းကန်ရွေးကောက်ပွဲမှာ၊ ခွက်ခွက်လန် မဲရှုံးခဲ့ပါသော်ကော..”
ဆရာအိုကြီးက တန်ဘိုးကြီးလှသော နိုင်ငံရေးစကားကို.၊ တာဝန်သိစိတ်ဖြင့် ခေတ်လူများအား ဝေငှသွားလေပြီ။
ကျွန်တော်ဦးခြံသူကြီးကလည်း ဆရာအိုကြီးနည်းတူ၊ တန်ဘိုးကြီးလှသော သတိစကားကို ဝေငှလိုက်ပါသည်။
“မသိသူကျော်သွား သိသူဖေါ်စား..” ပါတဲ့ခင်ဗျား..။ ။ / ပြီးပါပြီ /
ဦးခြံသူကြီး(Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
9:50PM;Feb 15, 2012-
ပါတီတစ်ခုခုကို ၀င်ထားရင် မိမိရဲ့ ဆန္ဒထက် ပါတီရဲ့ ဆန္ဒကို ဦးစားပေးရပါတယ်။ မိမိရဲ့ ဆုံးဖြတ်ချက်ထက် ပါတီရဲ့ ဆုံးဖြတ်ချက်ကို အလေးထားရပါတယ်။ ဒါကြောင့် ကျနော် ဘယ်ပါတီမှ မ၀င်ပါဘူး။ ဒါပေမဲ့ NLD ကိုတော့ အပြင်လူတစ်ယောက်အနေနဲ့ ထောက်ခံအားပေးပါတယ်။
ကျနော်လိုလူမျိုးတွေချည်းဆိုရင် ပါတီအဖွဲ့ အစည်းတွေ မရှိနိုင်သလို ဒီမိုကရေစီဆိုတာကိုလဲ ဖော်ဆောင်နိုင်မှာ မဟုတ်လို့ ကျနော်လိုလူများ များများစားစား မရှိစေချင်ပါ။
အခု ဒေါ်မြင့်မြင့်အေး တစ်ယောက် တစ်လျှောက်လုံး ပါတီအတွက် အနစ်နာခံ လုပ်ဆောင်လာခဲ့ပြီးကာမှ အခုနောက်ဆုံးမှာ ပါတီက ခွဲထွက်ပြီး တသီးပုဂ္ဂလအရွေးအချယ်ခံတာနဲ့ ပတ်သက်လို့ စိတ်မကောင်းပါဘူး။
ပါတီရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ၊ ဒေသခံလူထုက ကိုယ့်အပေါ်မှာ ဘယ်လောက်ပဲ ထောက်ခံအားပေးနေသည်ပဲ ဖြစ်ပါစေ ဟီလာရီကလင်တန်ကို နမူနာထားပြီး ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာနိုင်ရင် ဘယ်လောက်များ ကောင်းလေမလဲ။
ဟီလာရီ ဟာ အိုဘားမာနဲ့ ပါတီတွင်း သူတင်ကိုယ်တင် အပြိုင်အဆိုင် ကြဲခဲ့ကြသော်လည်း နောက်ဆုံး ပါတီက အိုဘားမားကိုပဲ သမ္မတလောင်းအဖြစ် သတ်မှတ်ပေးလိုက်တဲ့အခါမှာတော့ အတိုက်အခံ မလုပ်တဲ့အပြင် အိုးဘားမားအတွက် မဲဆွဲစည်းရုံးရေးတောင် လုပ်ပေးပါတယ်။
သူတို့တွေရဲ့ စိတ်နေစိတ်ထားကို အရမ်းလေးစားတယ်။ ဒါကြောင့်လဲ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်နေကြတာလို့ ယူဆမိပါတယ်။