မကြာမီရက်အတွင်းမှာ ရွှေည၀ါဆရာတော် ကျောင်းတိုက်က ထွက်ခွာရပါတော့မယ်။ ဒီအတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ရွှေည၀ါဆရာတော်ရဲ့ နေရေးထိုင်ရေးအတွက် စိတ်ပူပန်မိသလို မဟနဆရာတော်ကြီးတွေအတွက်လဲ အပြစ်ပြောစရာဖြစ်သွားရတာကို စိတ်မကောင်းပါဘူး။
ဒီဖြစ်စဉ်ကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် အားနည်းချက် လေးခုလောက် တွေ့ရပါတယ်။
ပထမအချက်ကတော့ ရွှေည၀ါဆရာတော်ရဲ့ အားနည်းချက်ပါ။ ဆရာတော်အနေနဲ့ မဟနဆရာတော်ကြီးတွေ တားမြစ်ထားတဲ့ ကာလအတွင်းမှာ နောက်ကွယ်က လူတွေက ဆရာတော်ကြီးတွေကို တရားဟောခွင့် ပိတ်ပင်ခိုင်းတယ် လို့ ယူဆစရာရှိနေသည့်တိုင်အောင် ဆရာတော်ကြီးတွေအပေါ်မှာ လေးစားသောအားဖြင့် တားမြစ်ချက်ကို တိတိကျကျ လိုက်နာသင့်ပါတယ်။ လိုက်နာမှုမရှိခဲ့တာဟာ ဆရာတော်ဘက်က အားနည်းချက်ပါ။ နောက်ပြီး ဆရာတော်ကြီးတွေကို အသနားခံစာတင်တဲ့နေရာမှာလဲ တစ်ယောက်ယောက်ကို စာပို့ခိုင်းတာမျိုး မဟုတ်ဘဲ အလှည့်ကျအဖွဲ့ခွဲ ၁၅-ပါးရှိရင် ၁၅-ပါးလုံးထံသို့ ကိုယ်တိုင်သွားရောက်ပြီး တောင်းပန်လျှောက်ထားသင့်သလို ရှင်းပြစရာရှိတာတွေကိုလဲ ရှင်းပြသင့်ပါတယ်။ ဒါတွေ မလုပ်နိုင်ခဲ့တာဟာလဲ ဆရာတော်ရဲ့ အားနည်းချက်ပါ။
ဒုတိယအားနည်းချက်ကတော့-မဟနဆရာတော်ကြီးတွေရဲ့ အားနည်းချက်ပါ။ ရွှေည၀ါဆရာတော်ဟာ ဗုဒ္ဓတက္ကသိုလ်ကြီးဖွင့်လှစ်ပြီး သာသနာပြုနေတဲ့ ဆရာတော်တစ်ပါး ဖြစ်တယ် ဆိုတာကို ထောက်ထား ငဲ့ညှာသင့်ပါတယ်။ ဒီအလုပ်မျိုးဟာ တပည့်ပရိသတ်များစွာကို ထိန်းကျောင်းပြီး အစစ အရာရာ အဆင်ပြေအောင် လုပ်ဆောင်ရတာဖြစ်လို့ အလွန်ပင်ပမ်းတဲ့ အလုပ်ပါ။ တော်ရုံစိတ်ထားမျိုးနဲ့ လုပ်ဖို့ မလွယ်ပါဘူး။ ဒီလို အပင်ပမ်းအဆင်းရဲခံပြီး သာသနာပြုနေတဲ့ ဆရာတော်တစ်ပါးအပေါ်မှာ ငဲ့ညှာသင့်ပါတယ်။ ဟောတဲ့ တရားတွေမှာ ခက်ထန်မာကျောမှုတွေ ရှိနေသည့်တိုင်အောင် တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ ဆရာတော်ရဲ့ စေတနာကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။ ဆရာတော်ကြီးတွေအနေနဲ့ ရွှေည၀ါဆရာတော်ဘက်က တားမြစ်ချက်ကို မလိုက်နာဘဲ ဆက်ပြီး တရားဟောနေတာနဲ့ ပတ်သက်လို့ တပည့်ရင်းတစ်ပါးလို သဘောထားပြီး ရင်းရင်းနှီးနှီး ခေါ်ယူဆုံးမသင့်ပါတယ်။ သတိပြုစရာအခြေအနေတွေရှိနေရင်လဲ တိုးတိုးတိတ်တိတ် သတိပေးထားသင့်ပါတယ်။ ဒီလို မလုပ်ခဲ့ကြတာဟာ ဆရာတော်ကြိးတွေရဲ့ အားနည်းချက်ပါ။
တတိယအားနည်းချက်ကတော့ ရွှေည၀ါဆရာတော်ကို ထောက်ခံအားပေးကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အားနည်းချက်ပါ။ သူတို့တွေဟာ စေတနာကောင်းနဲ့ လုပ်ဆောင်ကြတာပါ။ ဒါပေမဲ့ ပြဿနာကို ချဉ်းကပ်ရာမှာ ချဉ်းကပ်ပုံ မမှန်ပါဘူး။ စုပေါင်းလက်မှတ်ရေးထိုးပြီး ဆရာတော်ကြီးတွေထံကို စာတင်တာတို့၊ သမ္မတထံကို စာတင်တာတို့ဟာ အင်အားပြရာရောက်ပါတယ်။ ကိုယ်လေးစားတာ မလေးစားတာ အပထား၊ တဘက်က ဆရာတော်ကြီးတွေ ဖြစ်နေပါတယ်။ ယဉ်ကျေးမှုရှုထောင့်က ကြည့်ရင် မသင့်ပါဘူး။ ဒီကိစ္စမျိုးကို ဒီနည်းနဲ့ ချဉ်းကပ်တာဟာ မီးကို ရေနဲ့ ငြိမ်းသတ်ရာ မရောက်ဘဲ လောင်စာထပ်ဖြည့်ပေးရာရောက်ပါတယ်။ ဒါကတော့ နိုင်ငံရေးအင်အားစုတွေဘက်က အားနည်းချက်ပါ။
စတုတ္ထအားနည်းချက်ကတော့- ရွှေည၀ါနဲ့ မဟန ကြားမှာ ၀င်ရောက်ဖြန်ဖြေပြီး အကောင်းဆုံးအဖြေထွက်အောင် ညှိနှိုင်းဆောင်ရွက်ပေးမယ့် နှစ်ဖက်လုံးနဲ့ ရင်းနှီးတဲ့ ဆရာတော်တစ်ပါးတစ်လေမှ ပေါ်ထွက်မလာတာပါ။ သဘောထားကွဲပြားနေတာကို ညှိနှိုင်းစေစပ်ပေးရတာ၊ ကိုယ်စေ့စပ်ပေးလိုက်လို့ ညီညွတ်မှုရသွားကြတာတွေဟာ အလွန်ကို ၀မ်းမြောက်ဖွယ်ကောင်းတဲ့ ကုသိုလ်အလုပ်ပါ။ ဒီကုသိုလ်ကို ယူမယ့်ဆရာတော် တစ်ပါးတစ်လေမှ ပေါ်မလာတာဟာ ကံခေခြင်းပဲလို့ ပြောရမယ်ထင်ပါတယ်။
ဒီအားနည်းချက်တွေကို ဒီအချိန်မှာ မပြောချင်ပါဘူး။ နောက်နောင် ကိစ္စရပ်တိုင်းမှာ တတ်နိုင်သမျှ အားသာချက်တွေ ပေါ်ထွက်လာအောင် သတိပြုမိဖို့ ပြောလိုက်ခြင်းသာ ဖြစ်ပါတယ်။
ရွှေည၀ါဆရာတော်လဲ နေရာသစ်မှာ သာသနာပြုလုပ်ငန်းတွေကို ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကြားက ညှိနှိုင်းပေးဘို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။မပြောချင်ဘဲနဲ့ ပြောရမယ်ဆိုရင် မဟနဆရာတော်များ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိလို့ပါ။သာသနာရေးဝန်ကြီးဌိာလက်အောက်ခံ သာသနာ့တက္ကသိုလ်ကြီးတွေရဲ့ ပါမောက္ခချုပ်ဆရာတော်တွေကို ရွေးချယ်တာတောင် စာအိတ်ပိတ်ပြီး ရွေးပြီးသားကို အစည်းဝေးမှာ ဖွင့်ဖတ်ရတာပါ။ဒါ သက်သေပါ။