မားဆိုး
(၁)
‘ရန်ကုန်’
‘မဟာရန်ကုန်’ တဲ့လေ ...
ရန်အပေါင်း ကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့ မြို့။
(၂)
အဲ့ဒီမြို့ကြီးပေါ့ ... ‘မီဂါစီးတီး’ တဲ့
ရွံစရာ အနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစက်လေးမှ မသာယာနိုင်တဲ့ မြို့။
ယင်တလောင်းလောင်း၊ ပြည်တစိုစို
ညနေညိုချိန် ‘အေ့’ ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့ မြို့။
အနာဂတ်နိုင်ငံတော်ကို ရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းပေါက်ခတ်ခဲ့ဖူးတဲ့ မြို့။
အောင်ကျော်၊ ဖုန်းမော်
ဝင်းမော်ဦး၊ ...၊ ...၊ ...
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ရင်း
“မိုးပေါ်ထောင်မဖောက်ဘူး” လို့ အပြောခံလိုက်ရတဲ့ မြို့။
၆၂ - ၇၄ - ၇၆ - ၈၈ - ၉၆ - ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျ စီးမျော
သွေးကြွေးအထပ်ထပ်၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့ မြို့။
လူတစုက သုဘရာဇာလုပ်
လူတစုက ဂုပ်သွေးစုပ်ရင်း
ကျန်တဲ့ သတ္တဝါ (၆) သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့ မြို့။
သေနတ်ဖောက်သံကို ပန်းနဲ့ ပေါက်သလောက် သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ ... ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့ မြို့။
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်လို့ ဆိုရမလား
တချို့က မင်္ဂလာ (၆) ကြိမ် ဆောင်နေချိန်
တချို့က နို့ညှာကလေး သေလို့တောင်မှ
မသင်္ဂြိုဟ်နိုင်တဲ့ မြို့။
ဒေါင်းယောင်ဆောင်သော ကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တဆုပ်စာက
ထူးခတ်တာ ခံလိုက်ရတဲ့ မြို့။
ဘီယာဆိုင်၊ မာဆက်
ညကလပ်နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့ မြို့။
တချိန်တုန်းကတော့
စင်္ကာပူနဲ့ အမြွှာညီအစ်မတဲ့
ခုကျတော့ ...
ဂိုချောက်တောင်၊ ဟူဂျင်တောင်းတို့က
နှပ်ပစ်၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာက မြို့။
နွေရာသီဈေးကွက်၊ မြက်တုခင်း လေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွာလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ --ီး၊ လချီး အတိုင်းခံရတဲ့ မြို့။
ငွေစကား၊ ကြေးစကား ပြောရင်း
“အနုပညာသမားပါ ...” လို့ ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမားနဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့ မြို့။
‘ဒုတိယတန်းတနေရာ’ မှာ
‘ငါးကျပ်တန်တရွက်’ ကျပျောက်တုန်း
‘မိုးလိုက်လို့ရွာ’ ခံရ
ပိုးထိုးလောက်ကိုက်၊ အခွံချည်းကျန်ခဲ့တဲ့ မြို့။
မီးပျက်၊ ဖုန်ထူ၊ ရေမရှိ
‘ရေမီးရှား’ လို့ အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတပြားအတွက်
လမ်းတခြမ်း ခင်းခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့ မြို့။
ရာစုနှစ်ဝက်နီးပါး ခြေတော်အတင်ခံ
နုတလှည့်၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစည်းခံရင်း
လင်ကောင်ဖော်ရခက်နေတဲ့ မြို့။
ဘူတာရုံမှာ သင်္ဘောကြီးတွေ ကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ ပေါက်ရင် ထိမယ်
တလုံး၊ နှစ်လုံး၊ သုံးလုံး ...
မနက်တနပ် ညတနပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက်မက်တတ်တဲ့ မြို့။
ရှမ်းခေါက်ဆွဲ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တခါသုံးဆပ်ပြာနဲ့ တဆက်ရှင်စာ ဟိုတယ်ခန်းမှာ
စာရိတ္တတွေ ကျကျပျောက်နေကြတဲ့ မြို့။
လှည်းတန်းမီးပွိုင့် အရမ်းကျပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
‘စကော့ဈေး၊ လေဟာပြင်၊ သိမ်ကြီးဈေး၊ တရုတ်တန်း’
ခုချိန်ထိ အကြွေ (၁၀၀) ပြန်မအမ်းနိုင်သေးတဲ့ မြို့။
တတိယနိုင်ငံတွေဆီက လွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေ ရှုရင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့ ငိုက်တတ်သေးတဲ့ မြို့။
“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ်” တဲ့
ခဲတံကို တံတွေးဆွတ်ရင်းပြော
တောက အမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာ မြို့။
‘မီဂါစီးတီး’ ဆိုတာ အဲ့ဒီမြို့ကြီးပါပဲ။
( ၃ )
အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
တိုက်ပျော်၊ သေပျော်
ကျနော် အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
ဟိန်းသံဟောက်သံ မကြောက်တတ်တဲ့
ရဲရဲတောက် လူငယ်တွေ ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
စည်းအထပ်ထပ်၊ ရိုးအကာကာ
ပါဝါ ၅၄ လည်း ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
အပြန်နောက်ကျတဲ့ သားကို
တံခါးဝ ခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
မှီခိုသူ ...
အမေ တစ်၊ ညီ တစ်၊ ညီမလေး တစ်
ကျနော် ချစ်ရတဲ့ အိမ်ကလေးရှိတယ်။
ဘာပဲဖြစ်ဖြစ်
‘ရန်ကုန်’ ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး ‘မဟာရန်ကုန်’ ဆိုတာကြီးကို
ကျနော် ချစ်တယ်။ ။
(ဆတ်သွား-ပုသိမ်-ရေနံချောင်း ... ရင်ဘတ်ချင်း ဂျပ်ပင်ထိုးပြီး ရေးတယ်)
မားဆိုး
(၂၅-၀၁-၂၀၁၀)
Very delicious.....