ဆိုင်နာမည်က - မီးမီးစားသောက်ဆိုင်။
သောကြာည ဆိုပေမယ့် ဆိုင်ထဲ လူရှင်းနေပါတယ်။ ဘယ်နေ့ လူများသလဲလို့ ဆိုင်ဝန်ထမ်းတယောက်ကို မေးကြည့်တော့ ဒီလိုပါပဲ၊ ပုံမှန် မရှိပါဘူး လို့ ဆိုတယ်။
ဧည့်သည် ပုံမှန်မရှိလည်း ကိစ္စမရှိပါဘူး၊ မီးမီးဆိုင်က ချင်းမိုင်မြို့ မြန်မာအစားအစာ ရတဲ့ဆိုင်တွေထဲမှာ အကောင်းဆုံးပဲ မဟုတ်လား။
ဒီဆိုင်ကို လာတာ ၂ လအတွင်း ၃ ကြိမ်မြောက် လာဖြစ်တာပါ။ အိမ်နဲ့ နီးမယ်၊ ကျနော့် ဘဏ်ကတ်ထဲမှာလည်း ပမာဏ များများ ရှိမယ် ဆိုရင်တော့ တပတ်တကြိမ်တော့ လာဖြစ်မယ့်နေရာပေါ့။
ကဲ ... စားပါပြီ။ ပုံမှာ မြင်ရတဲ့အတိုင်း ဟင်းတွေ မှာထားပါတယ်။
ဒီတခါလည်း အသုပ်ထဲ ငရုပ်သီးမထည့်ဖို့ ကြိုမပြောမိပါဘူး။ ဒါကြောင့် ငရုပ်သီးမစားသူက ရွေးကောက်ပွဲလုပ်၊ ရှာဖွေရေး အရင်လုပ်ပြီး စားရပါတယ်။ အမြင်စူးရှမယ်၊ ငရုပ်သီး နဲ့ အရွက်နဲ့ ခွဲနိုင်မယ် ဆိုရင် အဆင်ပြေပါပြီလေ၊ ရှူးရှူးရှဲရှဲ မဖြစ်တော့ဘူးပေါ့။
ချဉ်ပေါင်ဟင်းရည် မှာတုန်းကတော့ ပုဇွန်ထည့်မလား၊ ငါးထည့်မလား မေးပါသေးတယ်။ ငါးကို ရွေးပါတယ်။ သောက်လို့ ကောင်းပါတယ်။ ငါးကို သပ်သပ်ချက်ထားပုံပါပဲ။ ဟင်းရည်ထဲက ငါးချည်းပဲ ယူစားလည်း ငါးဟင်းစားရသလိုမျိုး ထင်ရပါတယ်။
ငါး ဆိုလို့ ပြောရရင် - ပုံထဲက စားပွဲပေါ်မှာတွေ့တဲ့အတိုင်း အပြင် အဝေးပြေးကားလမ်းဘေး ငါးကင်ဆိုင်က ငါးတကောင် (ဘတ် ၁၃၀) ၀ယ်လာပါတယ်။ စားချင်လွန်းလို့ ၀ယ်လာတာပါ လို့ ဆိုင်ဝန်ထမ်းတွေကို အသိပေးပြီး စားပွဲပေါ် တင်စားတာပါ။ တချို့ဆိုင်တွေမှာ ပြင်ပအစားအစာ ယူလာခွင့်မရှိပါ၊ ဒီဆိုင်မှာ ဒီစည်းကမ်းချက် ရေးမထား ကပ်မထားပေမယ့် လေးစားသမှုနဲ့ အသိပေးလိုက်တာပါ။
စားနေတုန်း တယ်လီဖုန်းနဲ့ အော်ဒါမှာသံ ကြားရပြီး မကြာခင် မှာယူသူ ရောက်လာပါတယ်။ မီးဖိုထဲက ထွက်လာတဲ့ ဟင်းဘူးတွေ အိမ်သယ်သွားပါတယ်။
ဖုန်းဆက်မှာနိုင်တယ် ဆိုတော့ အချိန်သိပ်မရသူများအတွက် အဆင်ပြေပြီပေါ့။
လိပ်စာကတ်မှာ ရေးထားတဲ့ ဆိုင်ဖုန်းနံပတ်က ဝ၈ - ၂၇၆၃ - ၃၉၆၈ ဖြစ်ပါတယ်။ ဆိုင်မရောက်ခင် မိနစ် ၂၀ နာရီဝက် ကြိုမှာထားလိုက်ရင် ဆိုင်ရောက်တာနဲ့ အသင့် စားရုံပဲပေါ့။
စားနေတုန်း စားဖိုမှူး (လို့ ယူဆရသူ) မီးဖိုဘက်ကနေ ထွက်လာတယ်။ သူ့တီရှပ်က ချင်းမိုင် နာရေးကူညီမှုအသင်း တံဆိပ် ရိုက်ထားတယ်။ (ဆိုင်ပိုင်ရှင် မမီးမီးကလည်း ဒီအသင်းမှာ ဦးဆောင် လှုပ်ရှားသူ တဦးလို့ ကြားဖူးပါတယ်။)
ဆိုင်အကြောင်း နည်းနည်း ပြောရရင် သိပ်မကြာခင်က ဒီဆိုင်ကို တခြား မြန်မာပြည်သားတဦးလက်ထဲ ထည့်လိုက်ပါသေးတယ်။ ဆိုင်းဘုတ် နဲ့ ဆိုင်ပစ္စည်းပစ္စယများ၊ ၀န်ထမ်းများလည်း ပါတာပေါ့။ အခုတော့ ဆိုင်က မမီးမီးလက်ထဲ ပြန်ရောက်နေပါပြီ တဲ့။
ဆိုင်ပိုင်ရှင် အပြောင်းအလဲတွေက ဆိုင်ထမင်းဟင်းတွေအပေါ် ရိုက်ခတ်ပုံ မရပါဘူး၊ တလျှောက်လုံး ဒီဝန်ထမ်းတွေပဲ ချက်ပြုတ် စီစဉ်နေကြလို့ပါပဲ။
အားသာချက်တွေက -
စားလို့ကောင်းတယ်၊
ဆိုင်ဝန်ထမ်းများ ဖော်ရွေတယ်၊
ဝန်ထမ်းတွေ ဘာသာစုံ ပြောနိုင်ပုံရတယ် (မြန်မာ၊ ရှမ်း၊ ထိုင်း၊ အင်္ဂလိပ်)
ကြိုးမဲ့အင်တာနက်ရှိ၊ password တော့ တောင်းရမယ်။
ဆိုင်ရှေ့မှာ မှန်တွေကာ၊ မှန်တံခါးတပ်ထားတယ်။ တံခါးပိတ်လိုက်ရင် အပြင်ဝိုင်းတွေက ဆေးလိပ်ငွေ့ အထဲ မရောက်နိုင်။
အားနည်းချက်တချို့က -
(ပန်ကာ ၄ လုံးတော့ ရှိပေမယ့်) လေအေးစက် မတွေ့ရဘူး၊
အသုပ်တွေမှာ ငရုပ်သီးစိမ်းထည့်တယ်
ဆိုင်က Ruamchok ဈေးထဲမှာ ရှိတာပါ။ (မြန်မာပြည်ပို့တဲ့ တပတ်ရစ်ဆိုင်ကယ်တွေ အများကြီးရောင်းတဲ့ဈေးလည်း ဖြစ်ပါတယ်။)
ဈေးက အစုံရောင်းတယ်၊ ကုန်စိမ်း ကုန်ခြောက်၊ အ၀တ်အထည် စသဖြင့်။ ၀ယ်လို့ အားမရရင် အနားမှာ ရှိတဲ့ Rim Ping စူပါမတ်ကက် (San Sai ဆိုင်ခွဲ) နဲ့ စတိုးဆိုင်တွေထဲ သွားလို့ ရပါသေးတယ်။ ကွမ်းယာဆိုင်၊ မြန်မာစာအုပ်အငှားဆိုင်၊ မြန်မာပြည်သားတို့အတွက် အလုပ်သမားလက်မှတ် အကျိုးဆောင်လုပ်ငန်းတောင် ဈေးထဲမှာ တွေ့ရပါလိမ့်မယ်။
ဆိုင်လိပ်စာ အတိအကျက -
Mee Mee Restaurant
E 15 , Ruamchok Market
T. Faham, Chiang Mai
E 15 ဆိုတာ ဆိုင်နံပတ် ဖြစ်ပါတယ်။
"အဲဒီလိပ်စာအတိုင်းဆို စာပို့သမားတွေပဲ သွားတတ်မှာပေါ့၊ သွားရလွယ်အောင် ပြောစမ်းပါ" ဆိုရင် -
မီးမီးဆိုင်ဖွင့်ချိန်က မနက် ၁ဝ နာရီကနေ ည ၉ နာရီအထိပါ။
ဆိုင်းဘုတ်တခုမှာ ဟင်္သာပုံ တွေ့မယ်၊ ဟင်္သာဘေးမှာ Mee Mee လို့ ရေးထားမယ် ဆိုရင် အဲဒီဆိုင်ထဲ ၀င်သွားလိုက်ပါ၊ အဲဒါ မီးမီးဆိုင်ပါပဲ။
ဆိုင်ထဲမှာ အယောက် ၂၀ ကျော်၊ ဆိုင်ရှေ့မှာတော့ ၈ ယောက် ၉ ယောက် ထိုင်နိုင်ကြပါတယ်။ ဆေးလိပ်ဖွာလိုသူများ ဆိုင်ရှေ့ဝိုင်းမှာ နေရာယူပါလေ။
နာမည်က မီးမီး စားသောက်ဆိုင် ဆိုတော့ သောက်စရာလည်း မှာနိုင်ပါတယ်။
အစားအသောက်စာရင်းမှာ ဖော်ပြထားတဲ့အတိုင်း မြန်မာစာ၊ ရှမ်းစာ၊ ထိုင်းစာတွေ ရနိုင်ကြောင်း လက်တို့လိုက်ပါတယ်။
အခုလိုကြော်ငြာထည့်ပေးမယ်ဆိုပြိး
အဲဒါတွေအလကားညာစားလာတာမပာုတ်လား။
သာပေါင်းညာစား၊ပာားပာားပာား။