~
ရဲထွဋ်
မီဒီယာပေါင်းစည်းမှုနှင့် စာနယ်ဇင်းကောင်စီ၏ အခန်းကဏ္ဍ
စာနယ်ဇင်းကောင်စီများကို စတင်ဖွဲ့စည်းခဲ့ချိန်က စာနယ်ဇင်းသမားများ၊ အထူးသဖြင့် သတင်းထောက်များ သို့မဟုတ် ဂျာနယ်လစ်များနှင့်သက်ဆိုင်သည့်အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သတင်းအချက်အလည်နည်းပညာများ၊ သတင်းတင်ဆက်ပုံနည်းစနစ်များ ပြောင်းလဲတိုးတက်လာချိန်တွင် ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာနှင့် မီဒီယာသစ် ( New Media) ဖြစ်သည့် အွန်လိုင်းမီဒီယာများအကြား ကွဲပြားခြားနားမှုမှာ မရှိသ လောက်ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်း မီဒီယာပေါင်းစည်းမှု ( Media Convergence ) ခေတ်ကာလတွင် စာနယ်ဇင်း ကောင်စီများ၏ အခန်းကဏ္ဍကိုလည်း လိုက်ပါပြောင်းလဲရန်လိုမလို စဉ်းစားရန်လိုအပ်လာပြီဖြစ်သည်။ သြစတေးလျနိုင်ငံ ပင်လျှင် ၂၀၁၁ ခုနှစ်တွင် Convergence Review Committee ကိုဖွဲ့စည်းခဲ့ပြီး မီဒီယာပေါင်းစည်းမှုကြောင့် ပြောင်းလဲ ဆောင်ရွက်ရမည့် စာနယ်ဇင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လေ့လာလျှက်ရှိရာ ယခုမေလတွင် ကော်မတီ၏ လေ့လာတွေ့ရှိချက်များကို လွှတ်တော် သို့တင်သွင်းခဲ့ပြီးဖြစ်သည်။
ရုပ်သံလွှင့်မီဒီယာနှင့်ပတ်သက်လျှင် ဆွီဒင်စာနယ်ဇင်းကောင်စီက ပုံနှိပ်၊ရေဒီယိုနှင့် ရုပ်မြင်သံကြားဆိုင်ရာ စာနယ်ဇင်း ကျင့်ဝတ် ( Code of Ethics for Press, Radio and Televesion in Sweden) ကို ပြဋ္ဌာန်းထားပြီး ဆွီဒင် ရေဒီယိုနှင့် ရုပ် မြင်သံကြားဆိုင်ရာအဖွဲ့ဖြစ်သည့် Swedish Radio and Televesion Authority က ထိုကျင့်ဝတ်များနှင့်အညီစီမံဆောင် ရွက်သည်ကိုတွေ့ရသည်။ ဖင်လန်နိုင်ငံတွင်မူ ၁၉၆၈ ခုနှစ်စတင်ဖွဲ့စည်းစဉ်ကပင် မီဒီယာအားလုံးအတွက်ရည်စူးပြီး Council for Mass Media အမည်ဖြင့်ဖွဲ့စည်းခဲ့ပြီး ပုံနှိပ်နှင့် ရုပ်သံမီဒီယာနှစ်ခုလုံးနှင့်ပတ်သက်ပြီး တာဝန်ယူဆောင်ရွက် လျှက်ရှိသည်။ ဒိန်းမတ်နိုင်ငံတွင်လည်း ဒိန်းမတ်ရုပ်သံလွှင့်လိုင်စင်ဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံမီဒီယာအားလုံး စာနယ် ဇင်းကောင်စီအဖွဲ့ဝင်ဖြစ်ရန်နှင့် ဆုံးဖြတ်ချက်များကိုလိုက်နာရန် ဥပဒေဖြင့် သတ်မှတ်ထားသည်ကိုတွေ့ရသည်။ နယ်သာ လန်နိုင်ငံတွင်မူ စာနယ်ဇင်းကောင်စီအနေဖြင့် ရုပ်သံနှင့် အွန်လိုင်းသတင်းသမားများအတွက်ပါ တာဝန်ယူရန်သင့်မသင့် သုံးသပ်မှုများပြုလုပ်နေသည်ကိုတွေ့ရသည်။ ဂျာမန်စာနယ်ဇင်းကောင်စီအနေဖြင့်လည်း ရုပ်သံလွှင့် မီဒီယာများအပေါ် တာဝန်ယူမှုမရှိသော်လည်း ဂျာမန်ရုပ်မြင်သံကြားအာဏာပိုင်များအနေဖြင့် ရုပ်သံသတင်းထောက်များ ၏ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများနှင့်ပတ်သက်လျှင် စာနယ်ဇင်းကောင်စီ၏ သဘောထားကို ရယူလေ့ရှိသည်။ အာရှတိုက်ရှိ အင်ဒိုနီးရှားနှင့် အိန္ဒိယစာနယ်ဇင်းကောင်စီများသည်လည်း ရုပ်သံလွှင့်မီဒီယာအပေါ် တာဝန်ယူမှုမရှိဘဲ အစိုးရက ဖွဲ့စည်းပေးထားသည့် ရုပ်သံကောင်စီ ( Braodcast Council) များကသာတာဝန်ယူဆောင်ရွက်သည်ကိုတွေ့ရသည်။
အင်တာနက်မီဒီယာများ၏ အခြေအနေကတစ်မျိုးထူးခြားသည်။ အင်တာနက်ပေါ်မှာ ညစ်ညမ်းဝက်ဘ်ဆိုက်များ၊ ငွေကြေး လိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး ဆိုင်ဘာမှုခင်းဆိုင်ရာဥပဒေများရှိသော်လည်း ပြည်သူများက ၎င်းတို့၏ အမြင်များကို လွတ်လပ်စွာဖော်ထုတ်ရေးသားခြင်းနှင့်ပတ်သက်လျှင်မူ ထိန်းချုပ်ရန်မသင့်ဟု ယူဆထားကြသည်။ သို့သော် မီဒီယာပေါင်းစည်းမှုမြင့်မားလာချိန်တွင် ပုံနှိပ်မီဒီယာများကလည်း အင်တာနက်ပေါ်တွင်လွှင့်တင်လာသကဲ့သို့ စာနယ်ဇင်း သမားများကလည်း ကိုယ်ပိုင် ဘလော့ဂ်၊ ဖေ့်စဘွတ်၊ တွစ်တာများအသုံးပြုပြီး မိမိတို့အမြင်များကိုရေးသားလာခဲ့ကြသည်။ ထို့ပြင် ပြည်သူတစ်ဦးချင်းကလည်း သတင်းသမားများအဖြစ် သတင်းများ၊ သတင်းဓာတ်ပုံများ၊ ရုပ်သံဖိုင်များကို လွှင့်တင် လာသည်ကိုတွေ့ရပြန်သည်။ ထို့ကြောင့် အွန်လိုင်းသတင်းရေးသားမှုများအနေဖြင့်လည်း စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာ စောင့်ထိန်းသင့်သည်ဆိုသည့် အယူအဆများလည်းပေါ်ပေါက်လာခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဆွီဒင်စာနယ်ဇင်းကောင်စီက ပုံနှိပ်မီဒီယာများ၏ အင်တာနက်လွှင့်တင်မှုများသာမက အွန်လိုင်းသီးသန့် သတင်းလွှင့်တင်သူများပါ စာနယ်ဇင်းကောင်စီအဖြစ် ၀င်ရောက်မှတ်ပုံတင်ခွင့်ပြုခဲ့ရာယခုအချိန်အထိ အွန်လိုင်းသတင်း အေဂျင်စီ ခုနှစ်ခုက မှတ်ပုံတင်ထားပြီးဖြစ်သည်။ ထိုအေဂျင်စီများက ၎င်းတို့၏ ၀က်ဘ်ဆိုက်များတွင် စာနယ်ဇင်းကောင်စီ ၏ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်နေကြောင်းဖော်ပြခြင်းဖြင့် ပရိသတ်၏ ယုံကြည်ကိုးစားမှုပိုမိုရရှိလာသည် ကိုတွေ့ရသည်။ ဆွီဒင်စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းများအရ အွန်လိုင်းသတင်းအေဂျင်စီများက မှတ်ပုံတင်ရာတွင် ပုံနှိပ် မီဒီယာများကဲ့သို့ပင် တာဝန်ခံအယ်ဒီတာ သို့မဟုတ် ထုတ်ဝေသူအမည်ကို မှတ်ပုံတင်ရန်လိုအပ်သည်။ သို့သော် ပုံနှိပ် မီဒီယာများကဲ့သို့ အခကြေးငွေပေးဆောင်ရန်မလိုသော်လည်း ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့်ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကိုလိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ ထိုကဲ့သို့ စာနယ်ဇင်းကောင်စီဝင်ထားခြင်းအားဖြင့် အွန်လိုင်းသတင်းအေဂျင်စီနှင့် အေဂျင်စီမှ သတင်းထောက်များသည့် ဆွီဒင် သတင်းလွတ်လပ်ခွင့်ဥပဒေ ( Freedom of Press Act ) မှပေးအပ်သော အကာအကွယ်များကို ရရှိမည်ဖြစ်သည်။
နော်ဝေစာနယ်ဇင်းကောင်စီကလည်း ၂၀၁၁ ခုနှစ်တွင် ပုံနှိပ်မီဒီယာများ၏ ၀က်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်၊ တွစ်တာနှင့် အခြား လူမှုကွန်ယက်များသာမက စာနယ်ဇင်းသမားများ၏ ကိုယ်ပိုင်လူမှုကွန်ယက်များပေါ်မှ ရေးသားချက်များအပေါ် စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိကြောင်းတိုင်ကြားချက်များကိုလက်ခံစုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် စာနယ်ဇင်းသမား များ ၏ ရေးသားချက်များနှင့်ပတ်သက်ပါက စာနယ်ဇင်းများတွင်ရေးသားဖော်ပြပြီးသတင်းနှင့်ပတ်သက်၍ ဆက်လက်ရေးသား မှုများ၊ စာနယ်ဇင်းတွင် ကျင့်ဝတ်အရဖော်ပြရန်မသင့်သဖြင့် ချန်လှပ်ခဲ့သောသတင်းများကို အင်တာနက်ပေါ်တွင် လွှင့်တင် မှုများနှင့်ပတ်သက်သည့်တိုင်ကြားချက်များကိုသာလက်ခံစိစစ်ရန်သတ်မှတ်ထားသည်ကိုတွေ့ရသည်။
ဂျာမန်စာနယ်ဇင်းကောင်စီကလည်း ရုပ်သံလွှင့်မီဒီယာများနှင့်ပတ်သက်၍အရေးယူဆောင်ရွက်မှုမပြုသော်လည်း ပုံနှိပ်မီဒီ ယာများ၏ ၀က်ဘ်ဆိုက်များပေါ်မှာ သတင်းနှင့်အယ်ဒီတာ့အာဘော်ဆိုင်ရာရေးသားချက်များနှင့်ပတ်သက်သည့် တိုင်ကြား ချက်များကို လက်ခံစိစစ်ရန် ၂၀၀၉ ခုနှစ်တွင်ဆုံးဖြတ်ခဲ့သည်။ ဂျာမန်စာနယ်ဇင်းကောင်စီဥက္ကဌ Bernd Hilder က အနာဂတ်တွင် အွန်လိုင်းသတင်းအေဂျင်စီများကို ကောင်စီအဖွဲ့ဝင်အဖြစ်လက်ခံနိုင်ရေးစဉ်းစားလျှက်ရှိသည်ဟုလည်း ထုတ်ဖော်ပြောကြားထားသည်ကိုတွေ့ရသည်။
ဖင်လန်မီဒီယာကောင်စီကတော့ တစ်နှစ်ကျော်အချိန်ယူဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အင်တာနက်မီဒီယာများနှင့် ပတ်သက်သည့်နောက်ဆက်တွဲစည်းကမ်းချက်များကို ၂၀၁၁ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည်။ ထိုစည်းမျဉ်းများအရ ၀က်ဘက် ဆိုက်များ၏ရေးသားချက်များသာမက ၀က်ဘ်ဆိုက်များပေါ်တွင်ပါဝင်ရေးသားချက်များ (User Generated Materials ) နှင့်ပတ်သက်သည့်ကန့်ကွက်ချက်များကိုပါ ကျင့်ဝတ်နှင့်ညီမညီစိစစ်သွားမည်ဖြစ်သည်။
ဒိန်းမတ်စာနယ်ဇင်းကောင်စီကမူ ပုံနှိပ်နှင့် ရုပ်သံမီဒီယာများကို စာနယ်ဇင်းကောင်စီမ၀င်မနေရသတ်မှတ်ထားသော်လည်း အွန်လိုင်းအေဂျင်စီများ၊ ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ်များကိုမူ ဆန္ဒအလျှောက်သာ မှတ်ပုံတင်ရန်သတ်မှတ်ထားသည်။ သို့သော် စာနယ်ဇင်းကောင်စီဝင် ဖြစ်မှုသည် အေဂျင်စီအပေါ် ယုံကြည်စိတ်ချမှုကို တိုးပွားစေသဖြင့် ထိုကဲ့သို့ မှတ်ပုံတင်ထားသူပေါင်း ၃၅၀ ကျော်ရှိသည်ကိုတွေ့ရသည်။ ထို့ပြင် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များ၏ လူမှုကွန်ယက်များ ကိုလည်းကောင်စီတွင် မှတ်ပုံတင်ရန်သတ်မှတ်ထားသည်ကိုတွေ့ရသည်။ ဒိန်းမတ်လွှတ်တော်ကလည်း ယခုနှစ်တွင် စာနယ်ဇင်းကောင်စီနှင့် မီဒီယာပေါင်းစည်းမှုအခြေအနေကို ပြန်လည်သုံးသပ်ပြီးလိုအပ်ပါက ဥပဒေများပြင်ဆင်ရေးဆွဲရန် စီစဉ်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။
အိုင်ယာလန်နိုင်ငံနှင့် သြစတေးလျ စာနယ်ဇင်းကောင်စီများကတော့ အွန်လိုင်းမီဒီယာများအနေဖြင့် ဆန္ဒအလျှောက် စာနယ်ဇင်းကောင်စီသို့ ၀င်လိုက ၀င်နိုင်ရန်ခွင့်ပြုထားသည်။ နယူးဇီလန်နိုင်ငံတွင်မူ ဥပဒေလေ့လာရေးကော်မရှင်က The News Media Meets New Media: Rights , Responsibilities, and Regulation in Digital Age အမည်ဖြင့် အစီရင် ခံစာတစ်စောင်ပြုစုခဲ့ပြီး အွန်လိုင်းမီဒီယာများကို စာနယ်ဇင်းကောင်စီအတွင်းပေါင်းစည်းနိုင်ရန်အတွက်အကြံပြုထား သည်။
အိန္ဒိယစာနယ်ဇင်းကောင်စီအနေဖြင့် အွန်လိုင်းမီဒီယာအပေါ် တာဝန်ယူမှုမရှိသေးသော်လည်း ပြီးခဲ့သည့်ဧပြီလ ၁၂ ရက် ရက်နေ့တွင် စာနယ်ဇင်းကောင်စီဥက္ကဌ Markandey Katju က လူမှုကွန်ယက်များပေါ်တွင်တာဝန်မဲ့ရေးသားမှုများနှင့် ပတ်သက်ပြီးမည်ကဲ့သို့ကိုင်တွယ်ဆောင်ရွက်မည်ကို လေ့လာသုံးသပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း အိန္ဒိယအမျိုးသမီး သတင်းထောက်များညီလာခံတွင် ပြောကြားသွားခဲ့သည်ကိုတွေ့ရသည်။ အင်ဒိုနီးရှားစာနယ်ဇင်းကောင်စီကလည်း ပြီးခဲ့ သည့်ဖေဖော်ဝါရီလတွင် အွန်လိုင်းသတင်းမီဒီယာများ၊ လူမှုကွန်ယက်များအနေဖြင့် လိုက်နာကျင့်သုံးသင့်သည့် Cyber Media News Coverage Guidelines ကို ထုတ်ပြန်ခဲ့သည်။ ထိုစည်းကမ်းများတွင် သက်ဆိုင်ရာသတင်းဌာနများက ရေးသားလွှင့်တင်မှုများအပြင် ပရိသတ်တစ်ဦးချင်းက လွှင့်တင်သည့် စာသား၊ဓာတ်ပုံ၊ဗီဒီယိုဖိုင်များနှင့် ပတ်သက်ပြီး လိုက်နာရမည့်ကျင့်ဝတ်များကိုဖော်ပြထားသည်။ ထိုစည်းကမ်းများအရ အွန်လိုင်းမီဒီယာများအနေဖြင့် ပုံနှိပ်မီဒီယာများ နည်းတူ အမှားပြင်ဆင်ချက်ထည့်သွင်းခြင်း၊နစ်နာသူ ကာယကံရှင်၏ ဖြေရှင်းချက်ကို ပြန်လည်ဖော်ပြခြင်း၊ သတင်းမှန် မမှန် စိစစ်ရန်ပျက်ကွက်ခြင်းများအတွက် ဒဏ်ငွေ ရူပီးသန်းငါးရာ( အမေရိကန်ဒေါ်လာ ငါးထောင့်ခြောက်ရာခန့်) ပြစ်ဒဏ် ချမှတ်ရန်သတ်မှတ်ထားသည်ကိုလည်းတွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
အပိုင်း ၁ လင့် - http://www.irrawaddyblog.com/2012/05/blog-post_1299.html
အပိုင်း ၂ လင့် - http://blog.irrawaddy.org/2012/05/blog-post_6865.html
အပိုင်း ၃ လင့် - http://blog.irrawaddy.org/2012/06/blog-post_605.html
~
0 comments :
Post a Comment