သပန ၀န်ထမ်းတဦး ~
လွန်ခဲ့တဲ့ တပတ်က မြန်မာနိုင်ငံသမ္မတဟာ ပြည်သူများအတွက် နိုင်ငံတော်အတွက် ဆိုပြီး အပြောင်းအလဲတွေ များစွာ ပြုလုပ်ပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ရဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးအေးမြင့်လည်း အပါအ၀င် ဖြစ်ခဲ့ပါတယ်။ အခြားသောဝန်ကြီးများရဲ့ အပြောင်းအရွှေ့ကို ဒီစာမှာတော့ ကျွန်တော်ဝေဖန်လိုခြင်း မရှိပေမဲ့ ကျွန်တော်တို့ရဲ့ ၀န်ကြီးအပြောင်းအရွှေ့ကိုတော့ ကျွန်တော် ဝေဖန်လိုပါတယ်။
ကျွန်တော်တို့ သပနဟာ ဦးသောင်းလက်ထက်မှာ အတော်ပင် ပျက်စီးခဲ့ပါတယ်။ တကယ်အရည်အချင်းမရှိပဲ ဒေါက်တာဘွဲ့တွေရ၊ လူတော်တွေကို ချောင်ထိုး၊ သူနဲ့မတည့်ရင် ရာထူးချ အပစ်ပေးစတာတွေလုပ်၊ ကျောင်းတွေကို ဆောက်ပြီး လမ်း မဖောက်၊ မီး မရှိ ဘာ သင်ထောက်ကူပစ္စည်းမှ မရှိပဲဖွင့် စတဲ့ ပျက်စီးမှုတွေကြောင့် ၀န်ထမ်းတွေရဲ့စိတ်ထဲမှာ အလွန်ပင် နာကျင်ခဲ့ကြရပါတယ်။
အရင်က ခေတ်ကောင်းခဲ့တဲ့ RIT ကို ချောင်ထိုး အင်ဂျင်နီယာနဲ့ပညာတတ်တွေကို အညှိုးကြီးကြီးနဲ့ သတ်ပစ်ခဲ့တာလို့လဲမြင်ကြပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ ခုအစိုးရလက်ထက်မှာ အသစ်တက်လာတဲ့ ကျွန်တော်တို့ဝန်ကြီး ဦးအေးမြင့်ကြောင့် အရာအားလုံးဟာ မျက်လှည့်ပြသလို ပြောင်းလဲခဲ့ပါတယ်။
ဆရာဆရာမတွေကို လုပ်ရဲ ကိုင်ရဲလာအောင်၊ အသိအမြင် ကြွယ်ဝလာအောင် လမ်းဖွင့်ပေးခဲ့သလို၊ ဦးသောင်းကြောင့် နာကျင်ရတဲ့ စိတ်တွေကိုလည်း အားအင် ဖွံ့ဖြိုးအောင် လန်းဆန်းလာအောင် လုပ်ပေးခဲ့ပါတယ်။
ဦးအေးမြင့်ဟာ နေ့မနားညမနား သပနနဲ့ နိုင်ငံအတွက် အလုပ်လုပ်ပေးသလို ကျောင်းတွေကိုလည်း မြင့်တင်ပေးခြင်း သင်ထောက်ကူပစ္စည်းများ ၀ယ်ယူပေးခြင်း၊ အနာဂတ်အတွက် အင်ဂျင်နီယာများနှင့် ကွန်ပျူတာပညာရှင်များ ပေါ်ထွက်လာရန်
Center of Excellence ကျောင်းများ သတ်မှတ်ပေးခြင်း၊ ဆိုင်ရာကော်မတီများကို ပညာရှင်များနှင့် ပေါင်းစပ်ဖွဲ့စည်းပေးခြင်း၊
အနာဂတ် စီမံကိန်းများကို အားတက်သရောရေးဆွဲပေးခြင်း စတာတွေကို အသေးစိတ် ပြုလုပ်ပေးခဲ့ပါတယ်။ ၀န်ထမ်းတွေရဲ့ အချက်အလက်တွေကိုလည်း နည်းပညာ program တွေ အသုံးပြုပြီး သိမ်းဆည်းခြင်း e-government စနစ်ကို စတင်ဖြစ်ပေါ်ရန် ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဝန်ထမ်းတွေ ဆရာဆရာမတွေ ပညာရှင်တွေ ကျောင်းသားကျောင်းသူတွေရဲ့ ရင်ထဲမှာလည်း အင်ဂျင်နီယာနဲ့ ကွန်ပျူတာ တခေတ်ဆန်းပြီလို့ မှတ်ယူခဲ့ကြပါတယ်။ ယခုအစီအစဉ်များအတိုင်း အကောင်အထည်ဖော်မည်ဆိုပါက နောက် ၂၀၁၃ အတွင်းမှာပင် RIT ဟာ ယခင်က နာမည်ကျော်သလို ပြန်လည် ကျော်ကြားလာမှာလည်းဖြစ်ပါတယ်။
ခုတော့ ဒါတွေအားလုံးဟာ အားလုံးအတွက် နာကျင်ကျေကွဲစရာတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ အလွန်ချစ်ရတဲ့ အားကိုးရတဲ့ ၀န်ကြီးကို စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားလိုက်သည် ဆိုတဲ့ ကြေညာချက်အပြီးမှာ အားလုံးဟာ အားကိုးစရာ သစ်ပင်ကြီးပြိုလဲသွားသလို ခံစားခဲ့ရပါတယ်။ ပြည်သူတွေအတွက် နစ်နာစေနိုင်တဲ့ ၀န်ကြီးတွေကို ပြောင်းလဲတာ အပစ်မတင်ချင်ပေမယ့် ခုလို ကျွန်တော်တို့ ပညာရှင်တွေ အားကိုးတဲ့ ၀န်ကြီးကို ပြောင်းလဲလိုက်တာဟာ ပညာရင်တွေကို ယခုအစိုးရက ပြန်သတ်လိုက်တာလား ဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ ဒါကို သမ္မတကြီးကိုယ်တိုင်ပဲသိမှာပါ။
အခု သပနရဲ့ ပေါ်လစီ မငြိမ်သေးပါဘူး တည်နေတုန်းပဲရှိပါတယ် ၂၀၁၃ လောက်မှ ငြိမ်စပြုမှာပါ ပေါ်လစီ မငြိမ်သေးပဲနဲ့ ၀န်ကြီးတွေကို အပြောင်းအလဲလုပ်၊ ကောင်းတာလုပ်လဲ အသိအမှတ်မပြု ၀န်ထမ်းတွေ ကျောင်းသားတွေ ပညာရှင်တွေရဲ့ ဆန္ဒကို မေးမြန်းခြင်းမပြုပဲ ထင်ရာဌာနတွေ ပြောင်းရွှေ့၊ အဲဒါလား ဒီမိုကရေစီ အဲဒါလား လူအများဆန္ဒဆိုတာကို သမ္မတကြီးကို မေးခွန်းထုတ်လိုပါတယ်။
ကျွန်တော်တို့ ၀န်ကြီးဟာ ပကာသနမမက်ပါ၊ ထိုင်ခုံမမက်ပါ၊ အဲဒါတွေမက်နေရင် စက်မှုဝန်ကြီးဆိုတာ အင်မတန်မှ ကြီးကျယ်ပါတယ်။ ဒါပေမယ့် ၀န်ကြီးဟာ လူတော်လူကောင်းပါ တော်ရုံလူ မဟုတ်ပါ အင်မတန်စိတ်သဘောထား ကောင်းမွန်တဲ့လူကောင်း ဆိုတာ သပန၀န်ထမ်းတိုင်း ပညာရှင်တိုင်း ကျောင်းသားတိုင်း သိပါတယ်။
သူကိုယ်တိုင်လဲမပြောင်းရွှေ့ချင်ပါဘူး နည်းပညာကို တခေတ်ဆန်းစေချင်တာပါ။
အဲဒါကို မဟုတ်ပဲ ထင်ရာလျှောက်ပြောင်းတဲ့ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီစနစ်ကြီးကိုတော့ ကျွန်တော်နှင့် သပန၀န်ထမ်းများဟာ ဒီအစိုးရသက်တန်းအတွင်း ထပ်မံယုံကြည်လာနိုင်မှာ မဟုတ်တော့ကြောင်းနှင့် ပညာရှင်နဲ့ ပညာတတ်ကို သတ်သော အစိုးရအဖြစ် ရှုမြင်ကြောင်း တင်ပြအပ်ပါတယ်။
*
ဝန်းကြီးနဲ့အလွန်းသင့်တိုင်းဒီစကားမျိုးမပြောပါနဲ့။သမ္မတပြောင်းတာမှန်ပါတယ်