ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ် စတက်တော့ လှိုင်ကအဆောင်နားက လူတွေက ကတတ်ပြီလားလို့ မေးကြတယ်။
`မဟုတ်ဘူး ကျနော် ပန်းချီတက်တာပါ´လို့ ဘယ်လောက်ပြောပြော
လူတွေ့တာနဲ့ `မင်းသား တပုဒ်လောက် ကပြပါဦး´လို့ နှုတ်ဆက်ကြတာ။
ဟိုတလောက ကိုရီးယားမြေအောက်ရထားစီးတော့ အဲဒါသွားသတိရတယ်။
ထိုင်ခုံလေးရလို့ ဖုန်းနဲ့ game ဆော့နေတုန်း ဘေးနားက ဟားရားဘောဂျိတယောက်က `ဖုန်းနဲ့ TVဖမ်းကြည့်လို့ရတယ် ပြောတယ် ဟုတ်လား´တဲ့။
ဟုတ်..ရတော့ရတယ်၊ ကျနော်ကတော့ သိပ်မသိပါဘူး ဆိုတော့ `အဲဒါ ဘာလဲ´တဲ့။
TV မဟုတ်ပါဘူး game ဆော့နေတာပါဆိုတော့ ဖုန်းအကြောင်း အများကြီးထပ်မေးနေတယ်။
(အစက တခွန်းလောက် ဖြေလိုက်ရင် လေသံကြားတာနဲ့ ဪ..ဖော်ရိန်နာပဲ ဆိုပြီး ထပ်မမေးလောက်တော့ဘူး ထင်တာ)။ ဒါနဲ့ စကားမြန်မြန်ဖြတ်မှ ဆိုပြီး
`ကျနော် ဟန်းကုဆာရမ်း မဟုတ်ပါဘူးခဗျာ။ ကိုရီးယားလို သိပ်မတတ်ပါဘူး´လို့ပြောတော့
အံ့ဩတကြီးနဲ့
ဟေ..ဟုတ်လား၊ မင်းက ဒီမှာ ဘာလုပ်နေတာလဲတဲ့။
`ကျနော် ကျောင်းတက်နေတာပါ အနုပညာတက္ကသိုလ်ပါ´ဆိုတော့
ဪ.. အဲ့ကျောင်းကို သိတယ်၊ မင်းက ရုပ်ရှင်ရိုက်ဖို့လားတဲ့။
`မဟုတ်ပါဘူး၊ ကျနော် animation မေဂျာပါ´ပြောလည်း မရဘူး။
ကျောင်းပြီးရင် ပြန်မှာလား၊ ဒီမှာ ရုပ်ရှင်ရိုက်မှာလားတဲ့။
ဒါနဲ့ ရှင်းမရနိုင်မှန်းသိလို့ ပြီးပြီးရောဆိုပြီး
`ဟုတ်ကဲ့ ကျနော် ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး ရိုက်မှာပါခဗျာ´လို့ ဖြေလိုက်မိတာ…
ကျနော့်ကို ခြေဆုံးခေါင်းဆုံး အကဲခပ်ပြီး
`အေးပေါ့.. မင်းပုံစံနဲ့ ကိုရီးယားမင်းသားတွေကို ဘယ်တိုးလို့ ရမှာလဲ´တဲ့။ `ပြီးတော့ ကိုရီးယားလိုမှ မပီတာ´တဲ့။
စော်ကားချက် အဘရယ်..။
သိတယ်မလား၊ ဟားရားဘောဂျိဆိုတော့ အာပေါင်အာရင်းနဲ့ အစအဆုံး အကျယ်ကြီး အော်ပြောနေတာဆိုတော့ ..
ရထားတတွဲလုံးက လူတွေကလည်း K-star တွေကို ပြိုင်ဖိုက်မယ့် ပေစုတ်စုတ်ငနဲကို စိတ်ဝင်တစား ဝိုင်းရှိုးကြတာပေါ့နော်။
ကိုယ်လည်း ရှက်ရှက်နဲ့ `အဘ.. ကျနော် ရှေ့ဘူတာဆင်းရတော့မယ်ဆိုပြီး´ တွေ့တဲ့ဘူတာ ကောက်ဆင်းလိုက်ရတယ်။
ဒါတောင် အဆင်းမှာ လှမ်းအော်ပြောလိုက်သေးတယ်၊
`မိတ်ကပ်ပြင်လိုက်ရင်တော့ ရုပ်ထွက်လာမှာပါ´ဆိုပဲ။
ကာတွန်းဘီရုမာမိုးမခ http://moemaka.com ကနေ ကူးယူ ဖော်ပြပါတယ်။
.
0 comments :
Post a Comment