ပျင်းတတ်တဲ့ တို့လူငယ်တို့ အတွက် တွေးတော စဉ်းစားခြင်းနဲ့ စိတ်ကူးခြင်း ဆိုတာကို ပျင်းပျင်းနဲ့ ရှင်းပြခဲ့ပါ တယ်။ ဥပမာပေး ပြီးတော့လည်း ပြောခဲ့ပါတယ်။ အခုတပတ်တော့ “ဘတ်စကားစီးခြင်း အနုပညာ”ကို တင်ဆက် ပြောပြပါဦးမယ်။
“ပျင်းတတ်ခြင်း အနုပညာ” ကို အရင်အပတ်တွေက ပြောခဲ့သလို အခုတပတ်မှာလည်း လာပြန်ပြီ “ဘတ်စကားစီးခြင်း အနုပညာ” ဆိုပြီး မကျေမလည် ပြောနေကြမလားပဲနော်။ တကယ်တော့ ဘ၀နေနည်း အနုပညာ ဆိုပြီး ဆရာမြသန်းတင့်ရေးသားခဲ့ဖူးပါတယ်။ အနုပညာ ဆိုတာ ညီညွတ်ခြင်း၊ မျှတခြင်း၊ ပေါင်းစည်းခြင်း၊ ပေါင်းစပ်ခြင်းနဲ့ မျှဝေခြင်းတွေနဲ့ ပြည့်စုံတဲ့အကြောင်း အရင်အပတ်တွေမှာ ဖော်ပြခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။
ကိုယ်လိုလားရာ ခရီးတခုကို သွားရောက်ဖို့ ဘတ်စကားတွေ၊ အငှားကားတက္ကဆီတွေကို မဖြစ်မနေ သုံးကြရမြဲ မဟုတ်လား။ အဲဒီလို ဘတ်စ်ကားနဲ့ ခရီးသွားရာမှာ မဖြစ်မနေ ကြုံတွေ့ရတတ်တာက ဘတ်စ်ကားသမား တွေရဲ့ မောက်မာရိုင်းပျမှုပဲ ဖြစ်တယ်။ နောက်ပြီး ခရီးသွား အချင်းချင်း စာနာမှု မရှိတဲ့ အပြုအမူတွေလည်း တွေ့ရတတ်တယ်။ တခါတလေ ဘတ်စကား မောင်းသမားနဲ့ စပယ်ယာတွေက ခရီးသွား လူအများ ရှိနေတာကို ဂရုမစိုက်ဘဲ ဆေးလိပ်သောက်နေတာတွေလည်း တွေ့ရတတ်ပါတယ်။ ဘတ်စ်ကားကြပ်ကြပ်ထဲမှာ ချွေးစော်၊ ချေးစော်နံနေတာက တမျိုး၊ ဆေးလိပ်ငွေ့က တထောင်းထောင်းနဲ့ အင်မတန် စိတ်ပျက်စရာ အနေအထားကို ကြုံကြဖူးမှာပါ။
အဲဒီ အချိန်မှာ စပယ်ယာက ရှေ့တိုးလိုက်ပါလား၊ ဘေးကပ်လိုက်ပါလားဆိုပြီး ရင့်ရင့်သီးသီး ပြောတာတွေ၊ ပိုက်ဆံပေးစီးတဲ့ ခရီးသည်တွေကို မောက်မာနေသလောက် ပိုက်ဆံပေးရမယ့် မော်တော်ပီကယ်နဲ့ တွေ့တဲ့အခါ ပြုံးနေတာများ ပါးစပ်က နားရွက်ချိတ်မတတ်။ ဒီလိုတွေကြုံတွေ့ရတဲ့အခါ ပျင်းတတ်တဲ့ တို့လူငယ်တွေ ဘာလုပ်မလဲ။
လောကမှာ အသိစိတ် မရှိတဲ့သူကို “သိဟဲ့ သိဟဲ့” လို့ ပြောပြနေရင် အပိုတွေပဲ ဖြစ်လိမ့်မယ်။ ဒါဆိုရင် ဘာလုပ်မလဲ။ အကောင်းဆုံးက ကိုယ့်ဘ၀ ကိုယ့်လိုလားမှုကို စဉ်းစားနေဖို့ပဲ။ တခြားသူတွေရဲ့ မကောင်းမှုတွေကို တွေးမနေ၊ ခံစားမနေဘဲ ကိုယ့်ဘ၀ ကိုယ်လိုလားတဲ့ ဘ၀အဆင့်ကို စဉ်းစားနေဖို့သာဖြစ်တယ်။ ဒီလို စည်းကမ်းမဲ့ ဘတ်စ်ကားတွေ၊ ကိုယ်ချင်းစာမှုမရှိ ဘတ်စ်ကားသမားနဲ့ စပယ်ယာတွေအကြောင်း စိတ်အရှုပ်ခံ စဉ်းစားမနေနဲ့။ ကိုယ်သွားရမယ့် ခရီးကိုစဉ်းစား၊ ကိုယ်တွေ့ရမယ့် လူအကြောင်း စဉ်းစား၊ ကိုယ်ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်း အကြောင်း စဉ်းစားဖို့ပဲ။
တကယ်လို့ စိတ်အနှောက်အယှက် အကြောင်းကို စဉ်းစားနေမိမယ်၊ ဒါမှမဟုတ် စိတ်ဆိုး ဒေါသထွက်နေမယ် ဆိုရင် တန်ဖိုးရှိတဲ့ စိတ်ကူးစိတ်သန်းတွေ ပျောက်သွားနိုင်တယ်။ ကိုယ်လုပ်ရမယ့် အလုပ်၊ ကိုယ်ပြောရမယ့် စကားတွေ ပျောက်သွားနိုင်တယ် မဟုတ်လား။ တနည်းအားဖြင့် သူတို့ကြောင့် ကိုယ့်ဘ၀ မျှော်လင့် ပုံရိပ် ပျောက်သွားတာပဲပေါ့။
အဲဒီလို ပျောက်သွားတာဟာ ကိုယ့်ရဲ့ အောင်မြင်မှုခြေလှမ်း တလှမ်း နောက်ကျသွားတာပဲ ဖြစ်တယ်။ ဒါကြောင့် ဘတ်စ်ကားစီးနေရင်း တခြားသူတွေရဲ့ အကုသိုလ်အကြောင်းတွေကို ကြည့်မနေဘဲ ကိုယ့်ဘ၀ အောင်မြင်မှု ပုံရိပ်ကိုပဲ စဉ်းစားနေစေချင်တဲ့ အကြောင်း…..။
ပျင်းတဲ့
နိုင်စွမ်း
0 comments :
Post a Comment