နီပေါနိုင်ငံသူ မီရာရိုင် (ဓာတ်ပုံ - Mira Rai facebook) |
မီရာရိုင်ဆိုသော ဆယ်ကျော်သက် အမျိုးသမီးလေးတစ်ဦးဟာ လွန်ခဲ့သော (၁၀)နှစ်ခန့်က နီပေါအစိုးရမှ အလိုရှိခဲ့တဲ့ ပြောက်ကျားစစ်သမီးတစ်ဦးဖြစ်ပါတယ်။ ယခုအချိန်အခါမှာတော့ သူမဟာ နိုင်ငံအတွင်းမှာ အအောင်မြင်ဆုံး အပြေးသမားတစ်ဦး ဖြစ်နေပါပြီ။ တစ်ချိန်က ကလေးစစ်သားတစ်ဦးဖြစ်ခဲ့သူ မီရာရိုင်းဟာ ယခုမှာတော့ နိုင်ငံကျော်အားကစားသမားတစ်ဦး ဖြစ်နေခဲ့ပါပြီ။ သူမကိုတွေ့ဆုံချင်တယ်ဆိုရင်တော့ ကတ်မန်ဒူမြို့တော်ရှိ ဖုန်တစ်လုံးလုံးထနေတဲ့ လမ်းမကြီးရဲ့ဘေးမှာရှိတဲ့ ဘားဆိုင်တစ်ခုကို သွားရမှာ ဖြစ်ပါတယ်။ အဲဒီဘားကို ဦးစီးသူကတော့ ဘယ်လ်ဂျီယမ် ကောင်စစ်ဝန်ဖြစ်ပြီး အင်မတန်မှ ရှားပါးကောင်းမွန် လှတဲ့ ထရစ်ပစ်ဘီယာကို အဲဒီဘားမှာ ရရှိနိုင်ပါတယ်။ သူမဟာ အဖိနှိပ်ခံရတဲ့ မိသားစုဘ၀မှ ထွက်ပြေး လာခဲ့သူဖြစ်ပြီး အဲဒီနောက်မှာတော့ ကမ္ဘာပေါ်မှာ အင်အားအသုံးရဆုံး အားကစားနည်းတစ်ခုဖြစ်တဲ့ အပြေး သမားတစ်ယောက်အဖြစ်နဲ့ မြေတောင်မြှောက်ခြင်းကို ခံခဲ့ရပါတယ်။
ဒီငယ်ရွယ်နုပျိုတဲ့ အားကစားသမားလေးကို တွေ့ဆုံဖို့ လုံလောက်တဲ့ အကြောင်းအရင်း (၂)ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ သူမဟာ မဖြစ်နိုင်တဲ့ ဘ၀တစ်ခုကနေ ၀င်းလဲ့တဲ့ မျက်လုံးတစ်စုံကို ပိုင်ဆိုင်တဲ့ အားကစားသမားတစ်ဦး ဖြစ်နေလို့ပါပဲ။ ဒုတိယတစ်ချက်ကတော့ မီရာရိုင်ဟာ အမျိုးသမီးငယ်တစ်ဦး ဖြစ်နေလို့ပါတယ်။
နီပေါနိုင်ငံဟာ ကျားမ ရေးရာကွဲပြားမှုနဲ့ပတ်သက်လာရင် ပြဿနာရှိတဲ့နိုင်ငံတစ်ခု အဖြစ် မှတ်တမ်းတင်ခြင်း ခံရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲမှ ကမ္ဘာ့ကျားမဆိုင်ရာကွာဟမှု ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၃၆ နိုင်ငံရှိသည့်အနက် နီပေါနိုင်ငံဟာ ညွှန်းကိန်းအဆင့် (၁၂၁)မှာရှိနေကြောင်းသတ်မှတ်ပြီး နီပေါနိုင်ငံမှာ အမျိုးသမီးများကို လူတစ်ဦးတစ်ယောက်ပိုင်ဆိုင်တဲ့ ပစ္စည်းလို့သာ သတ်မှတ်ကြောင်း ဖော်ပြခဲ့ပါတယ်။နီပေါနိုင်ငံအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ မထူးဆန်းတော့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ဖွဲ့စည်းပုံဥပဒေသစ်တစ်ရပ်ကလည်း အိမ်ထောင်မရှိသူ အမျိုးသမီးများအနေနဲ့ ၄င်းတို့ရဲ့သားသမီးများကို နိုင်ငံသားဖြစ်ခွင့် လွှဲပြောင်းပေးခွင့်မရှိဟု ပြဋ္ဌာန်းလာပါတယ်။ ဒီပြဋ္ဌာန်းချက်ကြောင့်လည်း အားကစားကြယ်ပွင့်လေးဟာ စကက်ကို သာမန်ထက်ပိုပြီးဝတ်ဆင်လာခဲ့ပါ တယ်။
နီပေါနိုင်ငံ အရှေ့ဖက်မြေမြင့်ဒေသရှိ စနုဓမာ- ၉ ရွာလေးမှာတော့ မိန်းကလေးများအတွက် အခွင့်အလမ်း ဆိုတာ ဖြစ်ပေါ်လာမလာခဲ့ပါဘူး။ သူ့အစ်ကိုတွေ ကျောင်းမှာစာသင်နေချိန်မှာ ရိုင်ဟာ အိမ်မှာပဲနေပြီး အိမ်အလုပ်များကိုလုပ်ကိုင်ရမယ်လို့ သတ်မှတ်ခြင်း ခံထားရသူဖြစ်ပါတယ်။ ပြီးတော့ သူမဟာ အိမ်ထောင်ပြုပြီး ကလေးတွေမွေးပေးရမယ့် မိန်းကလေးတစ်ဦး သက်သက်သာ ဖြစ်ပါတယ်။ သို့ပေမယ့် ရိုင်မှာတော့ ဒီလိုသတ်မှတ်ချက်တွေနဲ့ ကွဲပြားတဲ့ အတွေးအခေါ်လေးတွေ ရှိနေခဲ့ပါတယ်။ “ကျွန်မဟာ ဒီကနေ သုံးနာရီစာလောက်ဝေးတဲ့ ဈေးကို ပြေးသွားပြီး ဆန်အိတ်တွေဝယ်တယ်။ ပြီးတော့ ပြန်ပြေးလာပြီး အဲဒီဆန်တွေကိုရောင်းပြီး အမြတ်အစွန်းရှာခဲ့တယ်” လို့ မျက်နှာလေး ရှုံ့လို့ ဆိုပါတယ်။ သူမ ပြောဖို့ ကျန်ခဲ့တာကတော့..အဲဒီ ဆန်အိတ်တစ်အိတ်ဟာ (၂၈)ကီလို (ပေါင် ၆၀) အလေးချိန်ရှိပြီး အဲဒီအချိန်မှာ သူမဟာ အသက်(၁၁)နှစ်ပဲ ရှိပါသေးတယ်။
သူမမိဘတွေရဲ့ပြောဆိုချက်အရ သူမ ဆယ်ကျော်သက်အရွယ်ရောက်တော့ အင်မတန်မှပြောဆို ဆက်ဆံရခက်သူဖြစ်လာတဲ့အပြင် အာခံဆန့်ကျင်တဲ့အနေနဲ့ နီပေါနိုင်ငံရဲ့တော်လှန်ရေး ပြောက်ကျားအဖွဲ့ထဲကို ၀င်ခဲ့ပါတယ်။ “ကျွန်မ သူပုန်တပ်ထဲဝင်မယ်လို့ အမေ့ကိုပြောလိုက်တယ်။ အဲဒီနောက် အမေ့ကို (၇)လလောက် အဆက်အသွယ်မလုပ်ဘဲ နေခဲ့တယ်” လို့ သူမက ပုခုံးလေးပင့်လို့ဆိုပါတယ်။ နောက်မှပြန်သိရတာက သူမ မရှိတုန်း သူမရဲ့မိခင်ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သေးတယ်ဆိုတာပါပဲ။ “အမေက အိမ်မှုရေးရာ တွေ မနိုင်မနင်းဖြစ်လို့ ဒီလိုလုပ်မိတာ နေမှာပါ” လို့နောက်နောက်ပြောင်ပြောင် ပြောဆိုခဲ့ပါသေးတယ်။ ဒီလို နောက်နောက်ပြောင်ပြောင် ပြောဆိုနိုင်ခြင်းကိုက အသက် (၂၆)နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ အစွန့်ပစ်ခံ မိန်းကလေးတစ်ဦးကို အားကစားလောကမှာ ထိပ်သီးတစ်ဦးဖြစ်လာအောင် ဆွဲခေါ်သွားနိုင်ခြင်းကို ဖော်ပြလိုက်တာပါပဲ။
(၂၀၀၃)ခုနှစ်က ရိုင် တစ်ယောက် သူပုန်တပ်ထဲကို ၀င်တော့ သူတို့တော်လှန်ရေးတပ်ဟာ စစ်ပြေးနေ ရချိန်ဖြစ်ပါတယ်။ အမေရိကန်၊ အိန္ဒိယနဲ့ ဗြိတိသျှတို့ရဲ့အကူအညီရနေတဲ့ နီပေါစစ်တပ်ဟာ စစ်သွေးကြွနေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကွပ်မျက်မှုတွေ၊ ညှင်ပန်းနှိပ်စက်မှုတွေ၊ ရုတ်တရက်ပျောက်ဆုံးမှုတွေ များလွန်းခဲ့တာမို့ ရိုင် ကတော့ အဲဒီအချိန်ကို “မရေရာမှုတွေဆက်တိုက်ဖြစ်ချိန်” လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ တကယ်လည်း အန္တရာယ်တွေနဲ့ ပြည့်ခဲ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ရိုင် တစ်ယောက် သူပုန်တပ် အတွင်းထဲမှာ သဘောအကျဆုံးအရာကတော့ ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ် အစရှိတဲ့ သူတို့ရဲ့ အားကစားအစီအစဉ်တွေပဲ ဖြစ်ပါတယ်။ “ကျွန်မအတွက်တော့ အံ့မခန်းဖွယ်ယ် အခွင့်အရေးတွေပါပဲ” လို့ သူမက ဆိုခဲ့ပါတယ်။
(၂၀၀၆)ခုနှစ် စစ်ပွဲတွေပြီးသွားတော့ ရိုင်ဟာ အစိုးရဲ့ပြန်လည်သန်စွမ်းရေး အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး အပျော်တမ်းအပြေးပြိုင်ခဲ့ပါတယ်။ သူမရဲ့ပထမဆုံး အပြေးပြိုင်ပွဲကတော့ (၂၁) ကီလိုမီတာတန်း ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူမမှာ ဗိုက်ဖြည့်ဖို့အတွက်တောင် ပိုက်ဆံမရှိတာမို့ အစာမစားပဲ ၀င်ပြေးခဲ့ပြီး ပန်းမ၀င်ခင် မီတာ (၄၀၀)အလိုမှာ မူးလဲသွားခဲ့ပါတယ်။
ကတ်မန်ဒူမြို့ကို သူမပြောင်းရွှေ့လာတော့ ကရာတေး ဆရာတစ်ဦးရဲ့အကူအညီနဲ့ သူမ အပြေးပွဲတွေမှာ ဆက်လက်ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီဆရာဟာ သူမကို ဖုန်းလိုင်းကတဆင့် သင်ကြားပေးခဲ့ပြီး သူမကတော့ အာရှမှာ အဆိုးရွားဆုံး ကတ္တရာလမ်းထဲက တစ်လမ်းလို့ သတ်မှတ်ခြင်းခံရတဲ့ မြို့ပတ်လမ်းမှာ အပြေး လေးကျင့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမ ၀င်ပြိုင်ချင်တဲ့ ပြိုင်ပွဲအမျိုးအစားတွေကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ အားအင်အကုန်ခမ်းဆုံး ကီလိုမီတာ (၈၀)ကျော် ပြိုင်ပွဲများနဲ့ ကျောက်တောင်တန်းများပေါ်မှာ ပြေးရတဲ့ ခရီးကြမ်းအပြေးပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သူမရဲ့ပထမဆုံး ပြိုင်ပွဲကတော့ မတ်လ (၂၀၁၄)မှာ ပါဝင်ခဲ့တဲ့ ကတ်မန်ဒူရွာရဲ့ ကီလိုမီတာ (၅၀)ခရီးရှည်ပြိုင်ပွဲပဲ ဖြစ်ပါတယ်။နည်းပြကြေး (၄)ဒေါ်လာ (၂.၆ စတာလင်ပေါင်) အတွက်အစာငတ်ခံခဲ့ရပါတယ်။
ဂျပန်နိုင်ငံမှအပြေးသမား မီကီ အပရီတီ ကတော့ “ သူမဟာ အင်မတန်မှ ဆင်းရဲဒုက္ခခံခဲ့ရပြီး ပံ့ပိုးခြင်းကို မခံရတဲ့ အပြေးသမလေးဟာ တောတောင်ထဲမှာ ပြေးနေတဲ့ မှင်စာကောင်လေးတစ်ကောင်းနဲ့တူပါတယ်”လို့ ရိုင် ကို မှတ်ချက်ပေးခဲ့ပါတယ်။ ပြိုင်ပွဲရဲ့တစ်ဝက် သူမူးမလဲတဲ့ နေရာရောက်တုန်းက သူမဟာ ရူပီး (၅၀) (အမေရိကန် ပြား၅၀) ချေးပြီးတော့ ခေါက်ဆွဲပြုတ်နဲ့ လိမ္မော်ရည်တစ်ကာတွန် ၀ယ်သောက်ခဲ့တယ်။ ပြီးတော့ သူမ ဆက်ပြေးတယ်။ နောက်တော့ သူမ အဲဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တယ်။”
အပြေးပြိုင်ပွဲများကို စီစဉ်သူ ရစ်ချက်ဘူးလ်ကလည်း “သူမကိုတွေ့တဲ့အခါ တကယ့်စွမ်းရည်ရှိတဲ့ လူငယ် တစ်ယောက်ကို ကျွန်တော်ရှာတွေ့ပြီဖြစ်ကြောင်းချက်ချင်းသိလိုက်ရတယ်။ လေ့ကျင့်မှုတွေ အဆက်မပြတ်ရဖို့ ဘာလိုအပ်လဲလို့ သူကို ကျွန်တော်ကမေးတော့ အစားအသောက် စားရဖို့အတွက် ငွေရရင်ပြီးပါပြီလို့ ပြန်ဖြေတယ်”လို့ ရစ်ချက်ဘူးလ် က ဆိုပါတယ်။ ဘူးလ်ရဲအားပေးလှုံ့ဆော်မှုကြောင့် ရိုင် ဟာ နီပေါနိုင်ငံရဲ့ ကီလိုမီတာ ၂၀၀တန်း ရှိတဲ့ မက်စတန်းတောင်ကြားအပြေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘူးလ်ဟာ သူမကိုဥရောပကိုပို့ပြီး ပြိုင်ပွဲဝင်ခိုင်းဖို့ အစီအစဉ် စတင်ရေးဆွဲပါတော့တယ်။ “အဲဒီအချိန်ဟာရင်မောရတဲ့အချိန်ပါပဲ။ သူမရဲ့ပြည်ဝင်ခွင့် ဗီဇာဟာ လေယာဉ်မထွက်မီ (၆)နာရီအလိုမှ ရခဲ့တယ်လေ။ အဲဒီအချိန်ရောက်မှ သိရတာက ရိုင်ဟာ တစ်ခါမှလေယာဉ်မစီးဖူးသေးဘူးဆိုတာပါပဲ” လို့ ရစ်ချက်ဘူးလ် ကဆိုပါတယ်။
အဲဒီနောက်မှာပဲ ရိုင်ဟာ အောင်မြင်မှု ဆက်တိုက်ရရှိခဲ့ပါတယ်။ ဟောင်ကောင်မှာ ပြုလုပ်တဲ့ ပြိုင်ပွဲတွေနဲ့ အခြားသော ပြိုင်ပွဲ (၇) ပွဲမှာ ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ (၈၂)ကီလိုမီတာတန်း ဘလန့်ခ်တောင်ပေါ် ကမ္ဘာ့အပြေးပြိုင်ပွဲ အစီအစဉ်မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အဲဒီပြိုင်ပွဲဟာ ကမ္ဘာ့အခက်ခဲအကြမ်းတန်းဆုံးအပြေးပြိုင်ပွဲပါ။ ဒုတိယရရှိသူရဲ့ ၂၁ မိနစ်စောပြီး ပန်းဝင်ခဲ့လို့ ဆုရရှိပြီးအိမ်ပြန်လာနိုင်ခဲ့ပါတယ်။ ထောက်ပံ့မှုတွေကြောင့် နီပေါနိုင်ငံမှာ နာမည်အကျော်အကြားဆုံးသူ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရယ်ကြောင့် မီရာရိုင်ရဲ့ ရှေ့ရေးဟာ လင်းလက်တောက်ပလို့ နေပါတယ်။ အဲဒီလိုမှတ်ချက်ပေးတော့ ရိုင် ဟာရယ်မောလို့ နေပါတယ်။ ဒါပေမယ့် သူမရဲ့အပြုံးကတော့ တောက်ပတဲ့ အနာဂတ်ကို လက်ခံလိုစိတ်မရှိကြောင်း ဖော်ပြနေပါတယ်။ “အခုတော့ အနာဂတ်ကိုရှောင်ပြေးဖို့ စတင်နေပါပြီ” လို့ ရိုင် ကဆိုပါတယ်။
ခင်အေးမြလွင်
ကိုးကားသတင်း။ ။http://www.bbc.com/news/magazine-34704385
0 comments :
Post a Comment