တီဗီ ဖန်သားပြင်ပေါ်မှာတော့ အမေက အေးဆေးငြိမ်သက်စွာဖြင့် သားအလာကို ထိုင်စောင့်နေသည်။
အမေ့ ရင်တွင်းက လှုပ်ရှားမှုကိုတော့ အမေအချင်းချင်းသာ ရိပ်မိနိုင်လိမ့်မည်။ ၁၀ နှစ်ကျော် ခွဲထားရစ်ခဲ့ရသည့် သားငယ်ကို ပြန်တွေ့ရမည့် မည်သည့် အမေမဆို စိတ်မလှုပ် ရှားဘဲ နေမည်မဟုတ်ပါ။ အမေ ... ဆိုတာ အမေပဲ မဟုတ်လား။ တတိုင်းပြည်လုံးကို ပုခုံးထမ်းထားသည့် အမေလည်း အမေပါပဲ။ ထို အမေက ပိုပြီး အမေဆန်နေ လိမ့်မည်ပေါ့။
အမေနှင့်သား တွေ့ဆုံမှုကို ရုပ်ရှင်ဆန်စေချင် သူများ ရှိနေပေလိမ့်မည် ...။
“အမေ” ဟု တယောက်က ခေါ်လိုက်စဉ် “သား” ဟု တယောက်က ခေါ်ပြီး စလိုးမိုးရှင်းပြေးသွား ... ထို့နောက် တယောက်ကိုတယောက် တင်းကျပ်စွာ ပွေ့ဖက်၊ ထို့နောက် လူကောင်ထွားထွားသားက သေးညှက်ညှက် အမေ့ ကိုယ်လေးကို ချီမြှောက် ..။
ထို ကိစ္စများ ဘာမှ မဖြစ်လိုက်ဘဲ အမေနှင့်သား တွေ့ဆုံမှုက ရိုးရိုးကလေး ပြီးပြည့်စုံသွားသည်။
အမေက သားလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ အမေက “သိပ်ပျော်တာပဲ၊ ကျမ တကယ်ကို ပျော်တယ်” ဟု ပြောနေသည်လား။ အမေ့မျက်လုံးတွေက “ပျော်တယ်” ဆိုသည့် စကားလုံးများထက် ပို ပျော်နေသည်။
ကျမကတော့ အမေနှင့်သား ကိုယ်စား အတွေးများဖြင့် အလုပ်ရှုပ်နေသည်။
တဒင်္ဂတွင်တော့ အမေ့အလုပ်တွေကို အမေ မေ့ထားချင်ပေလိမ့်မည်။ အမေ့ တာဝန်တွေက များလွန်းလှပေမယ့် သား အတွက်တော့ အရိုးရှင်းဆုံး အမေပဲ ဖြစ်ချင်လိမ့်မည်။ အမေကိုယ်တိုင် လုပ်သည့် ရေခဲမုန့်လေး တခွက် ဖြစ်ဖြစ် သားကို ကျွေးချင် နေမှာပဲ။ အမေတိုင်း အမေတိုင်း သားတွေကို အကောင်းဆုံး ကျွေးချင်ကြသည် မဟုတ်လား။ အမေ့လက်ရာ ဆိုတာ ကလည်း သားတွေအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး မဟုတ်လား။
“အမေ့လက်ရာ ထမင်းသုတ်”
“အမေချက်သည့် ခရမ်းချဉ်သီး ငါးပိချက်ကလေး”
“အမေ့ မုန့်ဟင်းခါး”
ကျမတွေ့ဖူးသည့် သားတိုင်း သူတို့အမေလက်ရာတွေကို တမ်းတသံ ကြားဖူးသည်။ အမေ့လက်ရာမှာ မေတ္တာတွေပါသည်။ ဒီ အမေကကော သူ့သားကို ဘာတွေ ပြင်ဆင်ကျွေးမှာပါလိမ့်။
ဒါမှမဟုတ် သူတို့အမေများနှင့် တွေ့ဆုံခွင့်မရနိုင်သည့် ကံမကောင်းသော သားတချို့အတွက် ဝမ်းနည်းစိတ်ဖြင့် “အမေက သူတို့အတွက် အလုပ်လုပ်ရဦးမှာ သားရဲ့” ဟု ဆိုလေမလား။
သားကကော ...။ အမေ့ပုခုံးပေါ်က တာဝန်များအတွက် မချင့်မရဲ ဖြစ်နေမလား။ သားအတွက် အချိန်မပေးခဲ့သည့် အမေ့ကို အပြစ် နည်းနည်းလောက်ဖြစ်ဖြစ် တင်ချင်နေမလား။ အမေ့ နားက လူအားလုံးကို ခပ်ဝေးဝေး သွားနေခိုင်းပြီး သားတယောက်တည်း အမေ့နားမှာ၊ အမေ့ရင်ခွင်မှာ နေချင်လေမလား။
သား အမေက … တခြားအမေတွေနဲ့ တခြားသော သားတွေ နောက်ထပ် … နောက်ထပ် မဝေးကွာစေရေးအတွက် သားကို ချန်ထားခဲ့ရတယ် ဆိုတာ၊ သားနဲ့ နှစ်ပေါင်းများစွာ အကွဲကွာ ခံခဲ့ရတယ်ဆိုတာ သိသိကြီးနဲ့ပဲ မကျေမနပ် ဖြစ်နေလေမလား။
ဒါမှမဟုတ် … အမေ့အပြုံးကို ခဏလေးမြင်လိုက်ရုံနဲ့ အားရှိကြတဲ့ တခြားလူတွေလိုပဲ သားလည်း အားတွေ ပြည့်လျှံသွား ပြီလား။ ထူးအိမ်သင်ရဲ့ အမေ့အိမ် ထဲကလို အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်မှာ အဝေးဆုံးက အမေ့ဆီ ပြေးလာခဲ့တာလား။
ဒါမှမဟုတ် … ငြိမ်းချမ်းရေးအတွက် တချက်ကလေးမှ မငြိမ်းချမ်းရတဲ့ အမေ့ကို သားရဲ့ အပြုံးတပွင့် လာပေးတာလည်း ဖြစ်နိုင်ရဲ့။ သားတို့ရုပ်ရည် သီတာမည်သား … လို့ ဆိုသည် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီနေ့တနေ့တော့ အမေ့အတွက်သား … သားအတွက်အမေ ဖြစ်ခွင့်ရပြီလေ။
ကျမအတွက်တော့ ဒီအမေနဲ့ ဒီသားရဲ့ တွေ့ဆုံခြင်းက တခြားသော အမေတွေနဲ့ သားတွေ တွေ့ဆုံဖို့ ရှေ့ပြေးနိမိတ်ကောင်း၊ တခြားအမေတွေနဲ့ တခြားသားတွေရဲ့ ဆုံဆည်းခြင်း ရှေ့ပြေး ရောင်ခြည်ဟု ယုံသည်။
အမေများနှင့် သားများ၏ ဆုံဆည်းမှု ကြောင့်သာ ကမ္ဘာကြီးက ပိုလှလာတတ်သည်။ ကွဲကွာနေသည့် အမေများနှင့် သားများ အမြန်ဆုံး ဆုံဆည်းကြစေ ချင်ပါသည်။ ။
အေးချမ်းမြေ့
ဟုတ်တယ်ဗျာ၊ အမေနဲ့ခွဲနေရတာ နှစ်တွေကြာလှပေါ့..
ကျနော်လည်း အမိမြန်မာပြည်ကြီးမှာ အမေနဲ့ပြန်နေချင်ပြီ...
အမေ့ကို အရမ်းချစ်သလို၊ မြန်မာပြည်ကိုလည်း အရမ်းချစ်တယ်...