ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့ ဖော်ပြမိလို့ဆိုပြီး မနေ့ကတော့ The Messenger သတင်းဂျာနယ်ကို နောက်ဆက်တွဲတင်ခွင့်ပိတ်ပြီး အရေးယူလိုက်ပါတယ်တဲ့။
တခါတလေလည်း စဉ်းစားမိတယ်။ ကျော်ဆန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ မီဒီယာတွေမှာ ပိတ်ပင်တားဆီးနေတာမှာ သူတို့ အစိုးရမူအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ လုပ်နေတယ်လို့ ထင်မိပါတယ်။
နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြဆုံကြတော့၊ တခြားဝန်ကြီးတွေနဲ့ ရယ်ရယ်မောမော ရှိကြတော့ ကျော်ဆန်းက မျက်စိမျက်နှာ ပျက်နေတယ်လို့ ပြောကြပါတယ်။
ဒီနေ့ ပြန်ကြားရေးဝန် ကျော်ဆန်း ပြောသွားတာမှာ မိမိ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့်အတွက် “အခြေခံဥပဒေနဲ့ အညီ” ဖြစ်အောင် ပြင်ဆင် ဖြည့်စွက်ရုံမက အသစ်ပါ ပြဌာန်းဦးမယ်လို့ ဆိုပါတယ်။ ပြီးတော့ ၈၈ အရေးအခင်းကာလကလို အခွင့်အရေးမျိုး ရမှာ မဟုတ်ပါဘူးတဲ့။ “စာပေစိစစ်ရေးရဲ့ အခန်းကဏ္ဍကလည်း လိုအပ်နေဆဲ” လို့ ပြောသွားပါတယ်။
သူတို့ စာပေစိစစ်ရေးလုပ်နေတယ်ဆိုတာ “မီဒီယာကို ထိန်းကြောင်းပေးနေတာ” ဆိုတဲ့ စကားက သူတို့ စာပေကင်ပေတိုင်သမားတွေရဲ့ လက်သုံးဖြစ်ပါတယ်။ ဗိုလ်ချွတ်တွေကနေ နေ့ချင်းကြီးလာပြီး မီဒီယာသမားတွေ ငါတို့လောက် မသိဘူးလို့ ထင်တလုံးဖြစ်နေကြတဲ့ အဖွဲ့ကတော့ ပြန်ကြားရေးနဲ့ စာပေဆင်ဆာ အဖွဲ့ပါပဲ။ မီဒီယာကို ထိန်းပေးနေတာဆိုတဲ့ အကြောင်းပြချက်က သူတို့အစိုးရရဲ့ အပြစ်အနာအဆာတွေကို ပြည်သူတွေ မသိအောင် သတင်းအချက်အလက်တွေကို ဖာထေးခုတ်ဖြတ်နေရတာကို ဖုံးကွယ်ထားချက် သက်သက်ဆိုတာပါပဲ။
ဆင်ဆာဖြတ်ခံရတာကို လူ့အခွင့်အရေး ချိုးဖေါက်ခံရတာလိုမျိုး ခံစားနေရရင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဆိုလား ဖွဲ့ပြီးပြီတဲ့။ သူတို့က အရေးယူပေးပါလိမ့်မယ်ဗျာ။ မီဒီယာကိုများ သူက ထိန်းကျောင်းပေးဦးမတဲ့။ အတော်လာတဲ့လူ။