ဗိုလ်ဖိုက်တာ
(အပိုင်း ၁ နှင့် အပိုင်း ၂ ဖတ်ရန်)
ကပ်ဖား ရပ်ဖားဘ၀ရယ် အဖေ့ကျောင်းရယ် …။
ကျနော် ဗိုလ်ဖိုက်တာဟာ၊ စစ်ပြေးဘ၀ရောက်ခါစ တညနဲ့ တနံနက်မှာ၊ စစ်ရဲ့အနိဋ္ဌာရုံကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတယ် ခင်ဗျ။ ခံစားချက်ဖြင့် သိရှိနားလည်ခဲ့ရတယ်ခင်ဗျ။
ဒါကြောင့် ဆယ်ကျော်သက် အရွယ်ကတည်းက စစ် ဆိုတာ ကြောက်မက်၊ ထိတ်လန့်၊ ချောက်ခြား၊ တုန်လှုပ်၊ စက်ဆုပ်စရာ ကြီးပဲလို့ နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာ စတင် သန္ဓေတည်ခဲ့တော့တာပေါ့ဗျာ။
အခု စစ်ဘေး၊ စစ်ဒဏ်ကြောင့် အဖွားတို့အိမ် ရောက်လာရပြီ။ ဒီချိန်ခါမှာ အဖေ့ထံမှ စကားလုံး အသစ်အဆန်းများကို ကြားလာရပါတယ်။
“လူလေး..ကိုယ့်ဘ၀ကိုယ်သိရမယ်။ အဖေတို့ရဲ့လက်ရှိဘ၀က ကပ်ခို၊ ကပ်မြှောင်၊ ကပ်နေ၊ ကပ်စား၊ ‘ကပ်ဖားရပ်ဖား’ ဘ၀ပဲ။ ထိုးထိုးထောင်ထောင် မနေရ။ အိမ်မှုကိစ္စမှန်သမျှကို အလိုက်သိတတ်စွာနဲ့ လုပ်ကိုင်ပေးရမယ်။ ထင်းခွေ၊ ရေခပ်၊ တံမျက်လှည်း က အစ ထမင်းချက်၊ ပန်းကန်ဆေးတာတွေကိုပါ ၀ိုင်းကူရမယ်။”
အဖေ က ပြောလက်စ စကားကိုရပ်လိုက်ပြီး တစုံတရာကို စဉ်းစားချိန်ဆ နေပုံပါပဲ။
“တခါတခါ အဖွားရဲ့ ချွေးမ၊ မင်းရဲ့ ဒေါ်လေးမေ မှာ အခန့်မသင့် အဖုအထစ်လေး ရှိခဲ့ရင် `တလုပ်စားဖူးသူ့ကျေးဇူး´တဲ့၊ ကျေးဇူးသိစိတ်နဲ့ ကိုယ့်ကိုယ်ကို`ဖြေလျှော့ပြေ´ရမယ် လူကလေး။”
အဖေ က ယခုလေးပင် သူပြောခဲ့တဲ့စကားထဲက စကားတလုံးချင်းရဲ့ အဓိပ္ပာယ်ကို လူလားမမြောက်သေးတဲ့ ကျနော် ဗိုလ်ဖိုက်တာ နားလည်အောင် နောက်ထပ်စိတ်ရှည်လက်ရှည် အနုစိတ်ရှင်းပြခဲ့ပါသေးတယ်ခင်ဗျ။
စစ်မက်ကြောင့်ကျောင်းတွေပိတ်ထားရတဲ့ကာလမှာ၊ ကျနော် ဗိုလ်ဖိုက်တာတစ်ယောက်ကတော့ “အဖေ့ကျောင်း” မှာ နှုတ်ပြော သင်ခန်းစာတွေကို အခါအားလျော်စွာ ဆည်းပူးခွင့်ရနေလို့ တော်ပါသေးရဲ့။
“လူလေးဗိုလ်ဖိုက်တာ စစ်ကပေးတဲ့ ဒုက္ခကို လူကလေးတွေ့ကြုံခံစားရတာဟာ အမြည်းလေး၊ အကင်းလေးပဲ ရှိပါသေးတယ်ကွာ။ အဖေကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ စစ်ဘေးဒုက္ခတွေကို ဆရာစံသူပုန်ခေတ်ကနေ စပြီး ပြောပြမယ်။”
အဖေ့ပြောပြချက်အရ သိရတာက ကိုလိုနီနယ်ချဲ့ ဗြိတိသျှအစိုးရရဲ့ ဒဏ်ကိုမခံနိုင်လွန်းလို့ သာယာဝတီဆရာစံက သူပုန်တပ်ဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါသတဲ့။ ဂဠုန်တပ်ဖွဲ့ လို့ နာမည်တပ်ခဲ့တယ်။
တုတ်၊ ဓါး၊ ဒူးလေးကစလို့ ရရာလက်နက်နဲ့ ဗြိတိသျှအစိုးရဲ့ သေနတ်ကိုင်တပ်ဖွဲ့တွေကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ပြီး သူပုန်ထခဲ့သတဲ့။ ရန်သူ့ဆီက သေနတ်ကိုတောင် ရအောင်သိမ်းယူနိုင်ခဲ့ပါသတဲ့။
“လူလေး ဗိုလ်ဖိုက်တာရေ့။ အဲဒီဂဠုန်တပ်ဖွဲ့ရဲ့ ဂုဏ်ရှိန်က ကြီးလွန်းလို့ နောင်တချိန်မှာ ဦးစောက `ဂဠုန်´ဆိုတဲ့ ဘွဲ့ဂုဏ်ကို ဘာမဆိုင် ညာမဆိုင် အချောင်နှိုက်ပြီး သူ့ကိုယ်သူ“ဂဠုန်စော” လို့ ခေါ်ဝေါ်သမုတ် ဟိတ်ထုတ်ခဲ့တာ။”
အိုး … ဂဠုန်စော မလိမ့်တပတ် ပုံမှားရိုက်ရလောက်အောင် ဆရာစံရဲ့`ဂဠုန်´က ဂုဏ်တင့်ခဲ့ပေသကိုး။
“ဒါပေမယ့် လူလေးဗိုလ်ဖိုက်တာ၊ လက်နက်ချင်းက ကွာလွန်းမက ကွာနေတော့၊ ဆရာစံရဲ့ ဂဠုန်တပ်ဖွဲ့တွေ အရေးနိမ့်ခဲ့တယ်။ ဆရာစံနဲ့ တပည့်တချို့ အသတ်ခံရတယ်။ ကိုလိုနီနယ်ချဲ့ ဗြိတိသျှအစိုးရက ဆရာစံတို့ရဲ့ ခေါင်းတွေကို ဖြတ်ပြီးအများမြင်အောင်ပြသခဲ့တယ်။”
အဖေဟာ ဒီစကားကို ပြောနေစဉ်မှာ မျက်နှာကြီးနီရဲလာခဲ့တယ်။ ညာဘက်လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ဇတ်ခနဲမြှောက်လိုက်ပြီး မာန်ပါပါနဲ့ ပြောလိုက်ပါတယ်။
“ဒို့တိုင်းရင်းသားပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ကြေမွ ပျက်သုဉ်းစေလိုတဲ့ သဘောနဲ့ ခြောက်လှန့် ချေမွှပြလိုက်တာပဲ။ လက်နက်အားကြီးတဲ့ရန်သူက ဘယ်လိုပင်ခြောက်ခြောက်၊ ဒို့တိုင်းရင်းသား ပြည်သူတွေက မကြောက်ခဲ့ဘူး။ ဟင်းချက်စားတဲ့ငါး `ငါးဖယ်လို ထုလေ၊ မာလေ´ ပဲကွ။ အေး `နေသေးသပ၊ ခြုံထဲက ချိုသွေးလို့ တမြမြ´ ပေါ့ကွာ။”
ဒီအကြောင်းတွေကို ကြားရတော့ ကျနော် ဗိုလ်ဖိုက်တာ စိတ်ထဲခံပြင်းခဲ့ရပါတယ်။ အဲဒီခံပြင်းစိတ်ကြောင့်၊ `ငါ့တိုင်းပြည်၊ ငါ့လူမျိုး´ ဆိုတဲ့ သိစိတ်က ကျနော် ဗိုလ်ဖိုက်တာ့နှလုံးသားထဲမှာ စတင်ကိန်းအောင်း အမြစ်စွဲလာခဲ့ပါတော့တယ်။
ဒီ ပြည်ချစ်၊ မျိုးချစ်စိတ်ကို ကျစ်လျစ်၊ ခိုင်မာ၊ ကြီးထွားလာအောင် ရေလောင်း
ပေါင်းသင်ပေးလိုက်တဲ့ ခေတ်တခေတ်နဲ့ ကြုံခဲ့ရပါသေးတယ်။ အဲဒီခေတ်က အတွေ့အကြုံနဲ့ ခံစားချက်က ကျနော်ဗိုလ်ဖိုက်တာကို အထူးအခြား ထပ်ဆင့်ပြီး ပုံသွင်း၊ ပုံဖော်တာကိုလည်း ဆက်လက်တင်ပြပါ့မယ်။
(ဆက်လက်ဖော်ပြပါမည်)
ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတင်နည်းနည်း ကတော့ မကောင်းဘူးပေါ့။ တစ်ခါတင်များများလေးတင် ပေးပါ။