ဘယ်သူတွေ ဘာပြောပြော ဧရာဝတီမြစ်ဆုံ စီမံကိန်းကိုတော့ ဆက်လုပ်မှာပဲလို့ ကန့်ကွက်နေတဲ့ ပညာရှင်တွေနဲ့ အနုပညာရှင်တွေကိုမှ အားမနာဘဲ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက အစိုးရကိုယ်စား ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောတာပါ။ (မူရင်း Source - Eleven Media Group)
Eleven Media Group ရဲ့ သတင်းမှာ “အခု တစ်လလောက်အတွင်းမှာ ဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခု ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ် ...... ဒီလုပ်ငန်းကို ကျွန်တော်တို့ စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခု မေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်” လို့ ဦးဇော်မင်းက ပြောကြောင်း ရေးထားပါတယ်။
ဦးဇော်မင်းရဲ့ ပြောဆိုချက်မှာ ဘီလူးချောင်း၊ ပေါင်းလောင်းချောင်းနဲ့ ဒုဋ္ဌဝတီမြစ်တွေကို ကိုးကားပြီး ပြောသွားပါတယ်။ အဲဒီချောင်းတွေလည်း ရေအားလျှပ်စစ်လုပ်ငန်းတွေ လုပ်ထားတာပဲ၊ ဘယ်မှ မြစ်တွေ ပျက်စီးသလဲ ပေါ့။
မြစ်ဆုံစီမံကိန်း အကဲဖြတ်လေ့လာရေး အစီရင်ခံစာ ပေါက်ကြားတာကိုလည်း ပြစ်တင်ပြောဆိုသွားပါတယ်။ သူတို့က BANCA ကို ပိုက်ဆံပေးငှားပြီး လုပ်ခိုင်းတာ၊ အစီရင်ခံစာကို သူတို့ကိုပဲ ပေးရမယ်၊ လျှို့ဝှက်ရမယ်လို့ ထည့်ပြောသွားပါတယ်။
ပြီးတော့ ဒီလိုလည်း ကိုယ်ရည်သွေးတီးလုံး တီးပြီး ဝန်ခံသွားပါတယ်။
“သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ”
ငါ့ထက်ပိုပြီး သိနိုင်တဲ့သူ မရှိတော့ဘူး တဲ့လား လျှပ်စစ်ဝန်လေး ကိုဇော်မင်းရယ်။ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများတဲ့၊ ပြောတတ်လိုက်တာနော်။ ပုံကြီးမချဲ့နဲ့နော်။ လျှပ်စစ်ဝန်လေး ဓါတ်လိုက်နေဦးမယ်။